အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
910

အခန်း(၂)

“မင်းနာမည်က အဆန်းကွ..သတင်းစာနာမည်ပါလား”

“ဟုတ်တယ်..ကျွန်တော့်ကို ကိုမွေးတုန်းက ကလေးအနှီးမရှိလို့ ကြေးမုံသတင်းစာနဲ့ ခဏပတ်ထားရလို့ ကြေးမုံလို့ ခေါ်တာလို့ အမေက ပြောတာပဲ”

“ကြံကြံဖန်ဖန်ကွာ..တယ်မိတဲ့နာမည်ပဲ”

ကြယ်နီနဲ့ ကြေးမုံ စတင်သိကြသည်က သံတံတားမပု ၏ ပြည့်တန်ဆာအိမ်တွင် ဖြစ်သည်။

ကြည့်မြင့်တိုင်ဘူတာ သံတံတားနှင့် ဇလွန်လမ်းကြားရှိ မီးရထားပိုင်မြေပေါ်တွင် ရှိသည့် သစ်သားအိမ်မဲမဲကြီး။

ထိုနေရာသည် ရန်ကုန်မြို့၏ အသွေးအသားရောင်းဝယ်ရာစျေးကွက်ကြီးထဲမှ နာမည်ကျော် သံတံတားမပု၏ နန်းတော်ပင်။

ကြေးမုံကို ထိုနန်းတော်၏ နောက်မှ တဲတန်းကလေးတွင် မွေးဖွားခဲ့သည်တဲ့။

ကြေးမုံ၏ မိခင် မမြင့်ဝင်းသည် ထိုခေတ်က နာမည်ကျော်ဟောလီဝုဒ်မင်းသမီး ဆိုဖီယာလော့ရင်နှင့် တူသည့်အတွက် ဆိုဖီယာလော့ရင်ဟု အမည်တွင်သည့် မပုဘိ၏ နာမည်ကျော်ပြည့်တန်ဆာတစ်ယောက်။

ကြေးမုံ အဖေ မည်သူဆိုတာ မသိ။

ကြေးမုံ ကျောင်းကို ခြောက်တန်းအထိ တက်ခဲ့သည်။

သို့သော် ကြေးမုံကျောင်းမပျော်။

ကျောင်းမပျော်သလို အိမ်မှာလည်းမပျော်။

ကြေးမုံပျော်သည်က စမ်းချောင်းရဲ့ လမ်းပေါ်မှာ။

ကြည်မြင့်တိုင်ဘူတာရဲ့ မှောင်ရိပ်တွေမှာ။

ကြေးမုံပေါင်းမိတာက ရှားမီးသကြားလုံးတို့ ပူရှိန်းတို့ ရောင်းသည့်လမ်းဘေးပျံကျကလေးတစ်အုပ်။

ကြံတောထဲကနေ မြို့ပတ်တွေပေါ် စျေးလိုက်ရောင်းတဲ့ ဧရာက ကြေးမုံရဲ့ ငယ်သူငယ်ချင်း။

သူတို့ချင်းတွဲဖော်တွဲဖက်။

ကြယ်နီက ရန်ကုန်က ဘတ်စ်ကားတွေပေါ်မှာ အလုပ်လုပ်ပြီးပြီးဆို ကြည့်မြင်တိုင်ဘူတာကနေပဲ အင်းစိန်ကို ပြန်လေ့ရှိသည်။

မပုကြီးဘိ တွင် သိခဲ့သည့် ကြေးမုံလေးကို ဆေးခြောက်ဖန်တီးခိုင်းသည်။

ကြေးမုံတို့ကလေးတွေအတွက်ကတော့ အဝယ်ရအလွယ်ဆုံးက ဆေးခြောက်။

အစိုးရက ဟိုပစ္စည်း ဒီပစ္စည်းတွေကို ထိန်းချုပ်ထားပေမယ့် ဆေးခြောက်ကတော့ ထိုသို့မဟုတ်။

ဗားဂရာအနောက်ဘက်ရပ်ကွက်က ဆေးခြောက်စျေးကွက်အကြီးကြီး။
ကြည့်မြင်တိုင် နတ်စင်လမ်းတစ်လျှောက်ကလည်း ဆေးခြောက်ပလာဇာလို့တောင်ပြောလို့ရမည့်ထင်။

ကြေးမုံတို့က ကြယ်နီအတွက် ဆရာကြီးဟုခေါ်သော ဆေးခြောက်ကို ဖန်တီးပေးလျှင် ကြယ်နီက ပိုသည့်ငွေကို မုန့်ဖိုးအဖြစ်ပေးလေ့ရှိသည်။

ကြယ်နီ စတိုင်လ်ကိုလည်း ကြည့်ဦး။

တက်ထရွန်အင်္ကျီနဲ့..ဖင်ကြပ်ဘောင်းဘီနဲ့။ တစ်ခါတလေကျ တိုက်ပုံအနက်နဲ့ ဆိတ်ခွံပုဆိုးနဲ့။

ကိုကြယ်နီ ကို ခါးပိုက်နှိုက်မှန်း ကြည်မြင့်တိုင်ဘူတာက သူတို့တစ်အုပ်စုလုံး သိကြသော်လည်း မည်သူကမျှ ကြယ်နီတပည့်ခံမည် စိတ်မကူး။
စိတ်ကူးမိသည်က ကြေးမုံ။

ကြေးမုံ စိတ်ကူးကို အကောင်ထည်ဖော်ပေးသူက သံတံတားမပု။

“ဟဲ့…ကြယ်နီ..နင့်အလုပ်မှာ အလုပ်သင်အကူလေးဘာလေးလိုရင် ဒီကလေး ခေါ်သွားပေးပါဟယ်.. သူကလည်း နင်နဲ့ လိုက်လုပ်ချင်တယ်တဲ့”

“ကျွန်တော့်အဖွဲ့ထဲလည်း ရှေ့ကျားတစ်ကောင် တစ်လောက ဆေးခြောက်မှုနဲ့ ဖမ်းခံလိုက်ရလို့ လူတော့လိုနေတယ်….အင်း…မင်း အသက် ဘယ်လောက်လဲ..ကြေးမုံ”

“၁၂ နှစ် ကိုကြယ်နီ”

“ငါနဲ့ တကယ်လုပ်မှာလား….အဆင်ပြေရင်ပြေသလို မင်းဝေစု ရမယ်”

ကြေးမုံဟာ ကိုကြယ်နီနောက်လိုက်ပြီဆို ဘာလုပ်ရမယ်ဆိုတာ သိပြီးသားပဲ။

“လုပ်မယ်လေ..ကိုကြယ်နီ..ဟိုကောင် ဧရာကလည်း အကိုနဲ့ လိုက်ချင်တယ်တဲ့”

ဆိုဖီယာလောရင့် ဟုခေါ်သော မမြင့်ဝင်းကတော့ သူ့ရဲ့တစ်ဦးတည်းသောသားလေး ဆရာကောင်း၊ သမားကောင်းနှင့် အလုပ်ကောင်းအကိုင်ကောင်းရသွားသည်ကို မျက်နှာချေအဖွေးသားဖြင့် ကြည့်ရင်း ကြည်နူးနေသည်။

ထိုသို့နှင့် ကြေးမုံသည် ခါးပိုက်နှိုက်အလုပ်သင်ကလေး စဖြစ်လာသည်။

ကြေးမုံတို့ စလုပ်ရသည်က ရှေ့ကျား။

ထိုကာလ ခါးပိုက်နှိုက်အဖွဲ့များတွင် ရှေ့ကျား၊ ခါးမင်းသား ၊ နောက်ကျား၊ရံကောင် ဟု အုပ်စုဖွဲ့ထားရသည်။

‌ရှေ့ကျား အလုပ်က ဘာလဲ။

ဘတ်စ်ကားပေါ်တွင် ဖားလို့ ခေါ်သည့် ပစ်မှတ်ရှိသည့်နေရာတဝိုက်ကို မကျပ်ကျပ်အောင် ဇွတ်ဝင်တိုးပေးရခြင်းဖြစ်သည်။

ရှေ့ကျားက အတင်းဝင်တိုးနေသည့်အခါ ဖား၏ အာရုံက ရှေ့ကျားနှင့် လူကြပ်သည့်ထံ ရောက်နေချိန် ခါးမင်းသားဟု ခေါ်သည့် ခေါင်းဆောင်က ဝင်နှိုက်၊ ဝင်ခွဲ ကာ ငွေသို့မဟုတ် ပစ္စည်းကို ယူရသည်။

ထို့နောက် နောက်ကျားထံ လက်ဆင့်ကမ်းရ၏။

နောက်ကျားက ကားအရှိန်လျော့သည်နှင့် ခုန်ဆင်း သို့မဟုတ် မှတ်တိုင်မရောက်ခင် အသာလေးခုန်ဆင်း ကိုယ်ယောင်ဖျောက်သွားတတ်ရသည်။

ခါးပိုက်နှိုက်ခံရသူက သိသွားသဖြင့် ရဲစခန်းသို့ မောင်းကြသည့်အခါ ပစ္စည်းကို မည်သို့မျှ ရှာမတွေ့နိုင်တော့။

ကြေးမုံ ရှေ့ကျားလေးဘဝတွင်တော့ ထိုသို့သော လုပ်ငန်းဖြစ်စဉ်ကြီးတစ်ခုလုံးကို မသိခဲ့။

ကြယ်နီကြီးက..ငကြေး တိုးတိုး ဆို….ကြေးမုံက ရှေ့သို့ စွတ်တိုးတော့သည်။

ကြယ်နီကြီးက..ငကြေး..ရပြီး မင်းဆင်းလိုက်တော့ဆို နီးစပ်ရာမှတ်တိုင်မှာ ကြေးမုံ ခုန်ဆင်းလိုက်သည်။

တစ်ခါတစ်ရံ ကြေးမုံတစ်ယောက်တည်းမဟုတ် ဧရာလေးကပါ ‌ရှေ့ကျား ရံလူ အဖြစ် ကူတိုးသည်။

သူတို့က ကျောင်းသားအရွယ်တွေဖြစ်သည့်အပြင် ကျောင်းဝတ်စုံအဖြူအစိမ်း၊လွယ်အိတ်နှင့်ဖြစ်သည့်အတွက်မည်သူမျှ သံသယမဖြစ်ကြ။

ညနေကျ ငွေတစ်ကျပ်၊ နှစ်ကျပ်တော့ ဝေစု အသာလေးရကြသည်ကိုး။

ကြေးမုံ နှင့် ဧရာလေးမှာ ကြယ်နီကြီး၏ ရှေ့ကျားအဖြစ် လှုပ်ရှားခဲ့ရသည်မှာ နှစ်နှစ်ရှိပြီဖြစ်သည်။

ကြေးမုံ၏ အကြံအစည်အတိုင်း ဝေစုရထားသည့်ငွေဖြင့် သူတို့နှစ်ယောက် ရေနံဆီမီးအိမ်တစ်လုံးအိပ်ထဲထည့်ကာ ပန်းဆိုးတန်း ရှဲတမတ်တန်းကို ဝင်ကြဲရာမှ ကျော်ဝင်းကြီးတို့နှင့် ပြဿနာတက်ကြခြင်းဖြစ်သည်။

ထိုကိစ္စကို ကျော်ဝင်းကြီးနှင့် အလုပ်တွဲလုပ်နေသည့် သူတို့ဆရာ ကြယ်နီက ဝင်ရှင်းပေးသဖြင့် သေဘေးမှ လွတ်ခဲ့ကြရသည်။

နံနက်စောစောတွင် ကြေးမုံ အိပ်ရာမှ နိုးလာသည်။

ကိုကြယ်နီက သူတို့အိမ်ရှေ့ကွပ်ပျစ်တွင် ဆေးပေါ့လိပ်ဖွာနေ၏။

“နိုးပြီလား..ကြေးမုံ”

ကြေးမုံက စဥ့်အိုးထဲမှ ရေကို ဒန်ခွက်နှင့်ခပ်ပြီး မျက်နှာသစ်သည်။

စင်ပေါ်မှ အိုးတိုက်ဖွဲပြာကို လက်ခုပ်ထဲထည့်ပြီး သွားတိုက်သည်။

“ဒီနေ့ ၁၂ လိုင်းပေါ်မှာ အလုပ်ရှိတယ်၊ ဘူတာထဲမှာလက်ဖက်ရည်သောက်ပြီးရင် သွားကြစို့..ကြေးမုံ”

“ဧရာကိုစောင့်ဦးမယ်လေ”

“ဒီကောင် ဘူတာထဲမှာရောက်နေလောက်ပါပြီ..လာပါ”

ကြေးမုံ ဝါးတဲပေါ်တက်ပြီး အဖြူအစိမ်းယူနီဖောင်းကိုလဲလိုက်ကာ လွယ်အိတ်လွယ်လိုက်သည်။

ဝါးကြမ်းကိုနင်းလိုက်တိုင်း တကျွိကျွိမြည်သံကြောင့် မမြင့်ဝင်းက မျက်လုံးဖွင့်ကြည့်သည်။

“အမေ..သားသွားတော့မယ်”

မမြင့်ဝင်းက ခေါင်းညိတ်ပြပြီး မျက်လုံးပြန်မှိတ်သွားသည်။ ညက ပင်ပန်းခဲ့သည်ကိုး။

နောက်တစ်ညအတွက် သူမ အားမွေးရမည်ပေါ့။

ကြယ်နီနှင့် ကြေးမုံ ကြည့်မြင်တိုင်ဘူတာဘက်ဆီသို့ ထွက်ခဲ့ကြသည်။

ကြယ်နီက ကြေးမုံ ၏ ပခုံးကို ဖက်လိုက်ပြီး

“ကြေးမုံ..မနေ့ကတည်းက မင်းကို ငါမေးမလို့…မင်း ရှဲတမတ်ကောင်မျက်နှာကို ဘရိတ်ဓါးနဲ့ ဆွဲလိုက်တယ်ဆို”

“ဟုတ်တယ်လေ”

“မင်း ဓါးခွဲသင်နေတာလား”

“အင်း..ရွှေလှိုင်လမ်းက..မဂျစ်ကြီးဆီမှာ သင်နေတာ”

“မင်းငါ့လည်း ဘာမှမပြောပါလားကွာ…ငါသင်ပေးမှာပေါ့”

“ကျွန်တော် ခဏခဏ ပြောတယ်လေဗျာ..ကိုကြယ်နီက အရေးမှမလုပ်တာ”

ကြေးမုံက ပြောပြောဆိုဆိုနှင့် လွယ်အိတ်ကြားကို လက်နှိုက်လိုက်သည်နှင့် မောင်ဗမာဘလိတ်ဓါးတစ်ခြမ်းကျိုးလေးက လက်ညှိးနှင့် လက်ခလယ်ကြား ညှပ်လျက် ပါလာသည်။

လက်အနေအထားကို ကြယ်နီထံ ထောင်ပြလိုက်သည်။

ဘလိတ်ဓါးသွားက လက်ညှိးလက်ခလယ်ကြားမှပေါ်သည်ဆိုရုံလေးထွက်နေ၏။

“မင်းတော်တော်ကျွမ်းနေပြီပဲ.”

“တစ်နှစ်ရှိနေပြီ…မဂျစ်ကြီးဆီမှာ သင်နေတာ.တစ်ရက်ကို.အရက်တစ်လုံးတော့ တိုက်ရတာပေါ့”

မဂျစ် သည် ကြယ်နီတို့ထက် ပိုမိုစီနီယာကျသော ခါးပိုက်နှိုက်ဟောင်းကြီးဖြစ်သည်။ မဂျစ်ဆီမှပင် ပညာယူနေနိုင်သော ကြေးမုံကို ကြယ်နီ နည်းနည်းတော့ ဖြုန်သွား၏။

“မင်း နောက်ကျား လုပ်တော့…ကြေးမုံ..ဝေစုလည်း ရာခိုင်နှုန်းတိုးပေးတော့မယ်”

“ဟား.ဘာလို့လဲဗျ..ကိုကြယ်နီ”

“..မဂျစ်က မင်းကို ငါ့ဆီကနေ မသွားဦးမယ်….မင်းက လုပ်ငန်းအတွေ့အကြုံလည်း များနေပြီ.. နောက်ကျားဖြစ်သင့်ပြီလေ”

ကြေးမုံက ပြုံးလိုက်သည်။

ကြယ်နီ၏ ရှေ့ကျားလုပ်လာသည်မှာ နှစ်နှစ်နီးပါးရှိသော်လည်း ကြယ်နီက ကြေးမုံနှင့် ဧရာ ကို ခါးပညာ များ သင်ပေးရန် တွန့်တိုနေခဲ့သည်။

နှိုက်နည်းကို မပြခဲ့သော်လည်း ကြေးမုံသည် ရှေ့ကျားလုပ်ရင်းမှ ကြယ်နီ၏ လုပ်ပုံကိုင်ပုံများကို အမြင်ဖြင့် သင်ယူနိုင်ခဲ့သည်။

အမြင်ဖြင့် သင်ယူမရနိုင်သည်က ဓါးခွဲနည်းပင်။

ထို့ကြောင့် ဓါးခွဲနည်းကို ကြေးမုံက ကြည်မြင့်တိုင်ဘက်မှ ခါးပိုက်နှိုက်မဂျစ်ထံ ချဥ်းကပ်ပြီး သင်ယူသည်။

မဂျစ်သည် အရက်၏ ဝါးမြိုခြင်းကို ခံနေရသည့် ခါးပိုက်နှိုက်ဟောင်းကြီး။

ကြေးမုံက မဂျစ်၏ ဓါးခွဲပညာကို အရက်ဖြင့် အလဲအလှယ်လုပ်သည်။

သူရှေ့ကျားလုပ်ရင်း ရလာသည့် ဝေစုငွေတစ်ဝက်မှာ မဂျစ်အတွက် အရက်ဝယ်ပေးသည်။

မဂျစ်က ကြေးမုံအား ဓါးခွဲနည်းကို စနစ်တကျသင်ပေး၏။

ဘလိတ်ဓါးကို ထက်ခြမ်းချိုးပြီး လက်ညှိုးနဲ့ လက်ခလယ်ကြားညှပ်နည်းကို စတင်လေ့ကျင့်ရသည်။

ထို့နောက် အပ်ချည်ကြိုးကလေး နှစ်ပင်ပူးကို တစ်ပင်ထဲ ပြတ်အောင် လေ့ကျင့်ရသည်။

လက်ဆကျင့်သည် ဟု ခေါ်သည်။

ကားပေါ်တွင် အိတ်ခွဲသည့်အခါ တစ်ဖက်လူအသားကို မထိအောင် အဖိအဖော့ကို ချိန်ဆတက်စေရန် ကျင့်ရသည်။

လက်ကြားတွင် ဓါးသွားအဖျားလေးသာ ဖော်ထားပြီး ဂျင်း၊တက်ထရွန် စသည့် အသားမျိုးနှင့် လေ့ကျင့်ယူသည်။

လွယ်လွယ်နှင့် ကျင့်လိုရသည်တော့မဟုတ်။

ကြေးမုံ၏ လက်ဖဝါးနှစ်ဖက်လုံး သွေးချင်းချင်းနီခဲ့ရသည်။ အနာရွတ်များ ၊ ဓါးရှရာများဖြင့် ပြည့်နှက်ခဲ့သည်။

………………………………..

ကြေးမုံ နောက်ကျားဖြစ်ခဲ့ပြီ။

ထိုနေ့က ဧရာ သူတို့ ဆီ ရောက်မလာခဲ့။

ကြယ်နီ၏ နောက်ကျား စိုးရက ‌ရှေ့ကျားဝင်လုပ်ပေးပြီး ကြေးမုံ၏ နောက်ကျားအလုပ်သင်ဘဝကို စသည်။

ဇာတ်တိုက်ထားသည့်အတိုင်း ၁၂ ကားပေါ်တွင် အလုပ်စကြသည်။

၁၂ ကားသည် သုဝဏ္ဏမှထွက် ပုဇွန်တောင်ကိုဖြတ်ပြီး လှိုင်တက္ကသိုလ်ထဲတွင် ဂိတ်ဆုံးသည်။

ကားခ က ဂိတ်စ ဂိတ်ဆုံး ဆယ်ပြား။

ကြယ်နီ၊ ကြေးမုံတို့ တစ်စု က ပုဇွန်တောင်ဘက်မှ သွားစောင့်စီးသည်။

ကားပေါ်တွင် ဖားကို ရှာတွေ့ပြီ။ အသက်(၅၀)ခန့် လူကြီးတစ်ယောက်။

လယ်သာအိတ်ကြီးကိုလည်း ပုခုံးတွင်လွယ်ထားသည်။

ရှေ့ကျား တာဝန်ယူထားသော စိုးရက ကားကြပ်သည်နှင့် ဖိတိုးသည်။

လူကြီးက စိုးရ၏ အတင်းဝင်တိုးမှုကို မကျေမနပ်ရေရွတ်နေစဉ် ကြယ်နီက အနောက်မှာ အသာလေးကပ်သွားပြီး လုပ်ငန်းစသည်။

ကြယ်နီက ပစ္စည်းရသည်နှင့် ကြေးမုံ ထံ လှစ်ခနဲ ကမ်းသည်။

ကြေးမုံက လွယ်အိတ်ထဲ ထိုးထည့်ပြီး နောက်ဘက်သို့ ပြန်တိုးသည်။

ရှေ့မှတ်တိုင်အရောက်တွင် လှစ်ခနဲ ခုန်ချလိုက်၏။

ထို့နောက် ချိန်းဆိုထားသည့်အတိုင်း ပန်းဆိုးတန်းသို့ နောက်ထပ် ကားပြန်စီးလာလိုက်သည်။

မကြာမီ ကြယ်နီရောက်လာသည်။

ကြေးမုံ က လွယ်အိတ်ထဲမှ ခါးပိုက်နှိုက်လာသည့် ဘူးကို ထုတ်ပေးလိုက်သည်။

ခဏအကြာ စိုးရလည်း ရောက်လာသည်။

စိုးရသည် ကြေးမုံထက် သုံးနှစ်ခန့်ကြီးပြီး ကြယ်နီကြီး၏ နောက်ကျားလုပ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။

ပန်းဆိုးတန်းကြေးနန်းရုံးရှေ့တွင် ကြယ်နီက ကြေးမုံတို့အားထားခဲ့သည်။

“ငါ ရောင်စိန်က ကိုကျော်ဝင်းကြီးတို့ဆီ ပစ္စည်းသွားသွင်းလိုက်ဦးမယ်…မင်းတို့ ဒီကပဲစောင့်”

“ကျွန်တော်လိုက်လို့မရဘူးလား…ကိုကြယ်နီ”

ကြယ်နီက ကြေးမုံကို မျက်မှောင်ကြုံ့ကြည့်လိုက်သည်။

“ဘာလိုက်လုပ်မှာလဲ…ငါ့ကို မယုံလို့လားကွ”

“မဟုတ်ပါဘူး..ကျော်ဝင်းကြီးတို့၊ မိုးကျော်တို့ဆိုတာကို မြင်ဖူးချင်ယုံပါ”

“အေး..လိုက်ခဲ့ကွာ”

………………………………..

ရောင်စိန်ကဖေး ရှေ့အရောက်တွင် ကြယ်နီက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ရှေ့ဆုံးဝိုင်းတွင် လူတစ်စု ထိုင်နေကြသည်။

“ကိုကျော်ဝင်းကြီးတို့ရောဗျ..ပစ္စည်းပါလာလို့ပါ”

“အပေါ်ပြန်တက်သွားပြီ..လိုက်သွားလေ”

“ဟုတ်ကဲ့”

ပန်းဆိုးတန်းအပေါ်ဘလောက်သို့ သူတို့ ပြန်လျှောက်လာကြသည်။

တိုက်တစ်ခုပေါ်သို့ ကြယ်နီက ဦးဆောင်တက်သွား၏။

အခန်းတစ်ခန်းကို တံခါးခေါက်လိုက်သောအခါ အသာလေး ဟ လာသည်။

အထဲမှ အသားမည်းမည်း၊ မျက်လုံးစောင်းစောင်းနှင့် လူတစ်ယောက်မျက်နှာပေါ်လာသည်။

“ဘာလဲဟေ့”

“ကြယ်နီပါ..ခါးလိုင်းကပါ။ ပစ္စည်းပါလာလို့”

တံခါးပွင့်သွားသည်။

အခန်းထဲတွင် လူငါးယောက်ထိုင်ကာ အရက်သောက်နေသည်။ ရှားရှားပါးပါးတန်းစီတိုးဝယ်လျှင်တောင် ရရန်မလွယ်သည့် မန္တလေးရမ်။

“ကြယ်နီ..လာဟေ့..ဒီတစ်ခါ ဘာလဲ”

တက်ထရွန်ရှပ်အင်္ကျီကို ဝတ်ထားပြီး အသက် ၄၀ ဝန်းကျင်ခန့်ရှိသည့် ပုဂ္ဂိုလ်က နှုတ်ခမ်းကိုတွန့်ကာပြုံးပြီး မေးလိုက်သည်။

ကြေးမုံ စိတ်ထဲ ယခုခေတ်စားနေသည့် ရေပွက်ပမာဇာတ်ကားထဲမှ လူဆိုးဂိုဏ်းဝင်အဖြစ် သရုပ်ဆောင်သည့် မင်းသားဇော်ခင် ၏ ဟန်ပန်ကိုပင် သတိရသွားသည်။

တစ်ချိန်က ရှဲတစ်မတ်တန်းကို မီးရှို့သွားသည့် ကောင်လေးများကို သူတို့မှတ်မိပုံမရသဖြင့် ကြေးမုံ စိတ်သက်သာရာ အနည်းငယ်ရသွားသည်။

ကြယ်နီက သူ့လက်ထဲမှ ဘူးကို တရိုတသေ သွားပေးလိုက်သည်။

ပုဂ္ဂိုလ်ကြီးက ဘူးထဲမှ နာရီကို သေချာထုတ်ကြည့်သည်။

ထို့နောက် သူ့ရှေ့မှ အသက် (၃၀)ဝန်းကျင်ခန့်ရှိ စပို့ရှပ်အစင်းကျားနှင့် လူ ထံ ကမ်းပေးလိုက်သည်။

“မိုးကျော်..ကြည့်စမ်းပါဦး”

အသားဖြူဖြူ၊ မေးရိုးကားကား၊ အရပ်မြင့်မြင့်ဖြင့် မိုးကျော်ဆိုသူက နာရီကို ယူကြည့်လိုက်သည်။

“Rodania ပဲ….ဘယ်ကရလာတာလဲ”

“၁၂ လိုင်းပေါ်ကပါ ကိုမိုးကျော်”

“အင်း..၄၅ ကျပ် ပေးလိုက်မယ်”

“ဒါ သတင်းစာထဲကြော်ငြာတာတောင် တစ်ရာကျော်တယ်..ကိုမိုးကျော်ရာ”

ကြယ်နီ ၏ စကားအဆုံးတွင် မိုးကျော်ဆိုသူက ဟက်ခနဲ ရယ်လိုက်သည်။

သူ့ရှေ့တွင်ထိုင်နေသာ ဇော်ခင်စတိုင်လ်နှင့်လူက ဖန်ခွက်ကို စောင့်ချလိုက်သည်။

အခန်းက ရုတ်တရတ် တိတ်ဆိတ်သွား၏။

ကြယ်နီ မျက်လွှာချလိုက်သည်။

“ဟုတ်..ကိုမိုးကျော် စျေးဖြတ်တာပဲ ယူလိုက်ပါ့မယ်..ကျွန်တော်တောင်းပန်ပါတယ်”

“ခင်ဝင်းကြည် ရေ…ဒီမှာ ပစ္စည်းလာသိမ်းပါဦး..လေးဆယ့်ငါးကျပ်ယူခဲ့ပါကွယ်”

အခန်းထဲမှ အသက်(၂၅)နှစ်အရွယ်၊ အသားအရည်လှလှ၊ ခပ်တောင့်
တောင့် အမျိုးသမီးတစ်ဦးထွက်လာသည်။

ကြယ်နီနှင့် ကြေးမုံကို အကဲခတ်သည်။

ကြေးမုံကလည်း သေချာပြန်စိုက်ကြည့်နေ၏။

ကြယ်နီကို ပိုက်ဆံပေးပြီးနောက် မိုးကျော်လက်ထဲမှ ဘူးကို ယူကာ အခန်းထဲ ပြန်ဝင်သွားတော့သည်။

ကြယ်နီ နှင့် ကြေးမုံတို့ တိုက်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။

“မတန်မတရာစျေးကြီးမှန်းသိလျက်နဲ့…ဘာလိုငြိမ်ခံနေရတာလဲ..ကိုကြယ်နီရာ”

ကြယ်နီက အပေါ်ကို မျက်စပစ်ပြပြီး နှုတ်ခမ်းကို လက်ညှိးနှင့် ထောက်ပြသည်။

ပန်းဆိုးတန်းလမ်းမပေါ်ရောက်သည့်အခါမှ

“သူခိုးစျေးလေကွာ..မင်းကလည်း..ပြီးတော့ သူတို့ကို ကျော်လို့မရဘူးဆိုတာ ငါမပြောထားဘူးလား..နို့မဟုတ် အဲ့ဒီအပေါ်မှာတင် ငါတို့နှစ်ယောက် အသက်ပျောက်သွားမယ်”

“သူခိုးစျေးလည်း စျေးလေဗျာ..အနည်းဆုံး ဘိန်းစားတန်းသွားဖျောရင်တောင် ရှစ်ဆယ်တော့ရတယ်ဗျ.. သက်သက် လူပါးဝတာဗျာ”

“မင်းငယ်ပါသေးတယ်..ကြေးမုံရာ..မင်းမသိသေးတာတွေအများကြီးပါ”

“ကျွန်တော်တို့ က အသက်စွန့်ပြီးခက်ခက်ခဲခဲလုပ်ရတာဗျ..မအေလိုးကြီးတွေက အရက်လေးသောက်ရင်း ခေါင်းပုံဖြတ်နေတယ်..တောက်..စောက်ခွက်တွေကို ဘလိတ်ဓါးထုတ်ပြီး မွှန်းပစ်ချင်နေတာ”

ခပ်လှမ်းလှမ်းတွင် စိုးရ က မတ်တပ်ရပ်စောင့်နေသည်။

“ကဲ..ဒီညနေတော့ တရုတ်တန်းမှာ သွားပျော်ကြမယ်ကွာ..ကြေးမုံ မင်းစိတ်ထဲ ဘာမှ မထားနဲ့..အလုပ်ဖြစ်တုန်းပျော်ပျော်နေ..ဟုတ်ပြီလား”

………………………………..

ညက တရုတ်တန်းတွင် သောက်ခဲ့သည့် အရက်အရှိန်ရော နှင့် တညလုံးအိပ်မပျော်သည့် ဒဏ်ကိုပါ ကြေးမုံ ခံစားနေရသည်။

အမေကတော့ မိုးလင်းခါနီး သူ့ဘေးတွင် ခွေခွေလေး လာဝင်အိပ်နေ၏။

“ကြေးမုံ..ဟေ့ရောင်..ကြေးမုံ…ညက ကိုကြယ်နီအသတ်ခံရလို့တဲ့..”

ကြေးမုံတို့ တဲလေး၏ အဝဆီမှ ဧရာ၏ အသံထွက်ပေါ်လာသည်။ လှဲနေရာမှ ကြေးမုံ အလန့်တကြားထလိုက်သည်။

နတ်စင်လမ်းထိပ်သို့ ကြေးမုံနှင့် ဧရာတို့ ရောက်သည့်အခါတွင် ကြယ်နီ၏ အလောင်းမရှိတော့။

ခါးများစုဝေးလေ့ရှိသည့် ကြည့်မြင့်တိုင်ကမ်းနားဘက်ဆီမှ လက်ဖက်ရည်ဆိုင်သို့ သူတို့ လျှောက်လာခဲ့သည်။

လက်ဖက်ရည်ဆိုင်တွင် စိုးရ နှင့် လူဟောင်းကြီးမဂျစ်တို့ထိုင်နေကြသည်။

စိုးရ မျက်နှာက မကောင်း။

“ကိုကြယ်နီကြီး ဘယ်လိုဖြစ်တာလဲဗျာ”

ဧရာ က မေးလိုက်သည်။

ဘေးနားတွင်ထိုင်နေသာ ဦးမဂျစ်ကြီးက ဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိ့လိုက်သည်။

“မိုးကျော် လူတွေ ရှော့သွားတာတဲ့.မိုးကျော်ကိုတောင်.ရဲက ဖမ်းသွားပြီ”

“ဟုတ်လို့လား..ဦးမဂျစ်ရာ..မိုးကျော်လူတွေသတ်တယ်ဆိုတာ”

‌‌ကြေးမုံ ၏ အသံများ တုန်နေသည်။

“မင်းတို့ ဖန်လာတဲ့ နာရီက အတုကြီးတဲ့။ ညက မင်းတို့ တရုတ်တန်းမှာ ပျော်ပါးနေချိန်မှာ မိုးကျော် လူတွေ အုပ်လိုက်ကြီး ကြည်မြင့်တိုင်ကို ဆင်းလာကြတယ်။ ကြယ်နီ့ကို လာရှာတာတဲ့။ ကရင်မဆိုင်မှာ ငါနဲ့တောင် တိုးသေးတယ်။ မနက်ကျတော့ ကြယ်နီ အသတ်ခံထားရတာပဲ။ ညဦးပိုင်းက မိုးကျော်လူတွေ အုပ်လိုက်ကြီး ကြယ်နီကို ဆင်းရှာနေတာ ကြည်မြင့်တိုင်က လူတွေတွေ့နေတာပဲ….လည်ပင်း လေပြွန်ကို လှီးသွားတာတဲ့..အခုတော့ ရဲက မိုးကျော်ကြီးတို့ အုပ်စုကို ဖမ်းသွားပြီပြောတယ်”

“အင်း..လူသတ်မှုပေါ့..ထောင်ဘယ်နှစ်နှစ်လောက်ကျနိုင်လဲ..ဦးမဂျစ်”

“ခုနှစ်နှစ်ကနေ ဆယ်နှစ်ပေါ့ကွာ..”

“အခု ကျွန်တော့်အသက်က ဆယ့်ငါးနှစ်ထဲဝင်တော့မယ်..ကျွန်တော်လူသတ်ရင်ရော..ကလေးထောင်ပဲ သွားရမှာလား”

“အင်း…ဘော်စတယ်ပေါ့ကွာ..အသက်မပြည့်သေးရင်တော့ သုံးလေးနှစ်ပဲကျနိုင်တယ်”

“အခု ကိုမိုးကျော်တို့ ဘယ်မှာလဲ”

“ကြည်မြင့်တိုင်စခန်းမှာကွ…ရဲက ဖမ်းထားပြီးကြားတယ်”

ကြေးမုံ က ခေါင်းကို ငုံ့ပြီး တစ်စုံတစ်ရာ စဉ်းစားနေသည်။

စိုးရ နှင့် ဧရာက ကြေးမုံကို အလန့်တကြားကြည့်လိုက်ကြ၏။

“‌ဟေ့ကောင်..မင်း မိုးကျော်တို့ကို သွားပြန်သတ်မလို့လား”

“နေပါဦးကွာ..ငါဗိုက်ဖြည့်လိုက်ဦးမယ်”

ကြေးမုံ က လက်ဖက်ရည်တစ်ခွက်မှာလိုက်သည်။

ထို့နောက် ရှေ့စားပွဲပေါ်ရှိ သံပန်းကန်အတွင်းမှ အီကြာကွေးတစ်ချောင်းကို ယူကာ လက်ဖက်ရည်ထဲ နှစ်ပြီး တို့စားလိုက်၏။

“ကိုစိုးရ..ကျွန်တော့်ဖိုး ခင်ဗျားရှင်းပေးလိုက်ဗျာ..ကျွန်တော် ကြည်မြင့်တိုင်စခန်းကို သွားလိုက်ဦးမယ်”

မဂျစ်ကြီးနှင့် စိုးရက ကြေးမုံ ကို ထူးဆန်းသည့်သတ္တဝါတစ်ကောင်လို ကြည့်လိုက်ကြသည်။

“မင်းက မိုးကျော်တို့ကို ရဲစခန်းထဲ သွားဝင်သတ်မလို့လားဟ”

ကြေးမုံက သူ့အိတ်ထဲမှ ဘရိတ်ဓါးအထုတ်ကလေးကို ထုတ်ပြလိုက်သည်။

“ခင်ဗျားတို့ လိုက်မလို့လား”

“ဟာ..ဟား..နေပါစေ..ငါ့ကောင်ရယ်…ငါတို့ အဲ့ဒီလောက်မရူးပါဘူး”

“ပြီးရောလေ…ဒါဆို ကျွန်တော်တစ်ယောက်တည်းသွားမယ်..ကိုစိုးရ ကျွန်တော့်လက်ဖက်ရည်ဖိုး ခင်ဗျားရှင်းလိုက်ဗျာ”

ကြေးမုံက မတ်တတ်ထရပ်လိုက်သည်။

“ကြေးမုံ.. ငါလည်း လိုက်မယ်”

ဧရာက စမူဆာကြော်သည့် မီးဖိုထဲမှ ထင်းချောင်းတစ်ချောင်းကို ခါးတွင် ထိုးကာ ထလာသည်။

“ဧရာ..မင်းထင်းချောင်းကြီး ထားခဲ့စမ်းပါဟ..လိုက်မယ်ဆို လိုက်ခဲ့”

လက်ဖက်ရည်ဆိုင်အတွင်းမှ ထွက်ခွာသွားသော ကြေးမုံနှင့် ဧရာကို မဂျစ်ကြီး နှင့် စိုးရတို့ ငေးလျက် ကျန်နေရစ်ခဲ့သည်။

“ဒီကောင်လေးတွေတော့….သေကုန်တော့မှာပဲ”

မဂျစ်ကြီးက ခေါင်းကို ကုပ်လိုက်ရင်း အေးစက်ချဉ်စုပ်နေသော ဘလက်ကော်ဖီလက်ကျန်ကို မော့ချလိုက်တော့သည်။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ၃ >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>