မောတောင် – စင်ခွန်းနယ်စပ် ကုန်သွယ်မှုပမာဏ ဆက်တိုက်ကျဆင်း

0
3326
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တရားဝင် ဝက်ဆိုဒ်ပေါ်ရှိ ဘဏ္ဍာနှစ်အလိုက် နယ်စပ်စခန်းတို့၏ အမှန်ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုပမာဏစာရင်း

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင် – စင်ခွန်းနယ်စပ် ကုန်သွယ်မှုပမာဏမှာ ဆက်တိုက်ကျဆင်းလာ‌နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကုန်သွယ်မှု ပမာဏစာရင်းအရ သိရသည်။

အဆိုပါ ကုန်သွယ်မှုပမာဏစာရင်းအရ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပို့ကုန်၊ သွင်းကုန် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄၇၈ သန်း ရှိခဲ့ကြောင်း ဖေါ်ပြထားသည်။

ထို့ပြင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ၈ ဒသမ ၇၁၀ သန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(ဩဂုတ်လအထိ)တွင် ၂ ဒဿမ ၆၇၄ သန်း ရှိကြောင်း ရေးသားဖေါ်ပြထားသည်။

အထက်ပါ ကုန်သွယ်မှုပမာဏစာရင်းအရ ဘဏ္ဍာနှစ်သုံးနှစ်ဆက်တိုက်နီးပါး ကုန်သွယ်မှုပမာဏ ထိုးကျလာနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံ မဟာချိုင်ငါးဈေးတွင် လူခုနှစ်ရာနီးပါး ကိုဗစ်ပိုးတွေ့ရှိပြီးနောက် နယ်စပ်ဂိတ်မှ ကုန်သွယ်ခွင့်အား ထိုင်းဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပြီးနောက် ကုန်သွယ်မှုပမာဏ ကျဆင်းလာရခြင်း ဖြစ်ကြောင်း ရေထွက်ကုန်များတင်ပို့ ရောင်းချနေသူတချို့က ပြောပြသည်။

” ဂိတ်စပိတ်ကတည်းက ကုန်တင်ပို့တာတွေက အကန့်အသတ်နဲ့ဆိုတော့ ကုန်သွယ်မှု ကျလာတဲ့သဘောပါ” ဟု မြိတ်မြို့နေ ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူတစ်ဦးက ပြောသည်။

ထိုင်းဘက်မှ နယ်စပ်ဂိတ်ပိတ်ပြီးနောက် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စင်ခွန်းဂိတ်အနီးတွင် ကုန်သွယ်မှုစခန်းတစ်ခု တည်ဆောက်ပြီး ကိုဗစ်ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းများသတ်မှတ်ကာ ကုန်သွယ်မှု ပြုလုပ်နေရကြောင်း အထက်ပါ ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူက ပြောပြသည်။

ထို့ပြင် နယ်စပ်ဂိတ်ပိတ်ခဲ့သဖြင့် လူများသန်းသွားလာခွင့်မရှိခြင်း၊ မောတောင်နယ်စပ် နေသူတို့သည် စင်ခွန်းဈေးတွင် ဒေသထွက်သီးနှံတို့အား သွားရောက်ရောင်းချခွင့် မရှိခဲ့ကြောင်း မောတောင်နေသူတချို့က ပြောပြသည်။

မောတောင်နယ်စပ်ဂိတ်မှ ရေထွက်ကုန်တချို့အား အအေးခဲတုံးဖြင့်သာ တင်ပို့ခွင့်ရသဖြင့် ရေထွက်ကုန်အများစုမှာ ကော့သောင်း-ရနောင်းနယ်စပ်ဘက်သို့ သွားရောက် ရောင်းချနေကြသဖြင့် အချိန်ကြာမြင့်ခြင်း၊ ကုန်ကျစရိတ်ကြီးမြင့်ခြင်း စသည့် အခက်အခဲတို့နှင့် ကြုံတွေ့နေရကြောင်း ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူတချို့က ပြောပြသည်။