အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
6305

အခန်း(၃)

ကြည့်မြင်တိုင်ရဲစခန်း။

ဗားဂရာခြောက်အနီးတွင်တည်ရှိပြီး ရန်ကုန်မြို့၏ မှုခင်းအများဆုံးသော ရဲဌာနတစ်ခုလည်းဖြစ်သည်။

စခန်းမှူး ဦးမောင်မောင်ကြီး ၏ ရုံခန်းအတွင်းတွင် မိုးကျော်က စီးကရက်ကိုဖွာရင်း ခြေချိတ်ထိုင်နေသည်။

“မင်းတို့ လုပ်တာမဟုတ်ရင်..ဘယ်သူလုပ်တာလဲ..မိုးကျော်”

“ကျွန်တော်မသိဘူးလို့ ပြောပြီးပြီလေ..ကိုမောင်ကြီး…ကျွန်တော့်ကောင်တွေကိုလည်း ခင်ဗျား စိတ်ကြိုက်စစ်ပြီးပြီပဲ”

ဦးမောင်မောင်ကြီး က စားပွဲပေါ်တွင် ထိုင်နေရင်းမှ ထလာသည်။

“မင်းတို့ကိုပန်းဘဲတန်းမှာကတည်းက ငါ သေချာပြောတယ်.. မင်းတို့ လက်လွန်ခြေလွန်ဖြစ်ကြတဲ့အခါလည်း အလောင်းကို ပေါ်တင်ကြီးတော့ မထားနဲ့..လုပ်စရာရှိတာလုပ်ပြီးရင် တစ်ခါတည်းဖျောက်ပါလို့…အခု ငါ့နယ်မြေထဲ အဲ့ဒီလိုကြီးဖြစ်တော့မှ ငါက ဘယ်လို လုပ် ပေးရမလဲ…ဘာဖြစ်ဖြစ် မင်းလူတွေလုပ်တာလို့ တစ်ရပ်ကွက်လုံးက ပြောနေပြီ..မင်းဆီက တစ်ယောက် ယောက်တော့ ထိုးကျွေးပေး..ဟေ့ကောင်”

မိုးကျော်က စီးကရက်ပြာကို ချွေလိုက်ပြီး သက်ပြင်းချလိုက်သည်။

“အလဟဿကျွန်တော့်လူတစ်ယောက် အဆုံးခံရမှာလား..ကျွန်တော်တို့..မသတ်ပါဘူးဆို”

ထိုအချိန်တွင် ရုံးခန်းအတွင်းသို့ ဂါတ်စာရေးကြီးဝင်လာသည်။

“ညက လူသတ်မှုအတွက် သတင်းပေးချင်လို့တဲ့…ရှေ့မှာ ချာတိတ်နှစ်ယောက် ရောက်နေတယ်…စခန်းမှူး”

စခန်းမှူးမောင်မောင်ကြီးနှင့် မိုးကျော်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

“အေး..အထဲလွှတ်လိုက်ကွာ”

ခဏအကြာ ရုံးခန်းအတွင်း ကြေးမုံနှင့် ဧရာတို့ ဝင်လာကြသည်။

မိုးကျော်က သူတို့နှစ်ဦးအား စူးစူးစိုက်စိုက်ကြည့်နေ၏။

ကြေးမုံက မိုးကျော်၏ အကြည့်ကို မသိဟန်ပြုလိုက်သည်။

“ဆရာကြီး ကိုခင်အောင် ကို ခေါ်ပေးပါဦး”

စခန်းမှူးက နောက်မှ ပါလာသော ဂါတ်စာရေးကြီးအား အမိန့်ပေးလိုက်သည်။

ခဏအကြာ အမှုစစ်အရာရှိ ဒုရဲအုပ်ခင်အောင် ရောက်လာသည်။

“ကဲ…ဒီမှာ ထိုင်….မင်းတို့ သိထားတာ အကုန်ပြောကြ..ကိုခင်အောင်..သူတို့ပြောတာ အကုန်ရေးမှတ်ဗျာ”

စခန်းမှူးစားပွဲရှေ့မှ ခုံနှစ်ခုံတွင် ကြေးမုံနှင့် ဧရာတို့ ထိုင်လိုက်ကြသည်။

ဒုရဲအုပ်ခင်အောင်က ဘေးမှ ခုံတစ်လုံးဆွဲကာ စာရွက်နှင့် ဖောင်တိန်ကို အသင့်ယူထား၏။

စခန်းမှူး မောင်မောင်ကြီးက ကြေးမုံတို့ နှစ်ဦးရှေ့တွင် ဝင်ထိုင်လိုက်သည်။

မိုးကျော်ကလည်း ကျွန်းကုလားထိုင်တစ်ခုပေါ်တွင် ထိုင်လျက် အကဲခတ်နေ၏။

“ကဲ…မင်းတို့ နာမည်တွေအရင်ပြော”

“ကျွန်တော့်နာမည် ကြေးမုံပါ။ သူက ဧရာ”

“မင်းတို့ အသတ်ခံရတဲ့ကြယ်နီကို သိလို့လား”

“သိပါတယ်..”

“ကဲ..မင်းတို့ သိသလောက်ပြောစမ်းကွာ”

ကြေးမုံက မျက်လုံးကို စုံမှိတ်ပြီး သက်ပြင်းချလိုက်သည်။

“ကိုကြယ်နီကို ကျွန်တော် သတ်တာပါ”

အခန်းတွင်းရှိသူ အားလုံးက ကြေးမုံကို ပြူးကြည့်နေကြသည်။

“ဟေ့ရောင်..ဘာတွေပြောနေတာလဲ”

ဧရာက မျက်လုံးပြူး မျက်ဆန်ပြူးဖြင့်။

“ဟုတ်တယ်…ညက ကိုကြယ်နီကို ကျွန်တော် သတ်လိုက်တာပါ”

မိုးကျော်က ထိုင်နေရာမှ ထလာပြီး ကြေးမုံကို သေချာကြည့်သည်။

“မနေ့ညက..ကျွန်တော်တို့ တရုတ်တန်းမှာ သောက်ကြပြီး အပြန်၊ နတ်စင်လမ်းထိပ်အမှောင်ရိပ်မှာ..”

………………………………..

“ကြေးမုံ….မင်း မြညွန့်အိမ်က ဆရာကြီးတစ်ကျပ်ဖိုး သွားယူပေးကွာ…ငါ ဒီည မင်းတို့ဆီမှာ အိပ်မှာမို့ ပြန်နှင့်မယ်”

“အတူတူပြန်မယ်လေ..ကိုကြယ်နီရာ…ကျွန်တော် ဝင်ယူလည်းခဏလေးပဲကို..စောင့်ပါဗျ”

“မစောင့်ဘူး..ဟေ့ကောင်…ငါသွားနှင့်မယ်..မင်းနောက်က လိုက်လာခဲ့”

“ဘာလဲဗျ…ခင်ဗျားကတော့ ရစ်နေပြီ”

“ငါမရစ်ဘူးကွ….မင်းပါနေရင် မင်းအမေကို ချလို့မရဘူး..မပုကြီးက မင်း‌ရှိနေရင် ငါ့ကို မင်းအမေနဲ့ အဝင်မခံဘူး.အဲ့ဒါကြောင့်..မင်းကို ပထုတ်တာ..ဟေ့ကောင်”

“ဘာဗျ”

“မင်းအမေကို ငါလုပ်ချင်တာကွာ..ရှင်းလား”

“ဟေ့လူ..ခင်ဗျား မမိုက်ရိုင်းနဲ့ဗျာ…ကျွန်တော့်‌ရှေ့မှာတော့ အမေ့ကို အဲ့ဒီလိုလာမပြောနဲ့..ခင်ဗျားနဲ့ ကျွန်တော် ပြဿနာမဖြစ်ချင်ဘူး”

“ဘာတွေ နာနေတာလဲ..မင်းအမေက ဖာသည်လေကွာ..ဖာသည်ကို ငါက”

“ဖောင်း”

ကြေးမုံ၏ လက်သီးချက်က ကြယ်နီ၏ မေးရိုးကို တည့်တည့်ဝင်ချသွားသည်။

ကြယ်နီက နောက်သို့ လန်ကျသွားရာမှ အရှိန်ယူပြီး ကြေးမုံကို လိုက်ထိုးသည်။

အမှောင်ထဲတွင် သူတို့ နှစ်ဦး လုံးထွေးနေကြ၏။ သန်းခေါင်ကျော်ပြီမို့ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေ၏။

လူကောင်သေးသော ကြေးမုံကို ကြယ်နီက တက်ခွထားသည်။

“ဖာသည်မသား…မင်းက ငါ့ကိုအာခံတယ်..အခုကတည်းက သတ်ပစ်ထားမှအေးမယ်ကွ”

ထို့နောက် ကြယ်နီက ခြေသလုံးတွင် သားရည်ကြိုးဖြင့် အမြဲပတ်ထားသော ချွတ် (စကေဘာ) ကို ထုတ်လိုက်သည်။

ကြေးမုံ က အသက်လုရတော့မည့်အခြေအနေမှန်းရိပ်မိလိုက်၏။

စလွယ်သိမ်းလွယ်ထားသော လွယ်အိတ်ထဲသို့ ကြေးမုံ၏ ဘယ်ဘက်လက်ကို နှိုက်လိုက်သည်။

သေချာလေ့ကျင့်ထားသည့်အတိုင်း ဘရိတ်ဓါးက ကြေးမုံလက်ကြားတွင်ပါလာသည်။

သူ့ကို ခွလျက် စကေဘာကို ကိုင်ဆွဲထုတ်နေသော ကြယ်နီကို ဒူးအားဖြင့် ရုန်းလိုက်ရာ ကြယ်နီ က ဘေးသို့ မှောက်လျက်ကျသွား၏။

ကြေးမုံက ကြယ်နီ၏ ကျောကုန်းဘက်မှနေပြီး မေးရိုးကို ညာဘက်လက်ဖြင့်ချုပ်သည်။

ဘယ်ဘက်လက်က ကြယ်နီ၏ လည်ပင်းကိုအားဖြင့် ဖိဆွဲချပစ်လိုက်သည်။ မည်မျှ အချိန်ကြာကြာ ဆွဲနေမိမှန်းမသိ။

ကြယ်နီထံမှ တခွီးခွီးအသံများထွက်လာပြီး ကြေးမုံ၏ လက်ပေါ်တွင် စေးပျစ်ပျစ်သွေးများရွှဲနစ်သွားသည်။

“ငါ့အမေကို ဖာသည်မလို့ ငါ့ရှေ့မှာ ဘယ်တော့မှ မခေါ်နဲ့..မအေလိုးကြီးရဲ့”

ကြေးမုံ၏ ခပ်တိုးတိုးအသံက နာကြင်မှုများနှင့် အသက်ငင်နေသော ကြယ်နီ၏ နားထဲ တိုးဝင်လာသည်။

အမှောင်ထုက ကြီးစိုးလျက်။

ကြယ်နီ၏ လေကို အငမ်းမရရှူရှိုက်သံက တိတ်ဆိတ်သည်ထက်တိတ်ဆိတ်သွားတော့၏။

………………………………..

“ကြိုက်သွားပြီဟေ့..‌ ဖြောင်း..‌ဖြောင်း..ဖြောင်း”

ကြေးမုံ၏ ‌ဖြောင့်ချက်အဆုံးတွင် မိုးကျော်က လက်ခုပ်ကို ခပ်ဖြည်းဖြည်းတီးလိုက်သည်။

စခန်းမှူးဦးမောင်မောင်ကြီးက မိုးကျော်ကို မျက်မှောင်ကြုံ့လျက်ကြည့်လိုက်၏။

“မင်း ပြန်လို့ရပြီမိုးကျော်…ဒီမှာ မင်းကိစ္စဘာမှ မရှိတော့ဘူး”

“ပြန်မှာပါ…ကိုမောင်ကြီးရဲ့…ကျွန်တော်ပြန်မှာပါ..ဒီကောင်လေးကို ကျွန်တော် မှတ်မိသွားပြီ..ခဏစကားပြောပြီးပြန်မှာ”

မိုးကျော်က ကြေးမုံရှေ့သို့ လျှောက်လာပြီး သေချာငုံ့ကြည့်သည်။

“မင်းတို့ ငါသိပြီ..တလောက.ရှဲတမတ်တန်းမှာ မွှေသွားတဲ့ ကြယ်နီ့ကျောင်းသားလေးတွေမဟုတ်လား”

ကြေးမုံက ခေါင်းညိတ်ပြလိုက်သည်။

“အဲ့ဒီကတည်းက ဇ ကလေးတွေနဲ့ပဲ..အခုတော့ ကိုယ့်ဆရာ ကိုယ်ပြန်ရှော့လိုက်ကြပြီပေါ့”

အသားဖြူဖြူ လူကောင်သေးသေး ကြေးမုံက ဘာမှ ပြန်မပြောပဲ မှုန်တေတေဖြင့် ကြည့်နေသည်။

“မင်း အသက်ဘယ်လောက်လဲ”

“၁၄ နှစ်”

“ကြိုက်တယ်ဟေ့..ငါ့တုန်းက ၁၆ နှစ်သားမှာ လူသတ်တာ…မင်းက ငါ့စံချိန်ကိုချိုးပြီ..ကြိုက်ပြီ..ချာတိတ်….မင်း ငါ့ဆီ အလုပ်လုပ်မလား”

“ဟိတ်ကောင်..ကလေးတွေကို မင်း တို့လို မိုက်ဇာတ်ခင်းခိုင်းဦးမလို့လား”

စခန်းမှူးမောင်မောင်ကြီးက မိုးကျော်ကို ဟောက်လိုက်သည်။

“အောင်မယ်..ကျွန်‌တော်တို့ မိုက်ဇာတ်ခင်းပြီးရလာတဲ့ ရုံဝင်ကြေးကို ခင်ဗျားတို့ကို ခွဲပေးနေရတာလေဗျာ”

“စကားပြောဆင်ခြင်..ဟေ့ကောင်..ပြောစရာရှိတာ ပြောပြီးရင် လစ်တော့…ကိုခင်အောင်..ဂါတ်စာရေးကြီးခေါ်လိုက်..ပြီးရင် ဒီကောင်လေးကို လက်ထိပ်ခတ်ပြီး အချုပ်ထဲသွင်းလိုက်”

မောင်မောင်ကြီးကို မိုးကျော်က အံကြိတ်ကာ ခပ်တိုးတိုးဆဲလိုက်သည်။

ထို့နောက်…ကြေးမုံအနားသို့ ကပ်လာပြီး
“ကဲ…မင်းတို့ ငါနဲ့ အလုပ်လုပ်မလားလို့”

“ကျွန်တော်က ထောင်ကျမှာ….ကျွန်တော့်သူငယ်ချင်းလုပ်လိမ့်မယ်”

ကြေးမုံက ဧရာကို မေးငေါ့ပြသည်။

“ကျွန်တော်လည်း ဒီကောင်နဲ့ ထောင်ထဲလိုက်ဝင်မှာ”

ဧရာ့ လေသံကြောင့် မိုးကျော်က ပုခုံးကို တွန့်လိုက်သည်။

“ကဲ..သိပ်ချစ်ကြတဲ့ကောင်တွေပါလား…မင်းတို့ထောင်ကျလည်း ခဏပဲကျအောင် ငါတို့လုပ်ပေးလို့ရပါတယ်။ ဘယ်လိုလဲ ငါတို့ဆီမှာ လုပ်မလား..ကောင်လေး”

“ကိုကြယ်နီလည်း မရှိတော့ဘူးဆိုတော့…”

ကြေးမုံစကားကြောင့် မိုးကျော်ပြုံးသွားသည်။

“အေး…ဟုတ်ပြီ..ငါ ကိုကျော်ဝင်းကို မင်းတို့အကြောင်းပြောပြပေးမယ်…သြော်..တစ်ခုတော့ ရှိတယ်နော်..ငါတို့ကိုတော့ မင်းတို့ဆရာ ကြယ်နီလို စောက်ပေါထင်ပြီး ခြေရာလာမတိုင်းနဲ့…ရထားသံလမ်းပေါ် သုံးပိုင်းဖြစ်သွားမယ်..ကြားလား”

မိုးကျော်က ကြေးမုံ၏ ခေါင်းမှ ဆံပင်များကို လက်ဖြင့်ပွတ်ကာ ထွက်သွား၏။

အသားဖြူဖြူ အရပ်မြင့်မြင့်အဲဗရက်ပလက်စလေပုံစံ ဆံပင်ဖြင့် မိုးကျော်။

လက်ပြတ်မိုးကျော် ဟုလည်း ခေါ်ကြသည်။

၁၉၅၂ ခုနှစ်၊ ပန်းဘဲတန်း စိန် အရက်ဆိုင်‌ရှေ့တွင် သန်လျင်ဘက်မှ ဝရမ်းပြေးလူမိုက် ဖိုးထူး ဖိုးဦး ညီအစ်ကို နှင့် ဓါးခြင်းယှဥ်ခုတ်ခဲ့သည့်မိုးကျော်။

ထိုဓါးခုတ်ပွဲတွင် ဖိုးထူး ဖိုးဦးတို့ ပွဲချင်းပြီး သေခဲ့ပြီး မိုးကျော်မှာ ညာဘက်လက်ညိုးတစ်ချောင်းနှင့် လက်ခလယ်ထိပ်ဖျားများသာ ပြတ်သွားခဲ့သည်။

တရားရင်ဆိုင်စဉ် အသက်မှာ (၁၆)နှစ်သာရှိသေးသဖြင့် သတင်းစာများမှ ဟိုးလေးတကျော်ရေးခဲ့ရသည့်မိုးကျော်။

ထောင် နှစ်နှစ်ဆယ်ကျသော်လည်း ခုနှစ်နှစ်သာ နေခဲ့ရပြီး ထောင်မှ လွတ်သောအခါ ပန်းဆိုးတန်းလူမိုက်ကျော်ဝင်းကြီး က တကူးတကခေါ်ယူကာ သူအနားတွင် နေရာပေးထားရသူ။

သတ်ရဖြတ်ရသည့် ကိစ္စများတင်သာမက ရဲစခန်း၊ ဌာနဆိုင်ရာများနှင့် ပတ်သက်လာလျှင် မိုးကျော်က ရှေ့ဆုံးမှ ခေါင်းခံရှင်းပေးသည်။

ထို့ကြောင့် မိုးကျော်ကား ကျော်ဝင်းကြီး၏ ရာဇပလ္လင်ကို ဆက်ခံမည့် ပန်းဆိုးတန်း၏ အိမ်ရှေ့မင်းသားလေး။

ယခု‌တော့ ကြေးမုံနှင့် ဧရာတည်းဟူသော လူငယ်လေးနှစ်ယောက်ကို အိမ်ရှေ့စံက သိမ်းသွင်းခဲ့လေပြီ။

………………………………..

“ဆရာရေ…ဟိုကောင်လေးတွေ ပြဿနာရှာနေတယ်”

ဂါတ်စာရေးကြီးက စခန်းမှူး မောင်မောင်ကြီး၏ အခန်းထဲသို့ ဝင်လာသည်။

“ဘာဖြစ်တာလဲ..အချုပ်ထဲ မဝင်ချင်ဘူးတဲ့လား”

“မဟုတ်ဘူး..သူနဲ့အတူပါတဲ့ ဧရာဆိုတဲ့ကောင်လေးက သူပါ အချုပ်ထဲ လိုက်ဝင်မယ်လုပ်နေတယ်”

“ဟေ”

“ဟုတ်တယ်..ဆရာ..လူသတ်မှုမှာ သူမပါဘဲ ကျွန်တော်တို့က ဘယ်လိုအချုပ်ထဲ ထည့်မှာလဲ..ပြောတာလဲမရဘူး..ကြေးမုံ ဆိုတဲ့ ကောင်လေးကတော့ အချုပ်ထဲ ဝင်သွားပြီ..ဟိုကောင်က သူ့ကို အချုပ်ထဲ မထည့်ရင် စခန်းက မပြန်ဘူးလုပ်နေတယ်”

“နရင်းလေးဘာလေးအုပ်ပြီး ပြန်လွှတ်လိုက်ကွာ..အလကားရှုပ်တယ်”

“ကျွန်တော်ရော ကင်းမှူးပါ တီးထားတာ ဖူးရောင်နေပြီ..အဲ့ဒါလည်း ပေကပ်နေတယ်..ဘယ်လိုလုပ်ရမလဲ”

“စောက်လုပ်ရှုပ်လိုက်တာကွာ…ငါလာခဲ့မယ်”

စခန်းမှူးမောင်မောင်ကြီးက စားပွဲပေါ်မှ မျဉ်းလုံးကိုဆွဲကာ ရုံးခန်းအပြင်ထွက်လိုက်သည်။

အချုပ်ခန်းဘက်သို့ ရောက်သောအခါ သစ်သားတန်းကို ကိုင်လျက် ထိုင်နေသော ဧရာလေးကို တွေ့လိုက်ရ၏။

အချုပ်ခန်းထဲရောက်နေသော ကြေးမုံနှင့် စကားပြောရင်း ရယ်နေကြသည်။

“ဘယ်ကောင်လည်းကွ..အားအားယားယား အချုပ်ထဲ ဝင်ချင်နေတာ”

“ကျွန်တော်”

“ဒါအချုပ်ကွ..မင်းအမေ့လင်အိမ်လိုဝင်ချင်တိုင်း ဝင်လို့မရဘူး..အမှုရှိမှ ဝင်လို့ရတာ..သွား..အခုထွက်”

စခန်းမှူးမောင်မောင်ကြီးက ဧရာကို မျဉ်းလုံးနှင့် ရွယ်လိုက်သည်။

ဧရာ၏ မျက်နှာတွင် အညိုအမဲများစွဲနေ၏။

“ဟာ..ဟေ့ကောင်တွေ..မင်းတို့ ဒီလောက်တောင် လုပ်ထားရသလား”

“ကျွန်တော်တို့လည်း အစက ကောင်းကောင်းပြောပါသေးတယ်..ပြောမရတာနဲ့ နားရင်းအုပ်လိုက်တာကို..ကျွန်တော့်ကို ပြန်ခံထိုးတယ်..ဆရာ..အဲ့ဒါနဲ့ ဒေါသထွက်ပြီး ဝိုင်းတီးလိုက်ကြတာ”

“စောက်ကျိုးနည်း…သေသွားရင် ဒီကောင်အချုပ်ထဲမဝင်ရဘဲ..မင်းတို့ဝင်နေရမယ်..ဟေ့ကောင်လေး..သွားစမ်းကွာ..အချုပ်ဆိုတာ ပြစ်မှုလုပ်ထားမှ ဝင်လို့ရတာကွ…သွား..သွား..ဟေ့..ဒီကောင့်ကို မရရအောင် ချုပ်ပြီး စခန်းအပြင် ထုတ်ကွာ..ဂိတ်ကင်းသမားကိုလည်း ပြော ပြန်မဝင်လာစေနဲ့လို့”

အချုပ်ခန်းတာဝန်ကျ ရဲသားငါးဦးမှ ဧရာကို အတင်းဝိုင်းချုပ်ကြသည်။

ဧရာက ရုန်းကန်သော်လည်း အများနှင့် တစ်ယောက်မို့ မလွယ်။

နောက်ဆုံး ဧရာ စခန်းပြင် ပြန်ရောက်သွားတော့သည်။

“ဒုံး”

ကြည့်မြင်တိုင်စခန်းရှေ့တွင်ရပ်ထားသော စခန်းပိုင် ဒေါ့ဂျစ်ကား၏ ရှေ့လေကာမှန် အက်ထွက်သွား၏။

အသံကြောင့် ဂိတ်စောင့်နေသော ကင်းသမားက သေနတ်ကိုလွယ်ကာ ရှေ့ထွက်လာလိုက်သည်။

ဧရာက လက်ထဲတွင် နောက်ထပ် အုတ်နီခဲအကြီးကြီးကို ကိုင်ထား၏။

“ခွေးသူခိုးလေး..လာပြန်ပြီလား..ငါ..”

ကင်းသမားရဲဘော်၏ စကားမဆုံးလိုက်။

အုတ်နီခဲက သူ့မျက်နှာကို “ခွပ်”ခနဲ လာမှန်သည်။

နဖူးကွဲပြီး သွေးများရဲခနဲထွက်လာ၏။

အသက်(၁၄)နှစ်ဆိုသော်လည်း အသားညိုညို၊ ဗလတောင့်တောင့် ဧရာ၏ လက်ဆက ပြင်းသည်။

ကင်းစောင့်ရဲဘော်က သူ့မျက်နှာပေါ် စီးကျလာသော သွေးများကို လက်ဖြင့် သပ်ကြည့်ကာ ကြောင်နေသည်။

ဧရာက စခန်းထဲသို့ ပြေးဝင်သွားသည်။

“ကျွန်တော့်ကို အချုပ်ထဲ ထည့်တော့”

ဧရာ၏ အသံကြောင့် စခန်းတွင်းရှိ လူများအားလုံး ဝိုင်းကြည့်လိုက်ကြသည်။

“ဟိတ်ကောင်…မင်းပြန်လာပြန်ပြီလား”

“ဟုတ်တယ်..ကျွန်တော်..ရဲကားကိုရော ရဲကိုပါ အုတ်ခဲနဲ့ ထုခဲ့တယ်..ကျွန်တော်အချုပ်ထဲ ဝင်လို့ရပြီမဟုတ်လား”

ဧရာ၏ စကားအဆုံး စခန်းတွင်းသို့ မျက်နှာကိုအုပ်လျက် ဝင်လာသော ကင်းစောင့်ရဲသားကို တွေ့လိုက်ရသည်။

ရဲသား၏ မျက်နှာတစ်ခုလုံး သွေးများဖြင့်ရွှဲနစ်လျက်။

ခက်ဇော်

အခန်း (၄) >>>>>