တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3533

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ

အီလွန်မက်စ်က Twitter ပိုင်ရှင်အသစ်ဖြစ်လာ

ဘီလျံနာ အီလွန်မတ်စ်က အောက်တိုဘာ ၂၇ ရက်မှာ ဒေါ်လာ ၄၄ ဘီလီယံတန်ဖိုးရှိ တွစ်တာရဲ့ ပိုင်ရှင်သစ် ဖြစ်လာခဲ့ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ပိုင်ရှင်အသစ်ဖြစ်လာပြီးတဲ့နောက် တွစ်တာရဲ့ ဥက္ကဌအပါအဝင် ထိပ်တန်းအမှုဆောင်အရာရှိအချို့ကို စတင် အလုပ်ဖြုတ်ပစ်ခဲ့ပါတယ်။

အီလွန်မတ်စ်အနေနဲ့ သြဇာကြီးမားတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုကို သူအရင်ကပြောဆိုခဲ့သလိုပဲ့ ရည်မှန်းချက်တွေ အောင်မြင်စေဖို့ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကို အသေးစိတ်ပြောကြားခြင်းတော့ မရှိသေးပါဘူး။

ဒါကြောင့် တွစ်တာကုမ္ပဏီမှ ဝန်ထမ်းတို့ဟာ သူတို့ရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေကြတယ်လို့ဆိုကြပေမဲ့ အီလွန်မက်စ်အနေနဲ့ကတော့ ၇၅ ရာခိုင်နှုန်းအထိ အလုပ်ဖြုတ်မယ်ဆိုတဲ့ ကောလဟာလ ကိုငြင်းဆိုထားပါတယ်။

အီလွန်မတ်စ်ကတော့ ဝင်ငွေပိုရစေဖို့ တွစ်တာကို ဝယ်ယူတာမဟုတ်ဘဲ လူသားတွေကို ကူညီဖို့ ကြိုးစားမှုတစ်ခုလို့ ဆိုခဲ့ပြီး သူရဲ့ တွစ်တာအကောင့်မှာလည်း တွစ်တာအကြီးအကဲလို့ ပြောင်းလဲရေးသားလိုက်ပါတယ်။

Ref: BBC

………………………………..

တရုတ်တွင် ရှူသွင်းနိုင်သော ကိုဗစ်ကာကွယ်ဆေး စတင်အသုံးပြု

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ရှူသွင်းအသုံးပြုနိုင်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာ ၂၆ ရက်နေ့မှာ စတင်ပေးဝေခဲ့တယ်လို့ သိရပါတယ်။

ပါးစပ်နဲ့ စုပ်ယူရှူသွင်းရတဲ့ အမှုန်အမွှားပုံစံ ကာကွယ်ဆေးကို ယခင်က ကာကွယ်ဆေးထိုးထားသူတွေအတွက် Booster ဆေးအနေနဲ့ အခမဲ့ ပေးဝေနေတာပါ။

ကျန်းမာရေးဌာနရဲ့ အသုံးပြုပုံ လမ်းညွှန်ချက်ထဲမှာတော့ ခွက်ထဲမှာ ဆေးမှုန်တွေ မကျန်အောင် ခပ်ပြင်းပြင်း စုပ်ယူရှူသွင်းခိုင်းထားပြီး ငါးစက္ကန့်ကြာအောင်အထိ အသက်ရှုအောင့်ထားရမယ်လို့ ဆိုထားပါတယ်။

ထိုဆေးကို တရုတ်ဇီဝဆေးဝါးကုမ္ပဏီ ကန်စီနို ဘိုင်အိုလိုဂျစ်က တီထွင်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ တရားဝင် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ကနေ စက်တင်ဘာလမှာ Booster ဆေးအနေနဲ့ တရားဝင် အသုံးပြုဖို့ အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

Ref: CNA

………………………………..

ကာတာမှ ကမ္ဘာ့ဖလားမတိုင်မီ ကိုဗစ်ရောဂါ ဆေးစစ်ချက် လိုအပ်မှု ဖျက်သိမ်းမယ်

ကာတာနိုင်ငံကနေ ကမ္ဘာ့ဖလားမတိုင်မီ နိုင်ငံအတွင်း ဝင်ရောက်ဖို့အတွက် လိုအပ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင် စစ်ဆေးမှုတွေကို ဖျက်သိမ်းသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထိုဖြေလျှော့မှုဟာ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ စတင်ကျင်းပမယ့် အာရပ်နယ်မြေရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ၁၉ ရက် အလို နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင် အကျိုးသက်‌ရောက်မယ်လို့ ဆိုပါတယ်။

ရောက်ရှိလာမယ့် ပရိသတ်တွေ၊ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ မီဒီယာ အရေအတွက် ၁ ဒသမ ၂ သန်းဟာ ကာတာနိုင်ငံရဲ့ သမိုင်းတစ်လျှောက် ဧည့်သည်အများဆုံး ဝင်ရောက်လာကြမှာလို့ ခန့်မှန်းထားကြပါတယ်။

၂၉ ရက်ကြာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့တဲ့ လူပေါင်း ခြောက်သန်းကျော် သေဆုံးစေခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနောက်ပိုင်း ပရိတ်သတ်တွေနဲ့အတူ ပါဝင်ကြမယ့် ကမ္ဘာ့ အားကစားပွဲ ဖြစ်လာမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

Ref: REUTERS

………………………………..

ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြင့် ပထမဆုံး အာရှနွယ်ဖွား ရီရှီဆူးနတ်ခ်ဖြစ်လာ

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီဆူးနတ်ခ်ဟာ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းက ဘာကင်ဟမ်နန်းတော်မှာ ချားစ်ဘုရင်ကြီးနဲ့တွေ့ဆုံပြီးနောက် ဝန်ကြီးချုပ်အသစ်ဖြစ်လာခဲ့ပါတယ်။

ဗြိတိန်ရဲ့ စီးပွားရေးတည်ငြိမ်ရေးနဲ့ တိုင်းပြည်ညီညွတ်ရေး လုပ်ဆောင်သွားမယ်လို့ လန်ဒန်မြို့ အမှတ် ၁၀ ဒေါင်းနင်းလမ်း ရုံးရှေ့မှာ ဝန်ကြီးချုပ်အဖြစ် ပထမဆုံး မိန့်ခွန်းပြောကြားရာမှာ ပြောဆိုခဲ့တာပါ။

ရီရှီဆူးနတ်ခ်ဟာ အောက်တိုဘာ ၂၄ ရက်မှာ အာဏာရကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် အတည်ပြုရွေးချယ်ခံရပြီးတဲ့နောက် အခု ၂၀၂၂ နှစ်တနှစ် အတွင်း ဗြိတိန်ရဲ့ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာတာပါ။

အသက် ၄၂ နှစ်အရွယ် ရီရှီဆူးနတ်ခ်ဟာ ဗြိတိန်နိုင်ငံရဲ့   အသက်အငယ်ဆုံးနဲ့ ပထမဆုံးသော အာရှနွယ်ဖွား ၀န်ကြီးချုပ်အဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

Ref: BBC

………………………………..

အိန္ဒိယမှာ ဒီပါဝလီနေ့အကြို ဆီမီးခွက်ထွန်းညှိမှု ကမ္ဘာ့စံချိန်တင်

အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ်မှာ အောက်တိုဘာ ၂၃ ရက် ဒီပါဝလီနေ့ အကြိုညက ဆီမီးခွက်ပေါင်း ၁သန်းခွဲကျော်ကို ထွန်းညှိခဲ့ကြပြီးတဲ့နောက် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းဝင်သွားခဲ့တယ်လို့သိရပါတယ်။

အိန္ဒိယနိုင်ငံ ခရီးသွားဌာန၊ ဥတာပရာဒက်ရှ်အုပ်ချုပ်ရေးအဖွဲ့၊ ဒိစတြိတ်စီမံခန့်ခွဲရေးအဖွဲ့တို့နဲ့ ဒေါက်တာ ရာမန်နိုဟာလိုဟီယာအဗာ့ဒ်တက္ကသိုလ်တို့ရဲ့ စီစဉ်မှုတွေနဲ့အတူ ဆီမီးခွက်ပေါင်း ၁,၅၇၆,၀၀၀ ကို ဒီပါဝလီနေ့ အကြိုညက ထွန်းညှိကာ ပွဲတော်ကို ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

ထိုဆီမီးခွက်တွေက ရိုးရာဓလေ့ထုံးတမ်းအရ ရွှံ့ဖြင့်ပြုလုပ်ထားတဲ့ ခွက်တွေထဲမှာ ဝါဂွမ်းချည်မျှင်နဲ့ ဆီတို့ကို အသုံးပြုကာ ထွန်းညှိကြတာပါ။

ဆီမီးခွက်ထွန်းညှိခြင်းအခမ်းအနားကို ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Ref: India Today

………………………………..

ဘင်္ဂလားဒေ့ရှ်တွင် စီထရန် လေမုန်တိုင်းကြောင့် လူ ၂၈ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စီထရန် အမည်ရှိတဲ့ မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက် လူ ၂၈ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၂၆ ကြေညာခဲ့ပါတယ်။

သန်းနှင့်ချီတဲ့ ပြည်သူတွေဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဒဏ် ကိုခံခဲ့ကြရပြီး လူတစ်သန်းခန့် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

စီထရန်မုန်တိုင်းဟာ အောက်တိုဘာ ၂၄ ညပိုင်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အာဏာပိုင်တွေက မုန်တိုင်း မဝင်ရောက်မီ လူတစ်သန်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

မုန်တိုင်းကြောင့် အိမ်ခြေ တစ်သောင်း နီးပါး ထိခိုက်ပျက်စီးခဲ့ရကြောင်းနဲ့ ပုစွန်မွေးမြူရေးခြံ တစ်ထောင်ခန့်လည်း ရေနစ်မြုပ်သွားခဲ့ပြီဟု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနက အတွင်းရေးမှူးက ဆိုထားပါတယ်။

Ref: CNA

………………………………..

ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးဖို့ ဩစတေးလျတပ်ဖွဲ့ ၇၀ စေလွှတ်မယ်

ရုရှားကျူးကျော်စစ်ကို တွန်းလှန်မယ့် ယူကရိန်းရဲ့ စစ်အင်အားကို အားကောင်းစေဖို့ ယူကရိန်း တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးရာမှာ အကူအညီပေးဖို့ ဗြိတိန်ဆီကို စစ်သား ၇၀ စေလွှတ်မယ်လို့ သြစတြေးလျက အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။

ယူကရိန်းပဋိပက္ခစခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ဩစတြေးလျရဲ့ နောက်ဆုံးအထောက်အပံ့ အနေနဲ့ ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ၄၂၅ သန်း ပံ့ပိုးသွားမှာဖြစ်ပြီး ကျည်ကာယာဉ်အစီးရေ ၃၀ ကိုလည်း ပေးမယ်လို့ ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလက်စ်က ပြောပါတယ်။

ယူကရိန်းအတွက် ဩစတြေးလျဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ အကြီးဆုံး ထောက်ပံ့ပေးသူတွေထဲက တနိုင်ငံလည်း ဖြစ်ပါတယ်။

ဩစတြေးလျဟာ ယူကရိန်းကို အကူအညီနဲ့ ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနေပြီး ရုရှားနိုင်ငံဆီ အလူမီနီယံနဲ့ အလူမီနီယံသတ္တုရိုင်း တင်ပို့မှုကို တားမြစ်ထားပါတယ်။

Ref: VOA

………………………………..

နိုင်ငံခြားသားများမြေကွက်ဝယ်ယူခွင့် ထိုင်းအစိုးရအတည်ပြု

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေအနေနဲ့ ကိုယ်ပိုင်မြေကွက် ဝယ်ယူနိုင်မယ့်ဥပဒေ ပြဋ္ဌာန်းချက် တရပ်ကို အောက်တိုဘာ ၂၅ ရက်က ကျင်းပပြီးစီးသွားတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။

စီးပွားရေး ပြည်လည်ထူထောင်နိုင်ဖို့၊ နိုင်ငံခြားနဲ့ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့၊ ကျွမ်းကျင်သူပညာရှင်တွေနဲ့ လူသားရင်းမြစ် အရည်အသွေးမြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံခြားသားတချို့ကို နေထိုင်ခွင့်မြေရောင်းချပေးဖို့ ဝန်ကြီးများအဖွဲ့ကနေ အတည်ပြုလိုက်တာဖြစ်ကြောင်း ဆိုထားပါတယ်။

မြေဝယ်ယူခွင့်ရှိတဲ့ နိုင်ငံခြားသားတွေကတော့ နိုင်ငံတကာသူဌေးသူကြွယ်တွေ၊ ပင်စင်စားတွေ၊ ထိုင်းမြေပေါ်မှာနေထိုင်ပြီး အလုပ်လုပ်ကိုင်လိုသူတွေ၊ ပညာရပ်တခုခုမှာ တဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်သူတွေ ပါဝင်တယ်လို့ သိရပါတယ်။

မြေဝယ်ယူသူတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ဘတ်သန်းပေါင်း ၄၀ နဲ့ အနည်းဆုံး ၃ နှစ် ရင်းနှီးမြှုပ်နှံမှုရှိရမယ်လို့ ဆိုပါတယ်။

Ref: The Straits Times

………………………………..

တောင်နှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံ သတိပေးပစ်ခတ်

ကိုရီးယားကျွန်းဆွယ်ရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ အောက်တိုဘာလ ၂၄ ရက်က မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ အပြန်အလှန် သတိပေးပစ်ခတ်ခဲ့ပါတယ်။

သူတို့ရဲ့ ပင်လယ် ရေကြောင်း နယ်နိမိတ်ကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲရင်း စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတာပါ။

တောင်ကိုရီးယား ရေတပ်သင်္ဘောတစ်စင်းကနေ မြောက်ပိုင်းနယ်နမိတ်မျဉ်း NLL ကို ကျော်ကာ ချိုးဖောက်ပြီး ဝင်ရောက်လာတဲ့ အမည်မသိသင်္ဘောတစ်စင်းကို ခြေရာခံဖို့ သတိပေးပစ်ခတ်ပြီးတဲ့နောက် အမြောက် ၁၀ စင်း ပစ်ခတ်ခဲ့တယ်လို့ မြောက်ကိုရီးယားစစ်တပ်က ပြောပါတယ်။

NLL ကို ဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယား ကုန်သင်္ဘောတစီးကို မနက် ၃ နာရီ ၄၀ မိနစ် ဝန်းကျင်မှာ သတိပေးချက်တွေ ထုတ်လွှင့်ခဲ့ပြီး သတိပေး ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) ကနေလည်း ပြောကြားထားပါတယ်။

Ref: The Guardian

………………………………..

ယူဂန်ဒါတွင် မျက်မမြင်ကျောင်းမီးလောင်ပြီး ကျောင်းသား ၁၁ ဦးသေဆုံး

ယူဂန်ဒါနိုင်ငံအလယ်ပိုင်းက မျက်မမြင်ကျောင်းတကျောင်းမှာ မီးလောင်မှုကြောင့် ကျောင်းသား ၁၁ ယောက်ထက်မနည်း သေဆုံးပြီး တခြား ၆ ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၅ ရက်မှာ ပြောပါတယ်။

မြို့တော် ကမ်ပါလာရဲ့ အရှေ့ဘက် ကီလိုမီတာ ၃၀ အကွာ မူခိုနိုမြို့မှာရှိတဲ့ ဆာလားမာ မျက်မမြင်ကျောင်းမှာ မနက် ၁ နာရီဝန်းကျင်က မီးလောင်ခဲ့ပြီး အကြောင်းရင်းကို မသိရသေးဘူးလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ယူဂန်ဒါနိုင်ငံမှာ ကျောင်းအဆောင်တွေကနေတဆင့် မကြာခဏ ကူးစက်တဲ့ မီးလောင်မှုတွေ အဖြစ်များပါတယ်။

မီးလောင်မှုတချို့က တမင်သက်သက် မီးရှို့မှုလို့ အာဏာပိုင်တွေကပြောပြီး အများစုကတော့ လျှပ်စစ်ဝါယာကြိုးတွေ သွယ်တန်းတပ်ဆင်ပုံ မှားယွင်းတာကြောင့်လို့ အပြစ်တင်ထားပါတယ်။

Ref: BBC

………………………………..