သထုံတွင် ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရ၊ တစ်ဦးဒဏ်ရာရ

0
4230

မွန်ပြည်နယ်၊ သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ် တစ်စီး ပစ်ခတ်ခံရကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသော ရွှေဝယ်မင်း ခရီးသည်တင်မှန်လုံယာဉ်သည် အောက်တိုဘာ ၂၄ ရက်နေ့ ည ၈ နာရီခွဲခန့်က ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်းကျေးရွာအနီးအရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ခရီးသည်တင် မှန်လုံယာဉ် ပစ်ခတ်ခံရမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသားတစ်ဦး ပေါင်တွင် ထိခိုက်ဒဏ်ရာရ ကြောင်း ဒေသခံတို့က ဆိုသည်။

“ခရီးသည်အမျိုးသားတစ်ဦး ပေါင်မှာ ကျည်ထိမှန် ဒဏ်ရာရသွားတယ်။ တခြားတော့ ထိခိုက်တာမရှိဘူး” ဟု အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဒဏ်ရာရရှိသည် ခရီးသည်ကို သုဝဏ္ဏဝတီမြို့ ပြည်သူ့ဆေးရုံသို့ု ပို့ဆောင်ကာ ဆေးကုသပေးနေကြောင်း ကူညီပေးသူတို့ထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့ညကလည်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ မိုးကောင်းစေတီတော်အနီး ရန်ကုန် – မော်လမြိုင် ကားလမ်းတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ခရီးသည်တင်ယာဉ်တစ်စီးမှ ကားစပယ်ယာတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဇွန်လကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်တွင် စစ်တောင်း နာရေးကူညီမှုအသင်းယာဉ်လည်း ပစ်ခတ်ခံရပြီး အသင်းသားတစ်ဦး သေဆုံးသွားခဲ့သည်။

သထုံမြိုနယ် ရန်ကုန်-အဝေးပြေးလမ်းမတလျှောက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား မကြာခဏ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားလေ့ရှိသည်။