ကျိုက်မရောတွင် တိုက်ပွဲပြင်းထန်နေ

0
318
ပုံစာ - မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တပ်ဖွဲ့ဝင်များ။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအနီးတဝိုက်တွင် ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

သံချပ်ကာကားများဖြင့် တရနာ၊ သံကလောင်ကျေးရွာဘက်သို့ ထိုးစစ်ဆင်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပူးပေါင်းတပ်တို့ကြား ယနေ့ နံနက် ၇ နာရီဝန်းကျင်က တိုက်ပွဲစတင်ဖြစ်ပွားကြောင်း ဒေသခံတို့က ဆိုသည်။

“မနက်ပိုင်းလောက်ကတည်းက ပစ်နေတာ။ တရနာ၊ သံကလောင် အဲဒီဘက်မှာဖြစ်နေတာ။ စစ်တပ်တွေက အဲဒီဘက်ကို ဝင်လာလို့ တိုက်ပွဲဖြစ်တာ။ လေယာဉ်နဲ့လည်း ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်နေသည့်အပြင် လက်နက်ကြီးများ ဖြင့်လည်း ဆက်တိုက်ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မတ်လ ၂၄ ရက်နေ့ကစပြီး ကော့ဘိန်းကျေးရွာနှင့် ကျိုက်မရောမြို့နယ်၊ ဂျိုင်းမြစ်ဒေသရှိ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့ပေါက်အစရှိသည့် ကျေးရွာများထဲသို့ စစ်ကောင်စီတပ်တို့က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသည့်အခြေအနေရှိနေသည်။

ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ခံရပြီးနောက် ကော့ဘိန်းနှင့် ဆက်စပ်သည့် ဂျိုင်းမြစ်ဒေသက ကျေးရွာများထဲကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေကြောင်းပေါင်းစုံဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်နေ့က ဓမ္မသကျေးရွာတွင် လူနေအိမ် ၃၀၀ ကျော် မီးလောင် ပြာကျခဲ့ရပြီး ယနေ့ထိတိုင်လည်း စစ်ကောင်စီက ကျေးရွာထဲကို လေကြောင်း၊ ရေကြောင်းဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။

ထိုသို့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် ဓမ္မသကျေးရွာတွင် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြရပြီး အနီးနားတဝိုက်ကျေးရွာမှ ဒေသခံပြည်သူများအပါအဝင် ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထွက်ပြေးနေရသူအများစုမှာ မွန်လူမျိုးများဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။