ထားဝယ်တွင် ကိုဗစ်အလောင်းများကို မနက်ဖြန်မှ စတင်ကာ သရဏဂုံတင်ခွင့်မပြု

0
4230

ထားဝယ်တွင် ကိုဗစ်ဖြင့် သေဆုံးသူ နေ့စဉ်ရက်ဆက်ရှိလာသောကြောင့် မီးသင်္ဂြိုဟ်သည့် သုသာန်တွင် ကိုဗစ်အလောင်းအား သရဏဂုံတင်ခြင်း မပြုရန် နာရေးကူညီမှုအသင်း-ထားဝယ်က မေတ္တာရပ်ခံပန်ကြားသည်။

ဗုဒ္ဓဘာသာကိုးကွယ်သည့် မြန်မာလူမျိုးများသည် သေဆုံးသူကို ရည်စူးကာ အသုဘအလောင်းကို သုသာန်တွင် မြေမချမီ၊ မီးသင်္ဂြိုဟ်ခြင်းမပြုမီ အသုဘပို့သူ မိသားစုဝင်များနှင့် ဆွေမျိုး မိတ်သင်္ဂဟများက သရဏဂုံတင်ခြင်း၊ တရားနာ ရေစက်ချအမျှပေးဝေခြင်းတို့ ပြုလုပ်လေ့ရှိသည်။

ကိုဗစ်အလောင်းအား လူစုလူဝေးဖြင့် သရဏဂုံတင်ခြင်း၊ တရားနာခြင်းများပြုလုပ်ပါက ကူးစက်မှုနှင့် သေဆုံးမှုနှုန်းများ ယခုထက်ပိုများလာမည်စိုးရိမ်သဖြင့် ကိုဗစ်အလောင်းအား သရဏဂုံတင်ခြင်းကို မနက်ဖြန် အောက်တိုဘာလ ၂၆ ရက်မှ စတင်ကာ ခွင့်ပြုပေးတော့မည်မဟုတ်ကြောင်း အဆိုပါအသင်း၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

“နှစ်လောင်းတွေ သုံးလောင်းတွေ ဆုံလာပြီဆို အဲ့ဒါသည် ပြဿနာအများကြီးရှိတယ်။ ကျွန်တော်တို့က မျက်နှာကြီး မျက်နှာငယ်လည်းမလိုက်ဘဲ သူခင်တယ် ငါခင်တယ်လည်းမဖြစ်ဘဲနေအောင် ဘယ်ကိုဗစ်အလောင်းကိုမဆို အခုလို ဆက်တိုက်ဖြစ်နေတဲ့အချိန်မှာ သရဏဂုံတင်တာကို ကျွန်တော်တို့ မတင်ခိုင်းဘူးပေါ့နော်။ အဲ့ဒါကို နားလည်ပေးပါဆိုပြီး ပန်ကြားထားတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အောက်တိုဘာလ ၂၀ ရက်မှ ၂၅ ရက်နေ့အထိ ထားဝယ်တွင် ကိုဗစ်ကြောင့် သေဆုံးသူ နေ့စဉ်ရက်ဆက်ရှိလာပြီး သေဆုံးသူ ရှစ်ဦးအထိ ရှိလာပြီဖြစ်သည်။

အောက်တိုဘာလ ၂၅ ရက် ယနေ့တွင်လည်း ညင်းထွေးကျေးရွာမှ အသက် ၆၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး ကိုဗစ်ဖြင့်‌ သေဆုံးကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်ထံမှ သိရသည်

၂၀၂၁ ခုနှစ် ဇူလိုင်လကလည်း ကိုဗစ်ကြောင့် သေဆုံးမှု ဦးရေမြင့်တက်ခဲ့သဖြင့် သုသာန်ရှိ ကိုဗစ်အလောင်းများကို သရဏဂုံတင်ခွင့်၊ သစ်သားအခေါင်းနှင့်ထည့်ပြီး မီးသင်္ဂြိုဟ်ခွင့်၊ အရိုးကောက်ခွင့်တို့ကို နာရေးကူညီမှုအသင်းက တားမြစ်ခဲ့သည်။

ဒီဇင်ဘာလတွင် ကိုဗစ်နှင့် သေဆုံးသူဦးရေ ပြန်လည်လျော့ကျလာသဖြင့် အသုဘရှင်များ၏ တောင်းဆိုချက်အရ အထက်ပါ စည်းကမ်းတင်းကျပ်မှုများကို ပြန်လည်ဖြေလျော့ပေးခဲ့သည်။

ယခုတဖန် ကိုဗစ်နှင့် သေဆုံးသူ တစ်ရက်လျှင် တစ်လောင်းမှ သုံးလောင်းအထိ နေ့စဉ်ရှိလာတာကြောင့် ကိုဗစ်အလောင်းအား သရဏဂုံတင်ခွင့်ပြုခြင်းကို ပြန်လည်ပိတ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။

ထားဝယ်တွင် ကိုဗစ်ဖြင့် သေဆုံးသူများကိုလည်း ရိုးရိုးသာမာန်ရောဂါနှင့် သေဆုံးသူကဲ့သို့ပင် အသုဘ အခမ်းအနားဖြင့် ဧည့်ခံခြင်း၊ ရက်လည်ကျင်းပခြင်းများကို ပြုလုပ်လျက်ရှိသည်။

ကိုဗစ်ဖြင့် သေဆုံးသူ မိသားစုများအပါအဝင် ကိုဗစ်ပိုးတွေ့သူ မိသားစုဝင်များကိုပါ သက်ဆိုင်ရာ ကျန်းမာရေးဌာနက ကိုဗစ်-၁၉ ရောဂါစစ်ဆေးတာ၊ နေအိမ်ကွာရန်တင်းဝင်ပြီးနေထိုင်ရန် စသည်တို့ ယခင်အတိုင်းမှာကြားဆဲဖြစ်သည်ဟု ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူက ပြောသည်။

“ကိုဗစ်ဆိုရင်တော့ ကိုဗစ်ပုံစံအတိုင်းပဲ သူတို့ကိုဆောင်ရွက်ခိုင်းတာပေါ့လေ။ အသုဘဆိုရင်လည်း အတတ်နိုင်ဆုံး မိသားစုဝင်နဲ့ပဲ အကျဉ်းချုံးကျင်းပဖို့ ညွှန်ကြားထားတယ်” ဟု ၎င်းက ဆိုသည်။

အောက်တိုဘာလ ၂၀ ရက်မှ ၂၅ ရက်နေ့အထိ ထားဝယ်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ရှစ်ဦးရှိလာပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်ထံမှ သိရသည်။