ထိုင်းတောင်ပိုင်း ဖူးခက်တွင် မြန်မာတစ်ဦး မြောင်းထဲပြုတ်ကျပြီး ရေနစ်သေဆုံး

0
4310

ထိုင်းနိုင်ငံ ဖူးခက်ခရိုင်ရှိ လမ်းဘေး ရေထုတ်ရေမြောင်းကြီးတွင် ရေစီးနှင့်အတူ မျောပါသေဆုံးနေသော မြန်မာလူမျိုးတစ်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ဖူးခက် လူမှုကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဖူးခက်ခရိုင် ချလောင်ဒေသတွင် အောက်တိုဘာလ ၁၉ ရက်နေ့၌ လမ်းဘေးရှိ ရေမြင့်တက်လာနေသော မြောင်းကို အသက် ၄၇ နှစ်အရွယ်ရှိ မြန်မာလူမျိုးတစ်ဦး ကြည့်ရှုနေစဉ်တွင် အဆိုပါမြောင်းထဲ ပြုတ်ကျသွားခဲ့ပြီး ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း ရေးသားထားသည်။

အဆိုပါ မြန်မာနိုင်ငံသားကို ဖူးခက်လူမှုကယ်ဆယ်ရေးအသင်းဖြစ်သော Kusoldharm Foundation က ရှာဖွေနေခဲ့ရာ အောက်တိုဘာလ ၂၁ ရက် ညနေ ၆ နာရီအချိန်ခန့်တွင် ပြုတ်ကျသွားသောနေရာ၏ ခပ်ဝေးဝေးနေရာတွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

သို့သော်လည်း သေဆုံးသွားသော မြန်မာလူမျိုး၏ အမည်နှင့် နေရပ်လိပ်စာတို့ကို မသိရှိရသေးဟု ဆိုသည်။

အဆိုပါ မြန်မာနိုင်ငံသားသည် ရေထဲသို့ စတင်ပြုတ်ကျစဉ်တွင် လက်ပြဝှေ့ယမ်းကာ အော်ဟစ် အကူအညီတောင်းခံခဲ့ သည်ကို ဘေးပတ်ဝန်ကျင်ရှိ လူများအပြား မြင်တွေ့ခဲ့ကြသော်လည်း မြောင်းမှာ ကျယ်လွန်းနေပြီး ရေစီးမြန်နေသော အချိန်ဖြစ်နေသဖြင့် မည်သူမှ ကယ်ဆယ်နိုင်ခဲ့ခြင်းမရှိသဖြင့် သေဆုံးခဲ့ရကြောင်း သတင်းများတွင် ရေးသားထားသည်။

ကယ်ဆယ်ရေးသမားများသည် မြန်မာနိုင်ငံသား၏ အလောင်းကို အဆိုပါရေမြောင်းအတွင်းမှ ဆယ်ယူနိုင်ခဲ့ပြီးနောက် ရင်ခွဲစစ်ဆေးရန်အတွက် ဝက်ချီရာဖူးခက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရေးသားထားသည်။

အဆိုပါရေမြောင်းများကို ဖူးခက်မြို့ ချလောင်ဒေသနှင့် ဝီချစ်ဒေသများတွင် မိုးရာသီ၌ ရေကြီးရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ပြီး ဖူးခက်မြို့တွင် အောက်တိုဘာ ၁၉ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ကာ လမ်းများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

Ref: The Thaiger, Phuketandamannews