ရုတ်တရက်ပြန်တက်လာသည့် ရွှေနှင့်ဘတ်စျေးကွက်

0
4205

မြန်မာနိုင်ငံအား အမည်ပျက်စာရင်း သွင်းလိုက်ခြင်းကြောင့် ရွှေ နှင့်ထိုင်းဘတ်ငွေဈေးမှာ ဆက်တိုက်ကျနေရာမှ ရုတ်တရက် ပြန်မြင့်တက်သွားခဲ့သည်။

ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာစောင့် ကြည့်ရေးအဖွဲ့(FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း အောက်တိုဘာလ ၂၁ ရက်ညက ကြေညာလိုက်ခြင်းဖြစ်သည်။

ထိုအကျိုးဆက်ကြောင့် စီးပွားရေး ကမောက်ကမဖြစ်ပြီး မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းလာမည်ကို ပြည်သူအများစုက စိုးရိမ်လာကြသည်။

ယင်းကြောင့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဒေါ်လာဈေးတို့မှာ ရုတ်ချည်းမြင့်တက်သွားပြီး ဈေးကွက်တစ်ခုလုံးအပေါ် ကမောက်ကမဖြစ်လာစေခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

အကျဘက်ရောက်နေသည့် ရွှေဈေး ငါးသိန်းအထိထိုးတက်

ယခုအပတ်အတွင်း တစ်ကျပ်သားလျှင် ၂၅ သိန်းကျော်အထိ တအိအိဈေးကျလာခဲ့သည့် အခေါက်ရွှေသည် အောက်တိုဘာလ ၂၂ ရက် မနက်တွင် ချက်ချင်းဈေးတက်သွားသည်။

အောက်တိုဘာလ ၂၀ ရက် (ကြာသပတေးနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ငါးသိန်းရှစ်သောင်းသာ ပေါက်ဈေးရှိနေခဲ့သည်။

ထိုနောက် FATF က အမည်ပျက်ကြေညာပြီး အောက်တိုဘာလ ၂၂ ရက်တွင်မူ တစ်ကျပ်သားလျှင် ကျပ်ငါးသိန်းဈေးတက်သွားပြီး ပေါက်ဈေးမှာ သိန်းသုံးဆယ်ငါးသောင်းကျပ်ဖြင့် ဈေးဖွင့်လာကြသည်။

လက်ရှိထားဝယ်ဈေးကွက်တွင် ပေါက်ဈေးကို ကြိုက်ရောင်းကြိုက်ဝယ်သဘောဖြင့် အရောင်းအဝယ်လုပ်နေကြကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

တနင်္လာနေ့(အောက်တိုဘာလ ၁၇ ရက်) ဈေးဖွင့်ချိန်က တစ်ကျပ်သားလျှင် ၂၆ သိန်းစွန်းစွန်းသာရှိခဲ့သည်။

ရွှေနှင့်အပြိုင်တက်လာသည့် ထိုင်းဘတ်ဈေး

အမည်ပျက်စာရင်းကိစ္စကြောင့် ထိုင်းဘတ်ငွေဈေးလည်း ရွှေဈေးနှင့်အတူ အမြင့်ဘက်ကို ပြန်ရောက်သွားသည်။

တနင်္လာနေ့(အောက်တိုဘာလ ၁၇)တွင် တစ်ဘတ်လျှင် ၇၆ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည့် ထိုင်းဘတ်သည် အထက်ပါကိစ္စမတိုင်ခင်က အလှုပ်အခတ်နည်းနေခဲ့သည်။

အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ဘတ်ဈေးအပြောင်းအလဲ အနည်းငယ်သာရှိခဲ့ပြီး တစ်ဘတ်လျှင် တစ်ကျပ် သို့မဟုတ် နှစ်ကျပ်သာ အတက်အကျရှိခဲ့သည်။

သို့သော် မြန်မာနိုင်ငံအမည်ပျက်စာရင်းသွင်းခံရသည့်နေ့မှစကာ ရုတ်တရက် အလှုပ်အခတ်များလာပြီး တစ်ဘတ်လျှင် ငွေကျပ် ၈၀ ကျော်သွားခဲ့သည်။

သို့ရာတွင် ဈေးကွက်အတွင်း ဘတ်ငွေဝယ်မရဖြစ်နေပြီး အရောင်းအဝယ်ဈေးကွက်လည်း ယာယီရပ်နားကာ အခြေအနေ စောင့်ကြည့်နေကြသည်။

ကျပ်ဆယ်ဂဏန်းသာ အပြောင်းအလဲရှိသည့် စက်သုံးဆီဈေး

ထိုင်းဘတ်နှင့် ရွှေဈေးအတက်ကြမ်းနေချိန်တွင် စက်သုံးဆီဈေးမှာ အလှုပ်အခတ်နည်းနေပြီး တစ်လီတာလျှင် ငွေကျပ်ဆယ်ဂဏန်းသာ အပြောင်းအလဲရှိသည်။

ယခုအပတ် တနင်္လာနေ့ဈေးဖွင့်ချိန်က 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၅၀ ကျပ်ရှိခဲ့ပြီး သောကြာနေ့တွင် ၁၉၉၅ ကျပ် ပေါက်ဈေးရှိခဲ့သည်။

ကြားရက်များတွင်လည်း တစ်လီတာလျှင် ငွေကျပ်ဆယ်ဂဏန်းသာ အတက်အကျရှိသည်။

ရွှေနှင့် ဘတ်ဈေးထိုးတက်ခဲ့သည့် အောက်တိုဘာလ ၂၂ ရက်တွင်မူ 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၅၀ ကျပ် ဈေးပေါက်ခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၅၀၀ ကျပ်မှ ကျပ် ၃၀၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လက်ရှိ မြန်မာနိုင်ငံကို ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဘဏ္ဍာရေးဆိုင်ရာစောင့် ကြည့်ရေးအဖွဲ့(FATF) က အမည်ပျက်ကြေညာလိုက်ခြင်းက ကျပ်ငွေတန်ဖိုးထပ်မံကျဆင်းလာမည့်အရေးကို ပြည်သူများက စိုးရိမ်နေကြသည်။

အမည်ပျက်သွင်းသည့် ဂယက်ကြောင့် ဝယ်လိုအားများပြီး ပြည်တွင်းရွှေဈေး တက်နိုင်သည့်အပြင် ကမ္ဘာ့ရွှေဈေးမှာ ဆက်တိုက်ကျနေရာမှ ပြန်လည်ဦးမော့လာသည်။

ထိုကြောင့် ရွှေဈေးမှာ အတက်ဈေးကို ဆက်သွားနိုင်ပြီး မည့်သည့်ပမဏအထိ ရောက်မည်ကိုမူ ခန့်မှန်းရခက်လှသည်။

စစ်ကောင်စီက ပြည်တွင်းရွှေဈေးထိန်းညှိရန်ဟုဆိုကာ အခေါက်ရွှေများကို ထုတ်ရောင်းနေသော်လည်း လက်ရှိဂယက်ကို ကုစားနိုင်မည်မဟုတ်ဟု ခန့်မှန်းရပေသည်။

ကျပ်ငွေတန်ဖိုးထပ်ကျမည်ကို စိုးရိမ်ကြသည့်အတွက် ဘတ်ဈေးမှာလည်း ရွှေဈေးနှင့်အတူ အတက်ဈေးတွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။

လက်ရှိတွင် ထိုင်းဘတ်မှာ အဝယ်သာရှိပြီး ထုတ်ရောင်းသူမရှိသဖြင့် ဈေးကွက်အတွင်း သေချရေရာသည့် နှုန်းထားဖြင့် ဈေးဖွင့်ထားခြင်းမရှိပေ။

ထိုအခင်းအကျင်းများကြောင့် ထိုင်းဘတ်မှာလည်း အတက်ဈေးတစ်ခုတွင် အတိုင်းအတာတစ်ခုအထိ ရှိနေမည်ဖြစ်သည်။

ရေနံဈေးမှာမူ အမေရိကန်ဒေါ်လာဈေး၊ ကမ္ဘာ့ရေနံပေါက်ဈေးများအပေါ် အဓိက မူတည်နေသည်။

ရေနံအဓိကထုတ်လုပ်သည့် အိုပက်အဖွဲ့ဝင်နိုင်ငံများက ရေနံစိမ်းထုတ်လုပ်မှုလျော့ချရန် ဆုံးဖြတ်လိုက်သည့်အတွက် ကမ္ဘာ့စက်သုံးဆီဈေးမှာ တက်ရိပ်ပြနေသည်။

လက်ရှိ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းထားမြင့်တက်ခြင်း၊ ကမ္ဘာ့ရေနံဈေးတက်လာခြင်းတို့ကြောင့် ပြည်တွင်းစက်သုံးဆီဈေးလည်း ပြန်လည်ဦးမော့လာမည့် အခြေအနေတွင်သာ ရှိနေသည်။