တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3578

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ

မြန်မာနိုင်ငံ ငွေကြေးခဝါချမှု အမည်ပျက်စာရင်းသွင်းခံရ

နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ FATF က မြောက်ကိုရီးယား၊ အီရန်တို့ နည်းတူ မြန်မာနိုင်ငံကို အမည်ပျက်စာရင်းထဲ အောက်တိုဘာလ ၂၁ ရက်ညတွင် ထည့်သွင်းလိုက်သည်။

Financial Action Task Force (FATF) သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှုများကို တားဆီးနိုင်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများ စုစည်းတည်ထောင်ထားသည့် ပြင်သစ်အခြေစိုက်အဖွဲ့ဖြစ်သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် အစည်းအဝေးတွင် မြန်မာကို အမည်ပျက်စာရင်းထဲ ထည့်လိုက်ခြင်းဖြစ်သည်။

ငွေကြေးခဝါချမှုမျိုးစုံနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှုများကို တားဆီးကိုင်တွယ်နိုင်ရန် ပျက်ကွက် သဖြင့် မြန်မာကို အမည်ပျက်စာရင်းသွင်းမည်ဟု စက်တင်ဘာလကပင် သတင်းထွက်နေခြင်းဖြစသည်။

FATF ၏ အမည်ပျက်စာရင်းထဲကို ရောက်ရှိသွားသဖြင့် နိုင်ငံတကာနှင့် ဆပ်စပ်လုပ်ကိုင်နေသည့် ငွေကြေးစီးဆင်း မှုများ၊ ကုန်သွယ်ရေးလုပ်ငန်းများ အခက်အခဲဖြစ်သွားနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လာရန်လည်း အလွန် ခက်ခဲသွားနိုင်ကြောင်း ထောက်ပြထားကြသည်။ ကုန်ဈေးနှုန်း ကြီးမြင့်ဒဏ်ကိုလည်း ခါးစည်းခံရနိုင်ကြောင်း ထောက်ပြမှုများလည်း ရှိသည်။

လက်ရှိတွင် ပြည်တွင်း၌ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ် ငွေလဲနှုန်းများ ခုန်တက်သွားပြီး ရွှေဈေးလည်း ထိုးတက် သွားသည်။

မြန်မာကို အမည်ပျက်စာရင်းသွင်းထားသော်လည်း လူသားချင်းစာနာမှုဆိုင်ရာကိစ္စများကိုမူ ကင်းလွတ်ခွင့်ပြုထား သေးသည်။

………………………………..

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအပါအဝင် ရှစ်ဦးသေဆုံးသည့် အင်းစိန်ထောင်ဗုံးပေါက်ကွဲပစ်ခတ်မှု

ရန်ကုန် အင်းစိန်ထောင် ထောင်ဝင်စာပါဆယ်ပို့သည့်အဆောက်အအုံ၌ ဗုံးပေါက်ကွဲပစ်ခတ်မှုဖြစ်စဉ်တွင် ထောင်ဝင်စာ လာတွေ့သည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအပါအဝင် ရှစ်ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့သည်။

အင်းစိန်ထောင် အဝင် အထွက်ဂိတ်ပေါက်ဝ ထောင်ဝင်စာပါဆယ်ပို့သည့် အဆောက်အအုံ အတွင်းနှင့် အပြင်တို့တွင် အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းက ပါဆယ်ဗုံးနှစ်လုံး ပေါက်ကွဲပြီးနောက် အကျဉ်းထောင်ဘက်က ပြန်လည် ပစ်ခတ်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

ယင်းဖြစ်စဉ်တွင် အကျဉ်းထောင်ဝန်ထမ်းသုံးဦးနှင့် ထောင်ဝင်စာလာတွေ့သည့် အရပ်သားပြည်သူငါးဦး သေဆုံး ခဲ့သည်။ သေဆုံးရာတွင် ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ် (ခေါ်) ကိုလင်းထက်နိုင်၏ မိခင် အသက် ၅၅ နှစ်အရွယ် ဒေါ်ကြီးမြင့်ပါဝင်ပြီး ယင်းနေ့ နံနက်က သားဖြစ်သူ၏ ရုံးထုတ်သို့ လာရောက်ခြင်းဖြစ်သည်။

ယင်းအပြင် ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းသပိတ်ဖြိုခွင်းခံရမှုတွင် ဖမ်းဆီးခံခဲ့ရသည့် ကိုဟိန်းမင်းထွန်း၏ မိခင်၊ ပုဒ်မ ပုဒ်မ ၅၀၅ ဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့် ကိုရဲစိုးထွန်း၏ မိခင်လည်း ပါဝင်သည်။ သေဆုံးရာတွင် အသက် ၁၀အရွယ် ကလေးတစ်ဦးလည်း ပါဝင်သည်။

ဒဏ်ရာရသူ ၁၈ဦးအတွက် ထောင်ဝန်ထမ်း ငါးဦးနှင့် ထောင်ဝင်စာလာတွေ့သည့် အရပ်သားပြည်သူ ၁၃ ဦး ပါဝင်သည်။ ယင်းအနက် အသက် ၉ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေးနှစ်ဦး ပါဝင်သည်။ 

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အင်းစိန်ထောင်တွင်း အထူးတရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းလိုက်ပြီး အင်းစိန်ထောင် အပါအဝင် နိုင်ငံတဝန်းရှိ အကျဉ်းထောင်အများပြားတွင်လည်း ထောင်ဝင်စာပါဆယ်ပို့ခွင့် ပိတ်ပင်လိုက်သည်။

ဗုံးဖောက်ခွဲမှုကို Special Task Agency of Burma (STA) ဆိုသည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားပြီး အင်းစိန်ထောင်မှူးကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ အရပ်သားပြည်သူထိခိုက်မှု မှာ ဗုံးပေါက်ကွဲပြီးနောက် ထောင်ဘက်က ပစ်ခတ်ခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။ စစ်ကောင်စီဘက်ကမူ ဗုံးဖောက်ခွဲမှုကြောင့်ဟု တုံ့ပြန်ထားသည်။

အရပ်သားပြည်သူများကို ထိခိုက်စေသည့်နေရာတွင် တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရှုတ်ချ ထားပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကော်မတီ (AJMM)၊ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) အပါအဝင် တော်လှန်ရေး အင်အားစုများကလည်း ရှုတ်ချထားသည်။

ပေါက်ကွဲပစ်ခတ်မှုမှာ နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံထားရသူူများကို ရုံးထုတ်ရက်နှင့် ထောင်ဝင်စာပို့သည့်နေ့ရက်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကာ ကျူးလွန်သူကို ထိထိ ရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း NUG က ကြေညာထားသည်။

………………………………..

တိုက်ပွဲပြင်းထန်ခဲ့သည့် ကော့ကရိတ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲစခန်းများကို ကရင်အမျိုးသားအစည်းအရုံး KNU/KNLA နှင့် ပူးပေါင်း တပ်များက အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုသားကာကွယ်ရေးအဖွဲ့ (KNDO)၊ ကော်သူးလေ တပ်မတော်၊ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ခြင်္သေ့စစ်ကြောင်း၊ Eagle Brigades, Federal Wings စသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များက ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအချို့ကို ပစ်ခတ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

တိုက်ပွဲအတွင်း လက်နက်ကြီးကျည်များ လူနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား သုံးဦးသေဆုံးကာ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများ၏ ပြောဆိုချက်များအရ သိရသည်။

ကော့ကရိတ်မြို့ကို ပိတ်ဆို့ကာ ပူးပေါင်းတပ်များက ထိန်းထားနိုင်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့များက ပြောဆိုထားသည်။ စစ်ရေးမှာ အောက်တိုဘာလ ၂၂ ရက်အထိ တင်းမာနေဆဲဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီးများ၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်သဖြင့် အရပ်သားများ ထိခိုက် သေဆုံး ဒဏ်ရာရသည်ဟု ပူးပေါင်းတပ်များဘက်က ပြောဆိုသည်။ စစ်ကောင်စီကမူ ကော့ကရိတ်မြို့ကို KKO ခွဲထွက်အဖွဲ့နှင့် PDF များက လက်နက်ကြီးများနှင့် ပစ်ခတ်ဝင်ရောက်လာသဖြင့် အရပ်သားများ ထိခိုက်ဒဏ်ရာ ရသည်ဟု ဆိုသည်။

………………………………..

မြန်မာ့ အင်တာနက်လွတ်လပ်ခွင့် ဆိုးရွားလာ

မြန်မာနိုင်ငံသည် ကမ္ဘာ့အင်တာနက် လွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံထဲက တစ်နိုင်ငံဖြစ်လာကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အဖွဲ့တစ်ခုဖြစ်သည့် Free Expression Myanmar (FEM) က အောက်တိုဘာလ ၁၈ ရက်တွင် ထုတ်ပြန်သည့် ၂၀၂၂ ခုနှစ် အွန်လိုင်းလွတ်လပ်မှု အကဲဖြတ်ခြင်းအစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာ့အင်တာနက်လွတ်လပ်ခွင့်သည် ၂နှစ် ဆက်တိုက်ကျဆင်းနေပြီး လက်ရှိတွင် မြန်မာသည် တရုတ်နိုင်ငံနည်းတူ ဒစ်ဂျစ်တယ်အခွင့်အရေးချိုးဖောက်မှုများတွင် ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာသည်ဟုဆိုသည်။

အင်တာနက် ဖြတ်တောက်ခြင်း၊ အသုံးပြုခ အခွန်အခများကို တိုးမြှင့်ကောက်ခံခြင်းတို့ လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး စည်းရုံးရေး လုပ်ဆောင်သူများနှင့် ဒစ်ဂျစ်တယ်တက်ကြွလှုပ်ရှားမှုများကိုလည်း စစ်ကောင်စီက ပိုမိုပြင်းထန်စွာဖိနှိပ် လာသည်ဟုလည်း FEM က ဖော်ပြသည်။

အွန်လိုင်းပေါ်ရှိ တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထောင်ချခြင်းများ ပိုမိုမြင့်မားလာခြင်း၊ VPN အပါအဝင် အင်တာနက် အသုံးပြုမှုကို ရာဇဝတ်မှုအဖြစ် ပြစ်ဒဏ်များ ပိုမိုချမှတ်အရေးယူလာသည်ဟု ဆိုသည်။

မြန်မာသည် တရုတ်ကဲ့သို့ အဆင့်မြင့်နည်းပညာအသုံးပြုကာ အင်တာနက်သုံးစွဲသူများကို ပိတ်ဆို့ခြင်း၊ ဆင်ဆာ ဖြတ်တောက်ခြင်းနှင့် အနှောင့်အယှက်ပြုဖိနှိပ်ခြင်းများ မလုပ်နိုင်သေးသော်လည်း အင်တာနက်ဖြတ်တောက်ခြင်းနှင့် ဒစ်ဂျစ်တယ်သုံးစွဲသူများအား ဖမ်းဆီးထောင်ချခြင်း ကဲ့သို့သော အချို့အညွှန်းကိန်းများတွင် တရုတ်ထက် ပိုမိုဆိုးရွားနေသည်ဟုလည်း FEM က ပြောသည်။

စစ်ကောင်စီကမူ NUG ၊ CRPH၊ PDF တို့နှင့် ပတ်သက်၍ အွန်လိုင်းပေါ်တွင် ထောက်ခံရေးသားခြင်း၊ မှတ်ချက်ပြုခြင်း၊ မျှဝေခြင်း စသည်တို့ကို နှစ်ရှည်ထောင်ဒဏ်မှ သေဒဏ်အထိ ချမည်ဟု ခြိမ်းခြောက်ထားပြီး VPN အသုံးပြုသူများကိုလည်း ထောင်ချနိုင်ရန် ဥပဒေကို ပြင်ဆင်ထားသည်။

………………………………..

မြန်မာ့အရေး အာဆီယံအရေးပေါ်အစည်းအဝေး

မြန်မာ့အရေးအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးကို အောက်တိုဘာလ ၂၇ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာတွင် ကျင်းပမည်ဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ နိုဝင်ဘာလအတွင်း ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် အရေးပေါ်အစည်းအဝေးခေါ်ခြင်းဖြစ်သည်။

မြန်မာ့အရေးအတွက် အာဆီယံက ဘုံသဘောတူညီချက် ငါးရက်ကို ချမှတ်ပေးထားသော်လည်း စစ်ကောင်စီက အကောင်အထည်ဖော်မှု အားနည်းနေသည့်အပေါ် ယင်းအစည်းအဝေးတွင် ဆွေးနွေးကြမည်ဟု ဖော်ပြသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူ ၂၃၀၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံရေး အကျဉ်းသား များကို သေဒဏ်စီရင်ခြင်း၊ စာသင်ကျောင်းကို လေကြောင်းဖြင့် ပစ်ခတ်မှု အပါအဝင် သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အာဆီယံက စိတ်ပျက်နေပြီဟုလည်း ရေးသားသည်။

အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ထားဘဲ နိုင်ငံရာထူး ရယူထားခြင်း မရှိသူတစ်ဦးကိုသာ စေလွှတ်ပေးရန် အာဆီယံက ဖိတ်ကြားထားသည်။

………………………………..

မလေးရှားတွင် ခိုလှုံခွင့်တောင်းသည့် မြန်မာများ ပြန်ပို့ခံရ

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို ပြန်ပို့နေရာတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားသည့် မြန်မာနိုင်ငံသား ရေတပ်အရာရှိဟောင်းအချို့ ပါဝင်သည်ဟု ရိုက်တာ သတင်းဌာနက ရေးသားသည်။

နိုင်ငံရေး ခိုလှုံခွင့်တောင်းခံထားသူများအား ပြန်ပို့ခြင်းကို ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက မလေးရှားနှင့် နိုင်ငံတကာ အစိုးရများကို တိုက်တွန်း တောင်းဆိုလိုက်သည်။

တရားဝင် နေထိုင်ခွင့် အထောက်အထားမရှိသဖြင့် မလေးရှားအစိုးရက ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသား ၁၅၀ ဦးကို အောက်တိုဘာလ ၆ရက်က မြန်မာနိုင်ငံသို့ ပြန်ပို့ရာတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းထားသည့် ရေတပ်အရာရှိဟောင်း ခြောက်ဦးပါဝင်သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြသည်။

၎င်းတို့သည် CDM တွင် ပါဝင်သူများဖြစ်ပြီး မလေးရှားရှိ UNHCR မှတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းနေသူများ ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်းမှာ အလွန်အန္တရာယ်များသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ထားကြသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကို အပြင်းအထန် ဝေဖန်နေသည့် မလေးရှားအစိုးရမှာ ယခုကဲ့သို့ နိုင်ငံရေးခိုလှုံခွင့် တောင်းထားသည့် CDM သမားကို ပြန်ပို့သဖြင့် ဝေဖန်မှုများစွာနှင့်လည်း ရင်ဆိုင်နေရသည်။

………………………………..

ကျောင်းဆရာ သတ်ဖြတ်ခံရမှု အမေရိကန်ရှုတ်ချ

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း သစ်ညီနောင်ကျေးရွာ၌ NUG စာသင်ကျောင်းတွင် သင်ကြားပေးနေသည့် ကျောင်းဆရာ ဦးစောထွန်းမိုး သတ်ဖြတ်ခံရမှု အမေရိကန်က ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ပြောသည်။

ပေါက်မြို့နယ် တောင်ပိုင်း ကျေးရွာများကို စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်တို့က စစ်ကြောင်းထိုးနေချိန် အောက်တိုဘာလ ၂၆ ရက်တွင် ဦးစောထွန်းမိုး ဖမ်းဆီးခံရနောက် သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ယင်းသတင်းမှာ တုန်လှုပ် ဖွယ်ရာကောင်းကြောင်း ၎င်းက ဆိုသည်။

ဦးစောထွန်းမိုးအား ဦးခေါင်းနှင့် လက်ချောင်းများကို ဖြတ်တောက်သတ်ဖြတ်ခဲ့ပြီး ဦးခေါင်းကို ကျောင်းတံခါးတွင် ချိတ်ထားခဲ့သဖြင့် ယင်းလုပ်ရပ်အပေါ် ပြည်တွင်းအပြင် နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ ကြသည်။

ယင်းလုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတကာက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူရန်လိုကြောင်း Ned Price က ပြောဆိုပြီး စစ်ကောင်စီဘက်ကမူ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။

ဦးစောထွန်းမိုးသည် ပုဂ္ဂလိကစာသင်ကျောင်းတွင် ပညာသင်ကြားပေးနေသည့် ဆရာဖြစ်ပြီး အာဏာသိမ်းမှုနောက်ပိုင်း တွင် NUG စာသင်ကျောင်းတွင် ပညာသင်ကြားပေးနေသည့် ဆရာတစ်ဦးဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

………………………………..

မွတ်ဆင်လင်အမျိုးသမီးကို အဓမ္မပြုကျင့်သည့် AA ရဲဘော်နှစ်ဦး ထောင်ဒဏ်နှင့် ကြိမ်ဒဏ်ချခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ရွာက အသက် ၃၀အရွယ် အိမ်ထောင်သည် မွတ်ဆလင် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည့် ရက္ခိုင့်တပ်တော် (AA) ရဲဘော်နှစ်ဦးကို AA က ထောင်ဒဏ် နှစ် ၂၀နှင့် ကြိမ်ဒဏ် အချက် ၃၀ ချမှတ်လိုက်သည်။

လက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့သည်ဟု တိုင်တန်းလာမှုကြောင့် AA က စစ်ခုံရုံးဖြင့် စုံစမ်းစစ်ဆေးခဲ့ပြီး ကျူးလွန် ခံရသည့် ကာယကံရှင်မိသားစုနှင့် သက်သေများကို စစ်ဆေးချက်၊ ခွင့်ပြုချက်မရှိဘဲ အရက်သေစာသောက်စား မူးယစ်ကာ ကျူးလွန်ခဲ့သည်ဟု တပ်သားနှစ်ဦးတို့၏ ဝန်ခံထွက်ဆိုချက်အရ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း AA က အောက်တိုဘာလ ၂၀ ရက်တွင် ထုတ်ပြန်သည်။

နစ်နာသူ မိသားစုဝင်များ၊ ကျေးရွာခေါင်းဆောင်အချို့နှင့် ဘာသာရေးခေါင်းဆောင်အချို့တို့၏ ရှေ့မှောက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ပြီး ကြိမ်ဒဏ် အချက် ၃၀ကို စီရင်ပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။ နစ်နာသူ မိသားစုကိုလည်း AA အနေဖြင့် တောင်းပန်ခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွင် ပြောထားသည်။

လူမျိုး၊ ဘာသာ မခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ စီရင်ဆောင်ရွက်လျက်ရှိသည်ကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

………………………………..

နိုင်ကျဉ်းဟောင်း ဦးဇော်သက်ထွေး ဖမ်းဆီးခံရ

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်သက်ထွေးကို အောက်တိုဘာလ ၁၉ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် များက နေအိမ်သို့ လာရောက်ပြီး မေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ 

ခဏလိုက်ခဲ့ပါ ဟုဆိုကာ ခေါ်သွားသော်လည်း မိသားစုနှင့် အောက်တိုဘာလ ၂၂ ရက်အထိ အဆက်အသွယ် မရသေးဘဲ မည်သည့်နေရာတွင် ထိန်းသမ်းထားသည်ကိုလည်း မသိရသေးကြောင်း သိရသည်။

ဦးဇော်သက်ထွေးသည် ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့သဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးမှု၊ နယ်စပ်ရောက် ကျောင်းသားများနှင့် တရားမဝင်ဆက်သွယ်မှု ပုဒ်မတို့ဖြင့် ၁၉၉၀ ပြည့်နှစ်တွင် ထောင် ခြောက်နှစ်ချမှတ်ခံခဲ့ရသည်။

ယင်းနောက် ၂၀၀၃ ခုနှစ်တွင် ထပ်မံဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံခဲ့ရပြန်သည်။ ၂၀၁၂ ခုနှစ်တွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ ယင်းနောက် စာပေနှင့် သတင်းမီဒီယာလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သူဖြစ်သည်။

………………………………..

ကော်ဖီထုပ်မှားသောက်မိ၍ ဆရာတော်နှင့် ဒကာလေးဦး သတိလစ်

ရှမ်းပြည်နယ် တာချီလိတ်မြို့ နတ်မောက် ရွှေသူ‌ဋ္ဌေးကုန်းကျောင်းတိုက်က ဆရာတော် တစ်ပါးနှင့် ဒကာလေးဦးတို့ သည် ကျောင်းတိုက်သို့လာရောက်လှူဒါန်းထားသည့် တရုတ်စာတမ်းပါ ကော်ဖီထုပ်ကို ဖျောက်သောက်ရာမှ သတိလစ်မေ့မြောသဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

ယင်းကော်ဖီထုပ်မှာ KTV ၊ ဘားတို့တွင် လူငယ်များ စိတ်မြူးကြွစေရန် သောက်သုံးသည့် မူးယစ်စေတတ်သည့် အရာတစ်မျိုးဖြစ်ပြီး တစ်ယောက်တည်း တစ်ထုပ်သောက်လျှင် အာနိသင်ပြင်းထန်လွန်းသည်ဟု လူမှုကွန်ရက်တွင် ပြောဆိုကြသည်။

ယင်းကော်ဖီကို သောက်သုံးမိသဖြင့် အသက် ၅၄နှစ်အရွယ် ဆရာတော်တစ်ပါး၊ အသက် ၅၃နှစ်အရွယ်၊ ၃၂နှစ်အရွယ်၊ ၂၇ နှစ်အရွယ်၊ ၁၉ နှစ်အရွယ် ဒကာလေးဦးတို့ကို ဆေးရုံသို့အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း ဦးလှမိုး လူမှုကူညီရေးအသင်းထံမှ သိရသည်။

………………………………..