တစ်ယူနစ် ၂၀၀၀ ကျော်သွားသည့် ဘုတ်ပြင်းလျှပ်စစ်မီတာခ အနည်းငယ်စျေးပြန်ကျ

0
3795

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ သွားလာရန်ခက်ခဲသည့် ပင်လယ်ရွာများတွင် လျှပ်စစ်မီတာခ တယူနှစ် နှစ်ထောင်ကျော်အထိ တက်ခဲ့ပြီးနောက် အနည်းငယ်စျေးပြန်ကျလာကြောင်း ဒေသခံများ ထံမှသိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အလယ်မန်ရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက လျှပ်စစ်မီးတစ်ယူနစ် ၂၁၅၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ယခုလတွင် ၁၈၀၀ ကျပ်သို့ဈေးပြန်ကျသွားသည်ဟု ဒေသခံများနှင့် လျှပ်စစ်မီးပေးသည့် လုပ်ငန်းရှင်ကပြောသည်။

“အဲဒီလက ဒီဇယ်ဆီ ကမန်းကတန်း(တက်သုတ်ရိုက်) စျေးတက်သွားတယ်။ (၁ ပေပါ) ၉ သိန်းခွဲပေးတာတောင် ဝယ်လို့မရဖြစ်သွားတယ်။ ခုကတော့ ၆ သိန်းခွဲအထိ ဈေးပြန်ကျသွားတော့ ဒီလ တစ်ယူနှစ် ၁၈၀၀ ကျပ်ကိုပြန်ချလိုက်ပါပြီ”ဟု အလယ်မန်ကျေးရွာ ပုဂ္ဂလိက လျှပ်စစ်မီးပေးဝေသည့် လုပ်ငန်းရှင်ကပြောသည်။

ယင်းကဲ့သို့ ဈေးတင်လိုက်သည့်အတွက် အိမ်ခြေ ၂၅၀ ဝန်းကျင်ခန့် မီတာကြေးလာမဆောင်ကြတော့ဘဲ သပိတ်မှောက်ခံရကြောင်း ၎င်းကပြောပြသည်။

“ဒီလမှာမောင်းထားတဲ့ ဓါတ်အားခက နောက်လမှကောက်ရတာကိုး အဲဒါကိုလူတွေက သဘောမပေါက်ကြပဲ။ ဒီလမှာ ဆီဈေးကျသွားပြီ မီတာခက ဘာကြောင့်တက်ရသလည်းဆိုပြီး သပိတ်မှောက်ကြတာ။ခုတော့ အားလုံးပြန်လာသွင်းကုန်ကြပါပြီ”ဟု အထက်ပါလုပ်ငန်းရှင်ကပြောသည်။

အလယ်မန်ရွာတွင် အိမ်ခြေ ၇၀၀ ဝန်းကျင်ခန့်ရှိပြီး ဆိုလာမီး အသုံးပြုကြသူများလည်းရှိကြောင်း ဒေသခံများ ထံမှသိရသည်။

အလားတူ ယင်းရွာအနီးရှိ ကြိမ်မဲတောင်ရွာတွင် လျှပ်စစ်မီးပေးနေသည့် ပုဂ္ဂလိက မီးလင်းရေးလုပ်ငန်း နှစ်ခုရှိပြီး တစ်ခုမှာရပ်နားထားသည်မှာ ကြာနေပြီဖြစ်ပြီး နောက်တစ်ခုသည်လည်း စက်သုံးဆီဈေးကြီးမြင့်မှုကြောင့်ပြီးခဲ့သည့်စက်တင်ဘာလမှ စတင်ကာရပ်နားလိုက်ပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

“တစ်ယူနှစ် ၂၀၀၀ ကျော်လာတော့ လူတွေက မသုံးနိုင်ကြတော့ဘူး။နောက်ဆုံးမီးစက်လည်း နားလိုက်ရတယ်”ဟု ဒေသခံအမျိုးသမီး ကပြောသည်။

ကြိမ်မဲတောင်ရွာတွင် အိမ်ခြေလေးရာဝန်းကျင်ရှိကာ ဆိုလာမီးသုံးစွဲသူများလည်းရှိကြပြီး လက်ရှိအချိန်တွင် ဆိုလာပစ္စည်းများလည်း ဈေးမြင့်တက်လာသည့်အတွက် လူတစ်ချို့သာ ဝယ်ယူသုံးစွဲနေကြကြောင်း ၎င်းတို့ကဆိုသည်။

ယင်းကျေးရွာတို့တွင် ပြီးခဲ့ ၂၀၂၂ မတ်လက လျှပ်စစ်တစ်ယူနစ် တစ်ထောင်ဝန်းကျင်သာရှိခဲ့သည်။