တရားမဝင် မြန်မာလုပ်သား ၁၉ ဦးမလေးရှားနယ်စပ်တွင် ဖမ်းဆီးခံရ

0
3662

ထိုင်း-မလေးရှားနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၉ ဦးကို မလေးရှားနိုင်ငံ ပြည်နယ်နှစ်ခုတွင် ယမန်နေ့ (အောက်တိုဘာ ၁၇) ညနေပိုင်းအချိန်က ဖမ်းဆီးရမိကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်း-မလေးရှားနယ်စပ် Kedah ပြည်နယ် Bukit Kayu Hitam နှင့် ကလန်တန်းပြည်နယ် Tanah Merah နေရာနှစ်ခုရှိ ရာဘာတောထဲတွင် သဘာဝလမ်းကြောင်းအတိုင်း တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် အမှတ် ၆ မလေးရှားတပ်ရင်းတစ်ခုမှ နယ်စပ်တစ်လျှောက် ကင်းလှည့်စစ်ဆေးရာတွင် ဓါတ်ငွေ့ပိုက်လိုင်းအနီး ရာဘာတောထဲရှိ ခြုံထဲတွင် ပုန်းခိုနေသော မြန်မာအလုပ်သမား ၉ ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။

ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ပထမဖမ်းဆီးရမိထားသူများနှင့် အုပ်စုတစ်ခုတည်းဟု ယူဆရသော မြန်မာအလုပ်သမား ၄ ဦးကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်ဟုဆိုသည်။

အဆိုပါနေရာတွင် စုစုပေါင်း မြန်မာအလုပ်သမား ၁၃ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး အားလုံးတွင် ခရီးသွားအထောက်အထား တစ်စုံတစ်ရာမတွေ့ရှိရဘဲ သဘာဝလမ်းကြောင်းမှတစ်ဆင့် ခိုးဝင်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦးတို့ပါဝင်ခဲ့ပြီး အသက်အားဖြင့် ၁၈ နှစ်မှ ၄၀ နှစ်အထိရှိနေကြကြောင်း ဖော်ပြထားသည်။

နောက်ထပ်နယ်စပ်နေရာ တစ်ခုဖြစ်သော Tanah Merah ၌လည်း ယင်းနေ့ညနေ ၆ နာရီအချိန်ခန့်တွင် အမှတ် ၈ မလေးရှားတပ်ရင်းတစ်ခုမှ တရားမဝင် မြန်မာအလုပ်သမား ၆ ဦးကို ဖမ်းဆီးရမိထားသေးကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၁၈ မှ ၆၄ နှစ်အရွယ်ရှိပြီး မြန်မာအလုပ်သမားများတွင် အထောက်အထား တစ်စုံတစ်ရာမတွေ့ရှိရဘဲ မလေးရှားနိုင်ငံသားလမ်းပြတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများထံမှ ဖုန်း၊ ကျပ်ငွေ၊ ရင်းဂစ်ငွေ၊ ဘတ်ငွေများအားလုံးကို သိမ်းဆည်းခဲ့ပြီး ၎င်းတို့ကို Bukit Kayu Hitam ရဲစခန်းနှင့် Nibong ရဲစခန်းတို့တွင် ထိန်းသိမ်းထားကာ မလေးရှားလဝကဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်တွင်း မလုံခြုံမှု၊ အလုပ်အကိုင်ရှားပါးလာမှုနှင့်အတူ အထွေထွေကုန်စျေးနှုန်း မြင့်တက်မှုတို့ကြောင့် မြန်မာအလုပ်သမားများသည် ငွေကျပ် ၁၅ သိန်းမှ သိန်း ၄၀ အထိ အကုန်ကျခံကာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ကာ အလုပ်လုပ်ကိုင်နိုင်ရေး ကြိုးစားနေကြခြင်းဖြစ်သည်။

Ref: Kosmo Online, Malaysia Gazette