အကျဘက်မှာ ရှိနေသည့် ဘတ်၊ ရွှေ၊ စက်သုံးဆီ စျေးကွက်လားရာ

0
4109

ဘတ်၊ ရွှေ ဈေးနှုန်းသည် ယခုအပတ်တွင် သိသိသာသာ အကျကြမ်းခဲ့သည်။

ထိုင်းဘတ်နှင့် ရွှေဈေးနှုန်းသည် ထိပ်စီးဂဏန်းပြောင်းသည်အထိ ခုန်ဆင်းသွားခြင်းဖြစ်ပြီး စက်သုံးဆီဈေးမှာမူ အကျနှေးနေသည်။

ယင်းကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် ရွှေဈေးနှုန်း၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်း၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်ကို စုစည်းဖော်ပြလိုက်သည်။

အကျကြမ်းသည့်ရွှေ

ပြီးခဲ့သည့်အပတ်မှစကာ ဆက်တိုက်ဈေးကျလာခဲ့သည့် ရွှေဈေးသည် ယခုအပတ်တွင် တစ်ကျပ်သားလျှင် ကျပ်လေးသိန်းကျော်အထိ အကျကြမ်းခဲ့သည်။

အမေရိကန်ဒေါ်လာအကျတွင် မြန်မာ့ရွှေဈေးလည်း လိုက်ပါကျဆင်းလာပြီး စက်တင်ဘာလကုန်ရက်တွင် တစ်ကျပ်သားလျှင် ကျပ်နှစ်ဆယ့်ငါးသိန်းခွဲ ဝန်းကျင်သာ ပေါက်ဈေးရှိတော့သည်။

ယခုအပတ် တနင်္လာနေ့(စက်တင်ဘာလ ၂၆ ရက်)က တစ်ကျပ်သားလျှင် ငွေကျပ် နှစ်ဆယ့်ခုနှစ်သိန်းခွဲ ဈေးရှိရာမှ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျပ်နှစ်ဆယ့်သုံးသိန်း ဝန်းကျင်သာ ဈေးဖွင့်တော့သည်။

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားလည်း ယခုအပတ်တွင် ဆက်တိုက်ကျဆင်းခဲ့ပြီး တစ်ဒေါ်လာလျှင် ကျပ်သုံးထောင်အောက် ရောက်သွားခဲ့သည်။

ဈေးအကျကြမ်းနေသည့်အတွက် ထားဝယ်ဈေးကွက်အတွင်း အရောင်းအဝယ် တန့်သွားကြောင်း ရွှေဆိုင်ပိုင်ရှင် အချို့ထံမှ သိရသည်။

“ဝယ်လက်နည်းတာကလည်း ရွှေဈေးကျစေတဲ့ ရာခိုင်နှုန်း ပိုများစေတယ်” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အကျဘက်ရောက်နေသည့် ရွှေစျေးနှုန်းမှာ လာမည့်လတွင်လည်း ဆက်ကျနိုင်ကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့က ခန့်မှန်းကြသည်။

ထိပ်စီးပြောင်း ဘတ်ဈေး

ရွှေနှင့်အတူ ကျဆင်းလာသည့် ဘတ်ဈေးသည် ယခုအပတ်တွင် ကျပ် ခုနှစ်ဆယ်တန်းသို့ ရောက်ရှိသွားသည်။

ပြီးခဲ့သည့်အပတ်က ထိုင်းငွေတစ်ဘတ်လျှင် ကျပ်ရှစ်ဆယ်ကျော် ဈေးပေါက်နေရာမှ ယခုအပတ်တွင် ခြောက်ဆယ်ကျော်သာ ရှိတော့သည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထိုင်းငွေတစ်ဘတ်လျှင် ၇၁ ကျပ်ဝန်းကျင်  ပေါက်ဈေးရှိပြီး ယခုကာလအတွင်း ဈေးအကျဆုံး နှုန်းထားတစ်ခု ဖြစ်လာသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင်လည်း ထိုင်းငွေတစ်ဘတ်လျှင်  ၇၀ ကျပ်အောက် ရောက်ရှိသွားပြီး အချို့နေရာများတွင် တစ်ဘတ်လျှင် ၆၆ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်လုပ်ကြကြောင်း သိရှိရသည်။

ထိုအခြေအနေတွင် ဘတ်ပေးကျပ်ယူသည့် ငွေလွှဲသူနည်းပါးသွားကြောင်း ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။

တစ်လှမ်းချင်းဆင်းလာသည့် စက်သုံးဆီ

ရွှေနှင့် ထိုင်းဘတ်ဈေး သိသိသာသာ အကျကြမ်းနေသော်လည်း စက်သုံးဆီဈေးမှာမူ တဖြည်းဖြည်းချင်းသာ ကျလာနေသည်။

ယခင်အပတ်က 92 ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၂၂၀၀ ကျော်ရှိရာမှ ယခုအပတ်တွင် ၂၁၀၀ ကျော် ဖြစ်လာသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ပေါက်ဈေးအရ 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၃၀ ကျပ် ပေါက်ဈေးရှိနေသည်။

အဆိုပါဈေးနှုန်းမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားဖြစ်ပြီး ပြင်ပပေါက်ဈေးနှင့် ကွာဟချက်ရှိသည်။

စစ်ကောင်စီက သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှင့် ပြင်ပတွင် ရောင်းချနေသည့် စက်သုံးဆီဆိုင်ငယ်များတွင် ရောင်းချသည့်နှုန်းထားမှာ တစ်လီတာလျှင် ငွေကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ဈေးကွာနေသည်။

နောက်အပတ်အတွက် ဈေးကွက်သုံးသပ်ချက်

ဒေါ်လာလဲလှယ်နှုန်းထား ဆက်တိုက်ကျနေပြီး ကမ္ဘာ့ရွှေဈေးလည်း ကျနေသည့်အတွက် မြန်မာ့ရွှေဈေးမှာ အကျဘက်တွင် ဆက်ရှိနေမည်ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးကျနေသည့်အပြင် ဈေးကွက်အတွင်း အရောင်းအဝယ်မရှိဘဲ ဈေးကွက်အီနေခြင်းကလည်း မြန်မာ့ရွှေဈေးထပ်ကျစေသည့် အကြောင်းအရင်း တစ်ရပ်ဖြစ်စေသည်။

ထိုကြောင့် လာမည့်အပတ်တွင် ရွှေဈေးဆက်ကျမည်ဖြစ်ပြီး မည်မျှကျဆင်းနိုင်မည်ကိုမူ မပြောနိုင်ပေ။

လာမည့်အပတ်တွင် ရွှေဈေးနှင့်အတူ ထိုင်းဘတ်ငွေဈေးလည်း ဆက်ကျနေမည်ဟု ခန့်မှန်းရသည်။

အမေရိကန်နိုင်ငံတွင် ဘဏ်အတိုးနှုန်း မြှင့်တင်လိုက်ပြီးနောက်ပိုင်း နိုင်ငံတကာငွေကြေးဈေးကွက်တွင် ဒေါ်လာဈေး မာလာသည်။

ယင်းသို့ ဒေါ်လာဈေး တန်ဖိုးတက်လာသည့် အကျိုးဆက်အနေဖြင့် ထိုင်းဘတ်ငွေပျော့ သွားပြီး မြန်မာကျပ်ငွေနှင့် လဲလှယ်ရာတွင် တန်ဖိုးကျဆင်းလာခြင်းဖြစ်သည်။

လက်ရှိ ထိုင်းဘတ်ဈေးအခြေအနေမှာ မည်မျှဆက်ကျမည်ကို ခန့်မှန်းရခက်နေသည့် အနေအထားတွင် ရှိနေကြောင်း ငွေလွှဲလုပ်ငန်းရှင်များက သုံးသပ်သည်။

ကမ္ဘာ့ရေနံဈေးကျလာခြင်းနှင့် ဒေါ်လာဈေးကျလာသည့်အတွက် စက်သုံးဆီဈေးနှုန်းလည်း လိုက်ပါကျဆင်းလာမည်ဟု ခန့်မှန်းသည်။

သို့ရာတွင် မြန်မာနိုင်ငံအတွင်း စက်သုံးဆီတင်သွင်းနိုင်မှု အခြေအနေအရ ထင်သလောက် ကျဆင်းမည့် အရိပ်အယောင်မျိုး မတွေ့ရပေ။