ထိုင်းတွင် ကားတိုက်မှုကြောင့် ပင်လယ်စာတင်ကားမောင်းသည့် မြန်မာလုပ်သား သေဆုံး

0
4687

ထိုင်းနိုင်ငံ စမူစွန်ခရာမ်ခရိုင်တွင် ကားတိုက်မှုကြောင့် ပင်လယ်စာများသယ်ဆောင်သည့် ကုန်တင်ကားမောင်းသည့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ (အောက်တိုဘာ ၁) နံနက် ၇နာရီခွဲက မဲကလွန်းမဟာချိုင်ဆေးရုံအနီးရှိ ရာမ (၂) လမ်းပေါ်တွင် အဆိုပါကားသည် ဂငယ်ကွေ့ ကွေ့ရန် စောင့်ဆိုင်းနေစဉ်တွင် အနောက်မှလာသော ကုန်တင်ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခြင်းဖြစ်ပြီး အလုပ်သမား ၅ ဦးလည်း ဒဏ်ရာရရှိသည်ဟု ဆိုသည်။

မောင်မောင် အမည်ရှိ မြန်မာအလုပ်သမား မောင်းလာသည့် ၁ဝဘီးတပ် ကားမှာ ပက်လက်အနေအထားဖြင့် တိမ်းမှောက် ပျက်စီးနေကာ ၎င်းမှာလည်း အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း သတင်းများတွင် ရေးသားသည်။

ကား၏ အနောက်ပိုင်းတွင် ပင်လယ်စာပို့ရန် လိုက်ပါလာသော ရွှေ့ပြောင်းအလုပ်သမား ၅ ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိသဖြင့် အနီးရှိ စိုးမ်ဒေ့ဘုရားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

သို့သော်လည်း ဒဏ်ရာရရှိသော အလုပ်သမားများတွင် မြန်မာအလုပ်သမားများ ပါဝင်ခြင်းရှိမရှိ ဖော်ပြထားခြင်းမရှိဘဲ ကားပေါ်မှ ပုစွန်နှင့် ငါးများ၊ ငါးခြင်းတောင်းများ ပြန့်ကျဲနေခဲ့သည်ဟုသာ ဖော်ပြထားသည်။

အနောက်က ဝင်တိုက်ခဲ့သော ထိုင်းကားသမားမောင်းနှင်လာသည့် ကုန်တင်ကားသည် ယာဉ်တိုက်မှုနေရာနှင့် ၅၀ မီတာ ခန့် အကွာတွင် ပျက်စီးနေပြီး ကားသမားမှာ ထွက်ပြေးခြင်းမရှိကြောင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

မြန်မာအလုပ်သမား မောင်းနှင်လာသော ကားသည် လေ့ယိုင်ဒေသရှိ မဲကလော ငါးဈေးမှ ပင်လယ်စာများ သယ်ဆောင်လာကာ ဘန့်ကျကေ့ဒေသသို့ ပို့ဆောင်ရန် သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းကသမား ပြောပြချက်အရ ရှေ့က ကုန်တင်ကားကို မြင်ရသော်လည်း အရှိန်မြင့်နေသဖြင့် မမီတော့ဘဲ ဝင်တိုက်မိခြင်း ဖြစ်ကြောင်း သတင်းများတွင် ရေးသားထားကြသည်။

ထိုင်းကားသမားမှာ ခရီးရှည်မောင်းနှင်လာမှုကြောင့် ပင်ပန်းနေပုံရသဖြင့် အိပ်ငိုက်သွားခြင်းဖြစ်နိုင်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ကောက်ချက်ချထားပြီး အဖြစ်မှန်ကို ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဟု ပြောဆိုကြောင်းလည်း ရေးသားဖော်ပြသည်။

Ref: Matichon Online, KomchadLuek Online