တနင်္သာရီတိုင်းတွင် ယခုလ တစ်လလုံးနီးပါး မိုးများနိုင်

0
3820

မြန်မာတစ်ဝှမ်းလုံးမှ အောက်တိုဘာ ဒုတိယအပတ်ခန့်ကစတင်ကာ မုတ်သုံဆုတ်ခွာနိုင်သော်လည်း တနင်္သာရီတိုင်းတွင်မူ ယခုလအတွင်း ပုံမှန်ထက် မိုးပိုမိုရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။

ယခုလတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း လေးကြိမ်ဖြစ်ပေါ်လာနိုင်ပြီး ယင်းလေးကြိမ်အနက် နှစ်ကြိမ်မှာ မုန်တိုင်းအငယ်အဖြစ် ကူးပြောင်းသွားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းလေဖိနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီတိုင်းတွင် အောက်တိုဘာလအတွင်း ရက်ပေါင်း ၁၉ ရက်မှ ၂၂ ရက်အထိ မိုးရွာမည်ဖြစ်ပြီး ပုံမှန်ထက် မိုးရေချိန်ပိုများနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

မုတ်သုံလေမှာ အောက်တိုဘာလ ပထမအပတ်တွင် မြစ်ဝကျွန်းပေါ်ဒေသမှ ဆုတ်ခွာနိုင်ပြီး အောက်တိုဘာလ ဒုတိယအပတ်တွင်မူ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ဆုတ်ခွာနိုင်ကြောင်း ထုတ်ပြန်သည်။

မုတ်သုံဆုတ်ခွာသွားသော်လည်း မိုးဆက်ရွာနိုင်ကြောင်း မိုး/ဇလကဆိုသည်။

မိုး/ဇလ၏ အချက်အလက်အရ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း တိုင်းနှင့်ပြည်နယ်အလိုက် မိုးအများဆုံးရွာသွန်းခဲ့သည့်ဒေသများအထဲတွင် တနင်္သာရီတိုင်းလည်းပါဝင်သည်။

ထားဝယ်ခရိုင်ရှိ နယ်ဘက်ကျေးရွာအများစုတွင် ရေမြောင်းများ ပြုပြင်ထိန်သိမ်းမှု မလုပ်ဆောင်နိုင်ခဲ့သဖြင့် မိုးသည်းထန်စွာရွာသွန်းသည့် အချိန်မျိုးတွင် ရေကျော်ခြင်းများဖြစ်ပွားကာ ကားလမ်းပျက်စီးလာသည်များကို တွေ့လာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။