ထားဝယ် ရှင်မော်သွားလမ်းတွင် မိုင်းဟုယူဆရသည့် အထုပ်နှစ်ထုပ်ကြောင့် ခရီးသည်များ စိုးရိမ်

0
4299

ထားဝယ် လောင်းလုံး ရှင်မော်ဘုရားသွား ကားလမ်းမပေါ်တွင် မိုင်းဟုယူဆရသည့် အထုပ်နှစ်ထုပ် ရှိနေသဖြင့် ခရီးသည်များ စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

လောင်းလုံးမြို့နယ် သကျက်တောကျေးရွာနှင့် ကျောက်‌ပုံကျေးရွာအကြားရှိ တံတားတစ်ခုတွင် အနက်ရောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် ဝါယာကြိုးများပါသည့် အထုပ်နှစ်ခု တံတားဟိုဘက် သည်ဘက်တွင် ရှိနေကြောင်း ယင်းလမ်းပိုင်းကို ဖြတ်သန်းလာသူ မျက်မြင်တစ်ဦးက ပြောသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ကပင် ရှိနေခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁ရက် နံနက် ၉နာရီခွဲအချိန်အထိ ယင်းနေရာတွင် ရှိနေဆဲဖြစ်ကြောင်း ဖြတ်သန်းသွားလာသည့် ဒေသခံအချို့က ပြောသည်။

“တံတားပေါ်မှာ ပေါ်တင်ကြီးကို တင်ထားတာတွေ့နေရတယ်။ အဲဒါမြင်တာနဲ့ တံတားကို ဖြတ်ရမလား။ မဖြတ်ရဘူးလားတောင် မသိတော့အောင်ကိုဖြစ်သွားတယ်” ဟု အထက်ပါဒေသခံက ဆိုသည်။

ဆိုင်ကယ်များမှာ အခြားလမ်းမှ ကွေ့ပတ်သွားနိုင်သော်လည်း ကားမှာ အဆိုလမ်းပိုင်းကို မဖြစ်မနေ ဖြတ်သန်း သွားလာနေရသဖြင့် ဖြတ်သန်းချိန် တစ်စုံတစ်ရာဖြစ်မည်ကို စိုးရိမ်နေရကြောင်း ခရီးသည်အချို့က ပြောသည်။

“ကားကတော့ မဖြစ်နေသွားရမှာဆိုတော့ သွားနေကြတာတော့ တွေ့တယ်” ဟု ဒေသခံတစ်ဦး ပြောဆိုသည်။

အဆိုပါအထုပ်နှစ်ထုပ် ရှိနေသည့်အပေါ် စိုးရိမ်သဖြင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ တင်ပြရာ ဒေသကာကွယ်ရေးအဖွဲ့များက လုပ်ဆောင်ထားခြင်းမဟုတ်ဟု ပြောဆိုကြောင်း ဒေသခံအချို့၏ ပြန်လည် ပြောပြချက်အရ သိရသည်။

စက်တင်ဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မိုင်း‌ရှိနေသည့်နေရာနှင့် ၈မိုင်ခန့်အကွာ ကျောက်နီမော်ကျေးရွာအနီးတွင် ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တို့နှင့် လောင်းလုံးပြည်သူ့ ကာကွယ်ရေးအဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။

ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ဝင်တို့သည် ကျောက်မတပ်ကျေးရွာတွင် ဆက်ကြေးကောက်ပြီး အပြန်၌ လောင်းလုံး ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းပစ်ခတ်မှုတွင် ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ဘက်က နှစ်ဦးသေဆုံးကာ နှစ်ဦးအပြင်းအထန်ဒဏ်ရာရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း နှစ်ဦးဒဏ်ရာ အပြင်းအထန်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒေသခံအချို့ကလည်း ယင်းပစ်ခတ်မှုတွင် ကျောက်နီမော်ဒေသခံ ပြည်သူ့စစ်အဖွဲ့ဝင် ဦးသိန်းဇော်ဆိုသူနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး အခြားပြည်သူ့စစ်အဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရရှိကြောင်း ပြောဆိုကြသည်။ Dawei Watch အနေဖြင့်မူ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားသည့်နေရာတွင်လည်း အမျိုးအစားမသိရသည့် သေနတ်အရှည် တစ်လက် ကျန်ရစ်သည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။

“ဘာ‌သေနတ်မှန်းတော့ မသိဘူး။ ကျွန်တော်တို့လည်း ဆိုက်ကယ်မောင်းရင်း မြင်ပဲမြင်လိုက်တာ။ ဆင်းမကြည့်ရဲ ဘူးလေ” ဟု ပစ်ခတ်မှုဖြစ်ပြီး သုံးနာရီခန့်အကြာတွင် ယင်းလမ်းပိုင်းကို ဖြတ်လာသူ ၎င်းက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် သကျက်တောရွာနှင့် ကျောက်ပုံကျေးရွာအကြား တံတားတွင် မိုင်းဟုယူဆရသည့် အထုပ်နှစ်ထုပ်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

ယင်းအထုပ်နှစ်ထုပ်ကို မည်သူတို့က တံတားတွင် လာထားခဲ့သည်ကိုမူ မသိရသေးပေ။

သကျက်တောရွာနှင့် ကျောက်ပုံရွာဒေသခံတို့နှင့် ခရီးသည်တို့မှာမူ အဆိုပါ အထုပ်ကြောင့် စိုးရိမ်ထိတ်လန့်နေရသဖြင့် လာရောက်ရှင်းလင်း ဖယ်ရှားပေးစေလိုကြောင်း ပြောဆိုကြသည်။