တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3890

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ

ဖင်လန်က‌နေ ရှရှားခရီးသွားတွေကို နယ်စပ်ဝင်ခွင့်ပိတ်

ဖင်လန်နိုင်ငံဟာ ရုရှားခရီးသွားတွေကို နယ်စပ်ဝင်ခွင့် ပိတ်ပစ်လိုက်တော့မှာဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်က ပြောကြားလိုက်ပါတယ်။

ယူကရိန်းစစ်ပွဲထဲ လိုက်ပါစစ်မှုထမ်းရမှာကို ရှောင်ရှားဖို့ ကြိုးပမ်းနေတဲ့ရုရှားနိုင်ငံသား ထောင်ပေါင်းများစွာအတွက် ဥရောပသမဂ္ဂဆီ ကုန်းတွင်းတိုက်ရိုက် နောက်ဆုံးလမ်းကြောင်းဖြစ်တဲ့ ဖင်လန်နယ်စပ်ကို ပိတ်ပစ်လိုက်တာလည်း ဖြစ်ပါတယ်။

ပိုလန်၊ အက်စတိုနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယား နိုင်ငံတို့က ရှရှားခရီးသွားတွေအတွက် နယ်စပ်ဂိတ်တွေကို ယခုလ အစောပိုင်းတည်းက ပိတ်ထားကြတာဖြစ်ပါတယ်။

ဒါပေမဲ့လည်းမိသားစုလိုက် လည်ပတ်ခွင့်အပြင် အလုပ်လုပ်ခွင့်နဲ့ ကျောင်းတက်ခွင့်ကို ဝင်ခွင့်ပေးနေဆဲ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

Ref: BBC

………………………………..

အီရန်အမျိုးသမီးသေဆုံးမှု စုံစမ်းစစ်ဆေးမယ်လို့ သမ္မတပြော

အီရန်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားခဲ့ရတဲ့ အမျိုးသမီးငယ် မာဆာ အာမီနီရဲ့ အမှုကို သေချာပေါက် စုံစမ်းစစ်ဆေးသွားမယ်လို့ သမ္မတ အီဘရာဟင်မ်ရိုင်စီက စက်တင်ဘာ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

လာမယ့်ရက်တွေအတွင်း မှုခင်းဆေးပညာဌာနက အာမီနီ သေဆုံးမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို တင်ပြပေးရမယ်လို့ အမိန့်ပေးထားပါတယ်။

အသက် ၂၂ နှစ်အရွယ် အာမီနီကို ဘာသာရေးအရ ဝတ်ဆင်ရတဲ့ ခေါင်းစည်းပုဝါ ဝတ်စားဆင်ယင်မှု မသင့်တော်မှုနဲ့ ဖမ်းဆီးခဲ့ပြီးနောက်မှာ အာမီနီဟာ သတိမေ့မြောသွားခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တာပါ။

စက်တင်ဘာ ၁၃ ရက်မှာ အာမီနီသေဆုံးမှု ဖြစ်ပွားပြီးကတည်းက ဆန္ဒပြပွဲတွေကြောင့် လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ကြေညာထားပါတယ်။

Ref: BBC

………………………………..

ပရယွတ် ဝန်ကြီးချုပ် ပြန်ဖြစ်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ်မှ ရပ်ဆိုင်းခံထားရသော ပရာယွတ်ချာအိုချာသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက သတ်မှတ်ထားသော သက်တမ်းမကျော်သေးသဖြင့် ဝန်ကြီးချုပ် အဖြစ် ပြန်လည် ထမ်းဆောင်ခွင့်ရပြီဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်ထားသော သက်တမ်းသည် ၂၀၁၇ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင်မှ စတင်သက်ရောက်မှု ရှိသဖြင့် ထိုသို့ ဆက်လက်ထမ်းဆောင်ခွင့်ရပြီ ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက ယနေ့ ဆုံးဖြတ်ခဲ့သည်။

ဝန်ကြီးချုပ် ရှစ်နှစ်သက်တမ်းကို စစ်အာဏာသိမ်းသည့် ၂၀၁၄ ခုနှစ် စတင်သတ်မှတ်ကြောင်း အငြင်းပွားဖွယ်ဖြစ်ပြီးနောက် ဝန်ကြီးချုပ်ပရာယွတ်၏ ဝန်ကြီးချုပ်ရာထူးကို ဆိုင်းငံ့ထားခဲ့သည်။

ယခု ဆက်လက်ထမ်းဆောင်နိုင်ကြောင်း ဆုံးဖြတ်လိုက်သဖြင့် ဝန်ကြီးချုပ်အဖြစ် ချက်ချင်း တာဝန်ထမ်းဆောင်ခွင့်ရမည်ဖြစ်သည်။

………………………………..

ထိုင်းဘတ် ၂၀ တန်ငွေစက္ကူ ဖြန့်ဝေမှု ရပ်ဆိုင်း

ငွေစက္ကူအချို့မှာပါတဲ့ ထိုင်းနဲ့ အင်္ဂလိပ် ဂဏာန်းတွေ တူညီခြင်းမရှိတာကို တွေ့ရှိရလို့ ထိုင်းဗဟိုဘဏ်ကနေ ဘတ် ၂၀ တန်ငွေစက္ကူ ဖြန့်ဝေမှုကို စက်တင်ဘာ ၂၉ ရက်မှာ ရပ်ဆိုင်းလိုက်ပါတယ်။

ဂဏာန်းလွဲမှားမှုတွေရှိနေတဲ့ ဘတ် ၂၀ တန်ငွေစက္ကူတွေကို ပြန်လည်လဲလှယ်ကြဖို့ တိုက်တွန်းထားပေမယ့်လည်း ဒီငွေစက္ကူတွေက တရားဝင်တယ်လို့လည်း သိရပါတယ်။

ထိုင်းဘဏ်က ဒီငွေစက္ကူတွေကို စနစ်ထဲကနေ ဖယ်ရှားဖို့ အရှိန်မြှင့်လုပ်ဆောင်နေပြီး အသေး စိတ်အချက်အလက်တွေကို စုံစမ်းစစ်ဆေး၍ ပုံနှိပ် ကုမ္ပဏီ (DLR) နဲ့ စာချုပ်နဲ့ အညီ ဆက်လက်လုပ်ဆောင်နေပါတယ်လို့ ထိုင်းဘဏ်ဥက္ကဌကပြောကြားထားပါတယ်။

ပြဿနာကိုဖြေရှင်းပြီးအောင် အပြည့်အဝ ဆောင်ရွက်သွားမယ်လို့လည်း အတည်ပြုထားကြောင်း ဆိုပါတယ်။

Ref: The Nation Thailand

………………………………..

ချက်နိုင်ငံမှာ အစိုးရနုတ်ထွက်ပေးဖို့ ပြည်သူလူထု တောင်းဆိုဆန္ဒပြ

ချက်နိုင်ငံမြို့တော်ပရာ့ဂ် (Prague) မှာ အစိုးရရဲ့ စွမ်းအင်အကျပ်အတည်းအပေါ် လုပ်ဆောင်ပေးမှုတွေနဲ့ ယူကရိန်းကို လက်နက်တွေထောက်ပံ့ပေးနေတဲ့ နေတိုးအဖွဲ့နဲ့ အီးယူအဖွဲ့ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြပွဲကြီးတခု စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို ကွန်မြူနစ်များအပါအဝင် ပါတီတွေကနေ ဦးဆောင်ခဲ့တာဖြစ်ပြီး မြို့တော် ပရာ့ဂ်မြို့ ဝမ်န်ဆလ်စ်ရင်ပြင်က လူထုစုဝေးပွဲမှာ လူ ၁၀,၀၀၀ နီးပါးလောက် ပါဝင်တက်ရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ စွမ်းအင်အကျပ်အတည်းကို စီမံခန့်ခွဲဖို့ ပျက်ကွက်တယ်လို့ စွပ်စွဲခံထားကြပြီး အစိုးရကို နုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ရုရှားဓာတ်ငွေ့ ရောင်းချသူတွေနဲ့ တိုက်ရိုက်အဆက်အသွယ်ရှိသူတွေကို စွမ်းအင်ဈေးနှုန်း လျှော့ချပေးဖို့ တောင်းဆိုခဲ့ကြပြီး စစ်ရေးဆိုင်ရာကြားနေမှုကို ထိန်းသိမ်းဖို့အတွက် နေတိုးအဖွဲ့ကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

Ref: REUTERS

………………………………..

အမေရိကန်ထောက်လှမ်းရေးဟောင်း ရှရှားနိုင်ငံသား ဖြစ်ခွင့်ရ

ရုရှားနိုင်ငံမှာ ၉ နှစ်ကျော် ခိုလှုံနေတဲ့ အမေရိကန်ထောက်လှမ်းရေးဟောင်း အဒ်ဒွပ်စနိုးဒင် (Edward Snowden) ကို ရုရှားသမ္မတဗလာဒီမာပူတင်က စက်တင်ဘာ ၂၆ ရက်မှာ ရုရှားနိုင်ငံသားဖြစ်ခွင့် ပေးအပ်လိုက်ပါတယ်။

အသက် ၃၉ နှစ်ရှိ စနိုးဒင်ဟာ သူ အလုပ်လုပ်ခဲ့ရာ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) မှ ပြည်တွင်းနဲ့ နိုင်ငံတကာဆိုင်ရာ လျှို့ဝှက်စောင့်ကြည့် ထောက်လှမ်းရေး ဆောင်ရွက်ချက်တွေကို ၂၀၁၃ ခုနှစ်မှာ ထုတ်ဖော်ဖွင့်ချခဲ့ပြီးနောက်မှာ အမေရိကန်ကနေ ထွက်ပြေးကာ ရုရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံခဲ့ပါတယ်။

အမေရိကန်အာဏာပိုင်တွေကတော့ သူ့ကို သူလျှိုမှုစွဲချက်တွေနဲ့ ရာဇ၀တ်မှုဆိုင်ရာ တရားရုံးမှာ ရင်ဆိုင်ဖို့အတွက် အမေရိကန်ကို ပြန်ရောက်စေချင်နေတာပါ။

Ref: AP

………………………………..

တိုက်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတဝှမ်း ရေလွှမ်းနစ်မြုပ်

ဖိလစ်ပိုင်မှာ စက်တင်ဘာ ၂၅ ရက်က ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တဲ့ စူပါတိုက်ဖွန်းမုန်တိုင်း နိုရူ ကြောင့် နိုင်ငံတဝန်း နေရာအများအပြား မိုးကြီးပြီး ရေလွှမ်းမိုးခဲ့ကာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ ထိခိုက်ပျက်စီးခဲ့ပါတယ်။

တိုက်ဖွန်းမုန်တိုင်းကြောင့် နိုင်ငံအတွင်း ကယ်ဆယ်ရေးလုပ်သား ငါးဦးအပါအဝင် လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဖိလစ်ပိုင် အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးကော်မတီက စက်တင်ဘာ ၂၆ ရက်မှာ နိုင်ငံတွင်းက ရွာပေါင်း ၈၄ ရွာ သဘာဝဘေးဒဏ် ခံစားခဲ့ရပြီး လူပေါင်း ၇၄,၀၀၀ နီးပါးကို အစိုးရက မုန်တိုင်း မဝင်ခင် ရွှေ့ပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။

တိုက်ဖွန်းမုန်တိုင်းကြောင့် လယ်ယာမြေ ၁၄၁၀၀၀ ဟက်တာကျော် ပျက်စီးခဲ့ပြီး ပီဆို ၁ ဘီလီယံ ကျော် (အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၉ သန်းလောက်) စီးပွားရေး ဆုံးရှုံးခဲ့ပါတယ်လို့ bloombarg သတင်းဌာနအရ သိရပါတယ်။

Ref: BBC

………………………………..

ရုရှားစာသင်ကျောင်းမှာ ပစ်ခတ်မှုကြောင့် ကလေးအပါအဝင် ၁၇ ဦးသေဆုံး

ရုရှားပြည်ထောင်စု လက်အောက်ခံ အဒ်မွတ်သမ္မတနိုင်ငံရဲ့ မြို့တော် အစ်ရှ်ဟက်ဗ်မြို့ (Izhevsk) က ကျောင်းတစ်ကျောင်းမှာ နာဇီအမှတ်တံဆိပ် တီရှပ်ကို ဝတ်ထားတဲ့ သေနတ်သမားတစ်ဦးက စက်တင်ဘာ ၂၆ ရက်နေ့မှာ ပစ်ခတ်ခဲ့လို့ ကလေးငယ် ၁၁ ဦး အပါအဝင် လူ ၁၇ ဦး သေဆုံးပါတယ်။

ကလေး ၂၂ ယောက် အပါအဝင် လူ ၂၄ ဦး ဒဏ်ရာရခဲ့ပြီး ခွဲစိတ်ဆရာဝန်တွေကနေ ခွဲစိတ်မှု အတော်များများ လုပ်ခဲ့ရတယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး ဘရီချာလာ့ဗ်က ပြောပါတယ်။

(Artem Kazantsev) အာတမ် ခါဇန့်ဆက်ဗ်လို့အမည်ရတဲ့ အသက်သုံးဆယ်ကျော်အရွယ် တိုက်ခိုက်သူဟာ လုံခြုံရေးအစောင့် နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး တစ်ချိန်က သူကိုယ်တိုင်တက်ရောက် ခဲ့ဖူးတဲ့ အစ်ရှ်ဟက်ဗ်ရှိ အမှတ် ၈၈ ကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေကို ပစ်ခတ်ခဲ့ပါတယ်။

ပစ်ခတ်သူဟာ စိတ်ပိုင်းဆိုင်ရာ အာရုံကြော ကုသရေးဌာနမှာ မှတ်ပုံတင်ထားသူဖြစ်ပြီး ပစ်ခတ်ပြီးတာနဲ့ သူ့ကိုယ်သူ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Ref: BBC

………………………………..

လောင်စာနဲ့ အဓိကကုန်စည် ဝယ်ရန် ဖိလစ်ပိုင်က ရုရှားနဲ့ဆွေးနွေးနေ

ဖိလစ်ပိုင်ဟာ ငွေကြေးဖောင်းပွမှု မြင့်မားနေချိန်မှာ လောင်စာဆီနဲ့ တခြားအဓိက ကုန်ပစ္စည်းတွေ ဝယ်ဖို့ ရုရှားနဲ့ ဆွေးနွေးနေတယ်လို့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားလိုက်ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ပွဲကြောင့် ဖိလစ်ပိုင်ရဲ့ အစားအသောက်၊ ဓာတ်မြေသြဇာ နဲ့ တခြားပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာခဲ့ပါတယ်။

သွင်းကုန်တွေအပေါ်မှာ မှီခိုနေရတဲ့ နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ လေးနှစ်တာ ကာလအတွင်း ဇူလိုင်လမှာ ၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်လာပြီး သြဂုတ်လမှာတော့ ၆ ဒသမ ၃ ရာခိုင်နှုန်းကို လျော့ကျသွားခဲ့တယ်လို့ ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားအပေါ် အမေရိကန် ဦးဆောင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ တော့ ဒဏ်ခတ်မှုရဲ့ နိုင်ငံရေးဘက်မှာ လှည့်ကွက် အနည်းငယ်ဖြစ်ခဲ့ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသား အကျိုးစီးပွားက ပထမ ဦးစားပေးပဲလို့ သမ္မတက ပြောပါတယ်။

Ref: philippine star

………………………………..

ရေအောက်ကို သွားရောက်ရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာတစ်ဦးရဲ့ပထမဆုရ ဝေလငါးသင်္ချိုင်းဓာတ်ပုံ

ဆွီဒင်လူမျိုးဓာတ်ပုံဆရာ အဲလက်စ် ဒေါဆန်က ဒိန်းမတ်နိုင်ငံ၊ ဂရင်းလန်းရှိ ဝေလငါးသင်္ချိုင်းတစ်ခုရဲ့ ချောက်ချားဖွယ်ရာဓာတ်ပုံနဲ့ Scuba Diving ရဲ့ ၂၀၂၂ ခုနှစ် ရေအောက်ဓာတ်ပုံပြိုင်ပွဲမှာ ပထမဆုရရှိခဲ့ပါတယ်။

သူရိုက်ကူးခဲ့တဲ့ ဝေလငါးသင်္ချိုင်းဓာတ်ပုံအနည်းငယ်ကို တွစ်တာအကောင့်မှာ တင်ပေးခဲ့ပါတယ်။

“မြင်ကွင်းကျယ်အမျိုးအစားအတွက် ကျွန်တော်ရဲ့ပုံကို ၂၀၂၂ ခုနှစ်ရဲ့ဓာတ်ပုံဆုရှင်အဖြစ် Scuba Diving Magazine  က ရွေးချယ်ခဲ့တဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်။  အခြားဓာတ်ပုံကလည်း ဂုဏ်ပြုမှတ်တမ်းလွှာ နဲ့ ချီးမြှင့်ခံရပါတယ်။ ပထမဆုံအတွက် အရမ်းကျေးဇူးတင်ရှိပါတယ်” ဆိုတဲ့စာသားကိုလည်း ရေးသားခဲ့ပါတယ်။

ပုံမှန်ဆိုရင် ဝေလငါးအရိုးတွေကို မြင်ချင်ရင် ရေငုပ်သင်္ဘောတစ်စင်းလိုပါတယ်။ ဒါပေမဲ့ ဂရင်းလန်းမှာတော့ ရေမျက်နှာပြင်အောက် ပေ ၁၅ – ပေ ၂၀ အကွာလောက်မှာပဲ ဝေလငါးအရိုးတွေ ရှိတဲ့အတွက် ရေငုပ်သင်္ဘောမလိုအပ်ဘူးလို့ ဒေါဆန်က ဆိုခဲ့ပါတယ်။

Ref: NDTV

………………………………..

နာဆာရဲ့ DART အာကာသယာဉ်က ဂြိုဟ်ပဲ့ကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့

နာဆာမှ လွှတ်တင်ထားတဲ့ Double Asteroid Redirection Test (DART) အာကာသယာဉ်က Dimorphos အမည်ရှိတဲ့ ဂြိုဟ်ပဲ့ကို့ စက်တင်ဘာ ၂၆ မှာ မူလရည်မှန်းချက် အတိုင်း အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုအာကာသယာဉ် လွှတ်တင်ထားခြင်းရဲ့ ရည်ရွယ်ချက်ကလည်း ကမ္ဘာကို ဝင်ရောက်တိုက်မိနိုင်တဲ့ ဥက္ကာပျံတွေ၊ ဂြိုဟ်ပဲ့တွေ လမ်းလွှဲစမ်းသပ်ဖို့ ဖြစ်တယ်လို့ဆိုပါတယ်။

အခုလမ်းလွှဲနိုင်ခဲ့တဲ့ Dimorphos ဂြိုဟ်ပဲ့ဟာ အချင်းပေ ၅၂၅ မျှသာရှိကာ အာကာသထဲမှာ လွင့်မျောနေတဲ့ သေးငယ်တဲ့ ကျောက်တုံးတစ်တုံးသာဖြစ်ပြီး ကမ္ဘာကနေကီလိုမီတာ ၁၁ သန်းကျော် အဝေးမှာ လှည့်ပတ်နေတာ ဖြစ်ပါတယ်။

အခုစမ်းသပ်မှုက ကမ္ဘာမှာ ပထမဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်နိုင်ခြင်း ဖြစ်ပါတယ်။

Ref: CNN

………………………………..