တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
338

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ရက်အထိ

မီးရှို့ခံရသည့် နေအိမ်သုံးသောင်းနီးပါးရှိသွားပြီ

ပုံစာ – ၂၀၂၁ ခုနှစ် အောက်တိုဘာလက ချင်းပြည်နယ် ထန်တလန်မြို့ မီးရှို့ခံရမှုမြင်ကွင်း

စစ်အာဏာသိမ်းကာလတွင် မြန်မာနိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် နှစ်သောင်းရှစ်ထောင်ကျော်ရှိသွားပြီ ဖြစ်ကြောင်း မီးရှို့ဖျက်ဆီးခံရမှုအခြေအနေကို သုတေသနလုပ်နေသည့် Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။

ယင်းစာရင်းမှာ ဩဂုတ်လ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ခဲ့သဖြင့် ပျက်စီးမှု အခြေအနေဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

ယင်းအနက် စစ်ကိုင်းတွင် အများဆုံး မီးရှို့ခံရပြီး နေအိမ်နှစ်သောင်းကျော် (၂၀,၁၅၃လုံး) ၊ ဒုတိယ အများဆုံး မကွေး တိုင်းတွင် ငါးထောင်ကျော်၊ တတိယအများဆုံး ချင်းပြည်နယ်တွင် ၁၄၀၀ ကျော် ဖျက်ဆီးခံရသည်ဟု ဖော်ပြသည်။

ယခုနှစ် ဧပြီ၊ မေ၊ ဇွန် သုံးလတာတွင် မီးရှို့ခံရမှု အများဆုံးဖြစ်ပြီး နေအိမ် တစ်သောင်းနှစ်ထောင်ကျော် ရှိသည်ဟုလည်း ထုတ်ပြန်သည်။

—————————–

တိုက်ပွဲအကြိမ်ရေ ခြောက်ထောင်ကျော်ပြီ၊ ကရင်တွင် အများဆုံးဖြစ်

ပုံစာ – ကရင်ပြည်နယ်က တိုက်ပွဲတစ်ခု

အာဏာသိမ်းပြီးနောက် ၁၈ လတာ ကာလအတွင်း နိုင်ငံတဝန်း တိုက်ပွဲ ၆၆၇၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြသည်။

တစ်နိုင်ငံလုံးနီးပါးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဒုက္ခသည်မှာလည်း ၁ဒသမ၄ သန်းကျော်နေပြီ ဖြစ်ကြောင်း စစ်ရေးအခြေအနေကို သုတေသနလုပ်နေသည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဩဂုတ်လ ၂၈ ရက်က ထုတ်ပြန်သည်။

ကရင်တွင် တိုက်ပွဲအကြိမ်ရေ လေးထောင်နီးပါးဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲစုစုပေါင်း၏ ၅၉ ရာခိုင်နှုန်းနီးပါးရှိသည်ဟုဖော်ပြသည်။ စစ်ကိုင်းတိုင်းက မြို့နယ် ၃၄ မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေပြီး အကြိမ်ရေ ၆၄၁ ကြိမ်ရှိသည်ဟု ဖော်ပြသည်။ တိုက်ပွဲမဖြစ်သည့် မြို့နယ်မှာ ၃မြို့နယ်သာ ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားသည့် ၄၈ကြိမ်ကလွဲပြီး ကျန်တိုက်ပွဲအကြိမ်ရေမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်အကြား ဖြစ်ပွားခြင်းဖြစ်သည်။

—————————–

ကယားတွင် အရပ်သားသေဆုံးမှု သုံးရာကျော်ရှိပြီ

အာဏာသိမ်းပြီးနောက် ၁၉ လတာ ကာလအတွင်း ကယား (ကရင်နီ) ပြည်နယ်တွင် အရပ်သားပြည်သူ ၃၂၂ ဦး သေဆုံးသွားပြီဖြစ်ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က စက်တင်ဘာလ ၁ရက်က ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း သေဆုံးမှုနှင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံရသူ ၂၆၁ ဦးရှိပြီး စစ်ဘေးရှောင် စဉ် သေဆုံးသူ ၆၁ဦးရှိကြောင်း ဖော်ပြသည်။ စစ်ဘေးရှောင်စဉ် သေဆုံးသူများတွင် သက်ကြီးရွယ်အိုနှင့် ကလေးငယ် များ ပိုများပြီး ဆေးဝါးနှင့် အစားအသောက် ပြတ်လပ်မှုကြောင့် ဟုဆိုသည်။

၁၉လတာအတွင်း တိုက်ပွဲပေါင်း ၄၅၄ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု ၁၅၈ကြိမ်ရှိကာ ဒေသခံနှစ်သိန်းကျော်မှာ စစ်ဘေးရှောင်နေကြရသည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဘက်က ၁၅၁ ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ၁၄၉၉ ဦး သေဆုံးကြောင်းလည်း ဖော်ပြသည်။

—————————–

အတက်အကျကြမ်းသည့် ရွှေဈေး

ယခုသီတင်းပတ်အတွင်း ရွှေတစ်ကျပ်သား ကိုးသိန်းနီးပါး ထောင်တက်ခဲ့သည့် ရွှေဈေးမှာ စက်တင်ဘာလ ၁ရက်နေ့တွင် ခြောက်သိန်းပြန်ကျကာ ကျပ် ၃၁ သိန်းဝန်းကျင် ဈေးရှိနေသည်။

ကမ္ဘာ့ရွှေပေါက်ဈေးထက် မြင့်နေသည့် ပြည်တွင်းရွှေဈေးမှာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ အဆမတန် မြင့်တက်သွားခြင်းဖြစ်သည်။ ဩဂုတ်လ တတိယပတ်တွင် ရွှေတစ်ကျပ်သား ၂၈ သိန်းကျော် ဈေးရှိခဲ့ရာမှ ဩဂုတ်လ ၃၁ ရက်တွင် တစ်ကျပ်သား ကျပ် ၃၇ သိန်းနီးပါးသို့ ရောက်ရှိခဲ့သည်။

စစ်ကောင်စီက ဩဂုတ်လ ၂၇ ရက်တွင် ရွှေလုပ်ငန်းများကို ခေါ်ယူတွေ့ဆုံကာ ရည်ညွှန်းဈေးအတိုင်းသာ အရောင်း အဝယ်လုပ်ရန် ပြောဆိုခဲ့သော်လည်း ပြင်ပဈေးကွက်တွင်မူ ဈေးခုန်တက်လာခဲ့သည်။ ဒေါ်လာဈေးမှာလည်း ၄၅၀၀ အထိ ပြင်ပဈေးကွက်တွင် ဈေးပေါက်ခဲ့ပြီး ဗဟိုဘဏ်က ဒေါ်လာဈေးကို ထိန်းချုပ်ရန် သတိပေးချက်များ ဆက်တိုက် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ရွှေဈေးပြန်ကျရန် ရွှေဒင်္ဂါးများ ထုတ်ရောင်းမည်ဟု ကြေညာခဲ့သလို နိုင်ငံခြားငွေဈေးကွက်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့သွားမည်ဟုလည်း ဗဟိုဘဏ်က ထုတ်ပြန်လာသည်။ စက်တင်ဘာလ ၁ ရက်တွင် ရွှေဈေးကျပ် ၃၁ သိန်းဝန်းကျင်သို့ ဈေးကျခဲ့ပြီး ဒေါ်လာဈေးမှာလည်း ၃၇၀၀ ဝန်းကျင်သို့ ကျဆင်းခဲ့သည်။

—————————–

မြန်မာသံအမတ်ကို ဆင့်ခေါ်ကန့်ကွက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်မှုနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်သည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ဘက်ခြမ်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်နှစ်လုံး ဩဂုတ်လ ၂၈ ရက်က ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ကျရောက်သွားခြင်း ဖြစ်သည်။ သို့သော် ကျည်နှစ်လုံးမှာ ပေါက်ကွဲခဲ့ခြင်း မရှိခဲ့ပေ။

ယင်းကြောင့် မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ကန့်ကွက်ခဲ့ပြီး ကျည်ကျရောက်မှုမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဟုတ်မဟုတ် စုံစမ်းသွားမည်ဟုလည်း ဝန်ကြီးက ပြောဆိုသည်။

ဩဂုတ်လ ၃၀ ရက်ကလည်း စစ်ကောင်စစ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ဝင်ရောက်ကာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်ဟု ဘင်္ဂလားဒေ့ရှ်သတင်းများတွင် ဖော်ပြသည်။

—————————–

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်နှစ် ၂၀၊ ဦးဝင်းမြင့် ထောင်ဒဏ်ငါးနှစ်ဖြစ်လာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီတရားရုံးက စက်တင်ဘာလ ၂ ရက်နေ့မှာ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်လိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်ဩဇာသုံးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည့်အမှုကို အမိန့်ချခြင်းဖြစ်သည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုဖြင့် တရားစွဲဆိုထားပြီး ယခုအမှုမတိုင်မီ အမှု ၇ခုအတွက် ထောင်ဒဏ် ၁၇ နှစ်ချမှတ်ထားပြီးဖြစ်သဖြင့် စုစုပေါင်းထောင်ဒဏ် နှစ်၂၀ အထိ ရှိလာကာ ကျန်အမှုများကိုလည်း ဆက်လက် ရင်ဆိုင်နေရသေးသည်။ သမ္မတဦးဝင်းမြင့်ကမူ ယခုအမှုမတိုင်မီ အမှု ၂ခုအတွက် ပြစ်ဒဏ်ချမှတ်ခံ ထားရပြီး စုစုပေါင်း ထောင်ဒဏ် ၅နှစ်အထိ ရှိလာသည်။

—————————–

ထိုင်းတွင် အဖမ်းခံရသည့် စစ်ကောင်စီသူလျှိုများ

ထိုင်းနိုင်ငံ မဲဆောက်မြို့ သဘာဝတရားရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင် အထောက်အထားမဲ့ နေထိုင်နေသည့် ဘုန်းကြီး၊ သီလရှင် အပါအဝင် မြန်မာ ၃၈ဦးကို ဩဂုတ်လ ၂၉ ရက်က ဖမ်းမိရာတွင် စစ်ကောင်စီက စေလွှတ်ထား သည့် ထောက်လှမ်းရေး (သူလျှို) များပါဝင်နေကြောင်း ထိုင်းသတင်းဌာန Matichon Online တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများအနက်အချို့မှာ မြန်မာစစ်ကောင်စီက စေလွှတ်လိုက်သော သူလျှိုများ ဖြစ်နေပြီး စစ်ကောင်စီကို တော်လှန်ဆန့်ကျင်နေသူများကို စုံစမ်းထောက်လှမ်းရန် စေလွှတ်ထားခြင်းဖြစ်သည်။ ယင်းအနက်အချို့မှာ မဲဆောက် တွင် စုံစမ်းထောက်လှမ်းရန်ဖြစ်ပြီး အချို့မှာ ဘန်ကောက်တွင် စုံစမ်းထောက်လှမ်းရမည့်သူများဖြစ်နေသည်ဟု ထိုင်းသတင်းက အခိုင်အမာဖော်ပြသည်။

မဲဆောက်၊ မယ်ပ သဘာဝတရားရိပ်သာခွဲ (TCTF) မှ တာဝန်ခံ ကိုအောင်သူလင်းက Dawei Watch က ဆက်သွယ် မေးမြန်းရာ အထောက်အထားမဲ့ဖြစ်သဖြင့် အဖမ်းခံရခြင်းသာဖြစ်ပြီး နိုင်ငံရေးနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုသည်။

—————————–

ရခိုင်တွင် လေကြောင်းတိုက်ခိုက်မှုရှိလာ၊ စစ်ကောင်စီစခန်းတစ်ခု အသိမ်းခံရ

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး မောင်တော မြို့နယ်တွင် ယခုသီတင်းပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ရှိလာသည်။

မောင်တောမြို့နယ်မြောက်ပိုင်းက စစ်ကောင်စီ၏ ခမောင်းဆိပ်ဗျူဟာကို AA က သိမ်းယူရန်ကြိုးပမ်းရာ စစ်ကောင်စီ ဘက်က ဩဂုတ်လ ၂၇ ရက်တွင် လေကြောင်းဖြင့် စတင်တိုက်ခိုက်လာခဲ့သည်။

ဩဂုတ်လ ၃၁ ရက်တွင် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် မိုင်တိုင်အမှတ် (၄၀) ရှိ စစ်ကောင်စီတပ်စခန်းကို AA က ဝင်ရောက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်က ၁၉ ဦးသေဆုံးကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရသည်ဟု AA က ထုတ်ပြန်သည်။ ယင်းနောက်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှု ပိုများ လာသည်ဟု ဆိုသည်။ စက်တင်ဘာ ၃ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ရေးရဟတ်ယာဉ် ၂စီး၊ ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် လာတိုက်ခိုက်သည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာနှင့် ဆန့်ကျင်ဘက် အရပ်တွင်ရှိသည့် မြောက်ဦးမြို့နယ် ကင်းဆိပ်ရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အသက် ၅နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် သုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရမှုကို တုံ့ပြန်သည့်အနေဖြင့် စခန်းသိမ်းခြင်းဖြစ်သည်ဟု AA က ဆိုသည်။ စစ်ကောင်စီဘက်က သိမ်းပိုက်ခံ ရသည့် စခန်းကို စစ်ကူ၊ ပစ်ကူများဖြင့် ပြန်လည်ရယူမည်ဟု ကြေညာထားသည်။

—————————–

ခုန်ချသတ်သေမှု ဆက်တိုက်ဖြစ်လာ

အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်တည်းမှု၊ မလုံခြုံမှုများကြုံနေရပြီး မိမိကိုယ်အဆုံးစီရင်မှုဖြစ်စဉ်များလည်း ခပ်စိပ်စိပ်ဖြစ်လာသည်။ ယခုသီတင်းပတ်အတွင်း ခုန်ချသတ်သေမှုများ ဆက်တိုက်တွေ့လာရသည်။

ပဲခူတိုင်း ပြည်မြို့ နဝဒေးတံတားပေါ်ကနေ ဧရာဝတီမြစ်ထဲ ခုန်ချသွားသည် သားအမိနှစ်ဦးရဲ့အဖြစ်က ပြည်သူ လူထုကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သည်။

အသက် ၂၄နှစ်သာရှိသေးသည် အမျိုးသမီးသည် ၃နှစ်အရွယ် သမီးငယ်နှင့်အတူ ဩဂုတ်လ ၂၈ရက် ညနေ ၃ နာရီ ခန့်တွင် တံတားပေါ်သို့ ဆိုင်ကယ်နှင့်လာကာ ရေထဲခုန်ချသွားခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များက ၄ရက်ဆက် တိုက် ရှာဖွေပေမယ့် ရှာမတွေ့သေးပေ။ ယင်းသားအမိမှာ ပြည်မြို့ခံများဖြစ်ပြီး ရေထဲခုန်ချသွားသည့် အကြောင်း အရင်းကိုမူ မသိရသေးပေ။

ယင်းမတိုင်မီ ဩဂုတ်လ ၂၅ ရက်ကလည်း ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ လူကူးခုံးတံတားပေါ်ကနေ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ခုန်ချကာ သတ်သေရန် ကြိုးပမ်းခဲ့သေးသည်။ ဩဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းကလည်း ရန်ကုန်မြို့ အင်းလျားကန်တွင် အမျိုသားတစ်ဦး ရေထဲခုန်ချ သတ်သေသွားခဲ့ပြန်သည်။

—————————–

စာသင်ကျောင်းတွင် ကိုဗစ်အစုလိုက်တွေ့၊ ကိုဗစ်ပိုးတွေ့မှု ပြန်မြင့်လာ

မြန်မာနိုင်ငံတွင် ခြောက်လကျော်ကာလအတွင်း တစ်ရက်လျှင် ကိုဗစ်ပိုးတွေ့သူ ဆယ်ဂဏန်းသာရှိခဲ့ရာမှ ဩဂုတ်လ ၃၁ ရက်တွင် တစ်ရာကျော် ပြန်လည်တွေ့ရှိလာသည်။

ဩဂုတ်လကုန်ပိုင်းနှင် စက်တင်ဘာ လဆန်းပိုင်းတို့တွင် ကိုဗစ်ပိုးတွေ့သူ တစ်ရက်လျှင် တစ်ရာနား ကပ်နေသည်။ ဩဂုတ်လ ၃၀ ရက်ကမူ ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်က မူလတန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသားနှင့် ဆရာမ ၁၅ ဦး အစုလိုက် ကိုဗစ်ကူးစက်ခံခဲ့ရသည်။

—————————–

ထုတ်ဝေခွင့်အပိတ်ခံရသည့် ဂျာနယ်

ကယားပြည်နယ် အခြေစိုက် ကန္တာရာဝတီတိုင်း (မ်) ဂျာနယ်ကို စစ်ကောင်စီက ဩဂုတ်လ ၂၉ ရက်တွင် ထုတ်ဝေခွင့် ပိတ်ပင်လိုက်သည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ စည်းကမ်းကို မလိုက်နာဘဲ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကို ထိခိုက်စေမည့်အကြောင်းအရာများကို ထုတ်လွှင့်ခဲ့သဖြင့် ပိတ်သိမ်းခြင်းဖြစ်သည်ဟု စက်တင်ဘာလ ၃ရက်တွင် စစ်ကောင်စီက ထုတ်ပြန်သည်။

ကန္တာရာဝတီတိုင်း (မ်) သတင်းဌာနဘက်ကမူ ၎င်းတို့သည် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ လုပ်ကိုင်နေပြီး ကရင်နီ (ကယား) ပြည်တွင်း ဖြစ်ပျက်နေသည့် သတင်းအကြောင်းအရာများကို ယနေ့အချိန်အထိ တင်ဆက်ပေးနေကြောင်း ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက် ထုတ်ဝေခွင့် ပိတ်ပင်ခံရသည့် သတင်းမီဒီယာ ကိုးခုအထိ ရှိလာပြီဖြစ်သည်။

—————————–

သန်လျင်က အချင်းချင်းပစ်ခတ်မှု

ရန်ကုန် သံလျင်မြို့နယ် စစ်ပင်ကွင်းရွာတွင် ဩဂုတ်လ ၃၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်သဖြင့် ဗိုလ်ကြီးအဆင့် အပါအဝင် ကိုးဦးသေဆုံးကြောင်း သတင်းမီဒီယာအချို့တွင် ဖော်ပြသည်။

တပ်သားနှစ်ဦး အချင်းများရာကနေ ပစ်ခတ်ဖြစ်သည်ဟုဆိုပြီး ဗိုလ်ကြီးတစ်ဦး၊ တပ်သားခြောက်ဦးအပြင် အမျိုးသမီး နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဖော်ပြကြသည်။ အသက် ၁၀နှစ်အရွယ် ကလေးတစ်ဦးနှင့် တပ်သားတစ်ဦး အပြင်းအထန် ဒဏ်ရာရသည်ဟုဆိုသည်။

ပစ်ခတ်သည့် တပ်သားနှစ်ဦးမှာ လက်နက်ဖြင့် ထွက်ပြေးသွားသဖြင့် စစ်ကောင်စီတပ်က သန်လျင်မြို့နယ်တွင် နေရာအချို့ကို ဝင်ရောက်ရှာဖွေခြင်း၊ လမ်းများ တံတားများတွင် တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

—————————–

လူသေဆုံးမှုများသည့် ကားတိုက်မှု

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ မြို့ရှောင်လမ်းတွင် ၂၂ ဘီး ကုန်တင်ကားနှင့် Light Truck ကားတို့ တိုက်မိပြီး Light Truck ကားပေါ်တွင်လိုက်ပါလာသူ ရှစ်ဦးသေဆုံးခဲ့သည်။

ကုန်တင်ကားတွင် ဘိလပ်မြေအိတ်များတင်လာလာပြီး Light Truck တွင် ခရီးသည်များ တင်ဆောင်လာခြင်းဖြစ်ကာ ဩဂုတ်လ ၂၈ရက် ညတွင် ကားတိုက်မှုဖြစ်ခြင်းဖြစ်သည်။ Light Truck ကားတွင် ၁၄ဦး လိုက်ပါလာသည့်အနက် အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့သည်။