တန်ဆာခများ ထက်ဝက်ခန့်ဈေးတက်

0
406

စက်သုံးဆီပြတ်လပ်မှု၊ ဈေးတက်လာမှုတို့ကြောင့် ပစ္စည်းပို့သည့် တန်ဆာခများ ထက်ဝက်နီးပါး ဈေးတက်လာသည်ဟု ယာဉ်လိုင်းပြေးဆွဲသူအချို့နှင့် ပစ္စည်းပို့နေသူအချို့က ပြောသည်။

ယခင်က ငွေကျပ် ၃၀၀၀ သာပေးရသည့် ပစ္စည်းထုတ်မှာ ယခုအခါ ကျပ် ၅၀၀၀ ခန့်ဖြစ်လာသည်ဟု ပစ္စည်းတင်ပို့နေသည့် ကားဂိတ်မှ တာဝန်ရှိသူအချို့က ပြောသည်။

ထားဝယ်မြို့ ကားဂိတ်တခုမှ တာဝန်ခံ အမျိုးသားတစ်ဦး၏ ပြောပြချက်အရ ယခင်က ဆိုင်ကယ်တစ်စီးကို ထားဝယ်မှ ရန်ကုန်တင်ခဈေးမှာ ငွေကျပ် ငါးသောင်းခန့်သာ ရှိသော်လည်း ယခုအခါ ကျပ်ခုနှစ်သောင်းခန့်အထိရှိသည်ဟု ဆိုသည်။

“အဓိကတော့ စက်သုံးဆီဈေးကြောင့်လည်း ပါတာပေါ့၊ အခုက လမ်းမှာလည်း ဟိုဟိုဒီဒီ ပေးရသေးတယ်ဆိုတော့ နှစ်သောင်းလောက်က လမ်းမှာ ဟိုပေးဒီပေးနဲ့ ကုန်တာပဲ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

တန်ဆာခဈေးတက်လာသည်မှာ နှစ်လခန့်ကြာပြီဖြစ်ပြီး ယခင်က ထားဝယ်-ကော့သောင်းသို့ပို့သည့် ပစ္စည်း အထုတ်ကြီးတစ်ထုတ်ကို ကျပ် ၇၀၀၀ ခန့်ပေးရသော်လည်း ယခု ကျပ် ၁၀၀၀၀ ခန့်ထိပေးရကြောင်း ထားဝယ်မြို့မှ ပစ္စည်းပို့နေသူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ပြောတာတော့ ဆီဈေးကြောင့်လို့တော့ ပြောတာပဲ” ဟု ၎င်းက ဆိုသည်။

စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့သည့် ဩဂုတ်လမှ စတင်ကာ ပစ္စည်းပို့သည့် တန်ဆာခဈေးများ စျေးခုန်တက်သွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ အဝတ်အထည် ရောင်းနေသည့် လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းမှာ ထိုင်းနိုင်ငံစက်ရုံမှ တီရှပ်များကို လက်လီလက်ကားပြန်ဖြန့်ကာ အရောင်းအဝယ် လုပ်နေသူဖြစ်သည်။

ယခင်က ပီနံအိတ်ကြီးဖြင့် အထည်အိတ် တစ်အိတ်လျှင် ငွေကျပ် ၇၀၀၀ ခန့်သာပေးရသော်လည်း ယခုမှာ ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ခန့်အထိ ပေးရသည်ဟု အထက်ပါအမျိုးသမီးက ပြောသည်။

“မနေ့တုန်းကဆိုရင် ပီနံအိတ် တစ်ဝက်စာလောက်ပဲရှိတဲ့ အထည်အိတ်ကို တစ်သောင်းပေးရတယ်၊ တန်ဆာခဈေးကြီးလာတော့ ကိုယ့်အတွက် အမြတ်ကျန်နည်းသွားတာပေါ့၊ အဲတော့ တစ်ထည်မှာ ၅၀ လောက်ပိုပြီး ယူလိုက်တယ်ပေါ့” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ စက်ရုံမှ တီရှပ်အကျီများကို ယခင်က ငွေကျပ် ၄၀၀၀ ဖြင့် လက်လီလက်ကား ဖြန့်ဖြူးရောင်းချနေသော်လည်း ဘတ်ဈေးတက်လာသည့်အခါ တစ်ထည်လျှင် ၇၀၀၀ ကျပ် ဖြစ်လာသဖြင့် တီရှပ်ရောင်းဝယ်ခြင်းလုပ်ငန်းကို ရပ်နားထားရသည်ဟု ယင်းအမျိုးသမီးက ပြောသည်။

စက်သုံးဆီဈေးတက်လာခြင်းနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေခြင်းတို့ကြောင့် တန်ဆာခများလည်း လိုက်တက်လာခြင်းဖြစ်သည်။

လက်ရှိ ထားဝယ်စက်သုံးဆီ ပြင်ပဈေးကွက်တွင် ၉၂ အောက်တိန်း တစ်လီတာ ၃၉၀၀ ကျပ်ခန့်အထိဖြစ်နေပြီး စစ်ကောင်စီ၏ ရည်ညွှန်းဈေးမှာ ၂၄၆၅ ကျပ်ရှိသည်။

ထားဝယ်တွင် လိုင်စင်ရှိစက်သုံးဆီဆိုင်များတွင် ရည်ညွှန်းစျေးဖြင့် စက်သုံးဆီဝယ်ယူနိုင် သည်ဆိုသော်လည်း လိုသလောက်မရရှိဘဲ အကန့်အသတ်ဖြင့်သာ ရရှိသည်။