ကော့သောင်းမှ ထိုင်းသို့ တရားမဝင်လာသော မြန်မာ ၁၃ဦး ဖမ်းဆီးခံရ၊ ကလေးငယ်လေးဦးပါဝင်

0
485

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ကလေးသူငယ်များ အပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ယနေ့ (စက်တင်ဘာ ၃) ဖမ်းဆီးရမိကြောင်း အမှတ် ၂၅ ထိုင်းအထူးခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။

ယနေ့နံနက် ၁နာရီခန့်တွင် ရနောင်းခရိုင် စုက်စမ်ရန်ဒေသတွင် တရားမဝင်အလုပ်သမားများ တင်ဆောင်လာသည်ဟု ယူဆရသော ကားတစ်စီးသည် စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းပြီး မောင်းနှင်သွားခဲ့ကြောင်း ဖော်ပြသည်။

မသင်္ကာသဖြင့် စစ်ဆေးရေးဂိတ်ရဲတပ်ဖွဲ့များနှင့်အတူ ပစ်ကပ်ကားကို ပူးပေါင်းဖမ်းဆီးရာမှ မြန်မာအလုပ်သမားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် နို့စို့အရွယ်ကလေးအပါအဝင် ကလေး လေးဦး စုစုပေါင်း ၁၃ ဦး ပါဝင်ပြီး ကားသမားမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားများသည် ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့မှတစ်ဆင့် လှေဖြင့် ပါချန်မြစ်ကို ဖြတ်ကျော် လာကာ ရနောင်းခရိုင် ကရာဘူရီဒေသ ပါချန်ရွာနားသို့ ရောက်ရှိလာကြသည်ဟုဆိုသည်။

ကရာဘူရီမှ ပစ်ကပ်ကားဖြင့် ခရီးဆက်လာခဲ့ပြီး ကပေလ်းဒေသ ထိုမှတဆင့် စုက်စမ်ရန်ဒေသသို့ အရောက်တွင် ထိုင်းတပ်မတော်နှင့် ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် စူရတ်ဌာနီခရိုင်တွင် အလုပ်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုခရီးအတွက် တစ်ဦးလျှင် ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းတို့ကို ကိုဗစ် ရှိမရှိစစ်ဆေးခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေးအတွက် စုက်စမ်ရန်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ထုတ်ပြန်ထားသည်။

ပြည်တွင်း မလုံခြုံမှု၊ ကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ငွေကြေးဖောင်းပွလာမှု၊ အလုပ်အကိုင် ရှားပါးလာမှု တို့ကြောင့် မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည်။

ထိုသို့ဝင်ရောက်ရာတွင် ဖမ်းဆီးခံရမှုများ ဆက်တိုက်တွေ့ကြုံနေရသကဲ့သို့ ကားမှောက်မှု၊ အလုံပိတ်ကားပေါ်တွင် အသက်ရှုရပ်သဖြင့် သေဆုံးမှုများနှင့်အတူ မိုးရေထဲတွင် အမောဖောက်သေဆုံးမှု စသော အန္တရာယ်ရှိသော အခြေအနေများလည်း ဆက်တိုက်မြင်တွေ့နေခဲ့ရသည်။