လောင်းလုံးမြို့အနီး အုပ်စုဖွဲ့ လုယက်မှု မကြာခဏဖြစ်

0
360

လောင်းလုံးမြို့နှင့် ညင်းမော်ကျေးရွာအကြား လူပြတ်သည့်နေရာကို အခွင့်ကောင်းယူပြီး အုပ်စုဖွဲ့လုယက်မှု မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံအချို့နှင့် လုယက်ခံရသူတို့ထံမှ သိရသည်။

လုယက်သူများသည် လမ်းသွားလမ်းလာများကို တားဆီးပြီး လုယက်ရန်ကြိုးပမ်းလေ့ရှိပြီး အဓိကအားဖြင့် အမျိုးသမီးများကို ပစ်မှတ်ထားလေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။

လုယက်သူများမှာ အမျိုးသားများဖြစ်ပြီး မျက်နှာမပေါ်စေရန် ဦးထုတ်၊ နှာခေါင်းစည်းတို့ကို တပ်ဆင် ရုပ်ဖျက်ထားလေ့ရှိကာ တစ်ခါတရံ လေးဦးအထိအုပ်စုဖွဲ့ကာ လုယက်လေ့ရှိကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“ကျွန်မတွေ့တာက လေးယောက်ဆိုင်ကယ်နဲ့၊ တစ်ယောက်ကတစ်စီး၊ သုံးယောက်ကတစ်စီး စီးလာတာ။ တစ်စီးက ကျွန်မဆိုင်ကယ်ရှေ့မှာ ပိတ်ရပ်လိုက်ပြီးတော့မှ ပါလာတာတွေ ပေးဖို့တောင်းတယ်” ဟု ကိုယ်တွေ့ကြုံခဲ့ရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းသို့လုယက်ရန် ကြိုးပမ်းနေစဉ် လမ်းသွား၊ လမ်းလာ အမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာသည်ကို တွေ့သဖြင့် လမ်းဘေးရှိ ဆီအုန်းတောထဲ ထွက်ပြေးသွားခဲ့သည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် ယင်းအမျိုးသမီးတွင်မူ မည်သည့်ပစ္စည်းမှ မပါသွားခဲ့ဟု ဆိုသည်။

အမျိုးသမီးအချို့မှာမူ ငွေကြေးများ လုယက်ခံခဲ့ရသည့် ဖြစ်စဉ်မျိုးရှိဖူးပြီး အချို့မှာမူ ကိုယ်ထိ လက်ရောက် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းမျိုးလည်း ကြုံရကြောင်း ဒေသခံအချို့က ပြောကြားသည်။

“ဆီအုန်းတောထဲကနေပြီး ဆိုင်ကယ်နဲ့ ထွက်လာတာ။ ပြီးတော့ ကျွန်မဆိုင်ကယ်နောက်ကနေ ကပ်လိုက်လာပြီးတော့ ထိကပါးရိကပါးတွေ ပြောတယ်။ ချစ်စရာလေးတို့၊ အဖော်လိုက်ပေးရ မလားတို့မေးတယ်။ လူပြတ်တဲ့နေရာရောက်တော့ ဆိုင်ကယ်ပေါ်ကနေပြီး လက်ကိုလှမ်းဆွဲတာ” ဟု အသက် ၂၁ နှစ်အရွယ် အခြားအမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအမျိုးသမီးသည်လည်း လမ်းသွား လမ်းလာ ဆိုင်ကယ်တစ်စီးလာသည်သဖြင့် လွတ်မြောက်သွားခဲ့ကြောင်း ပြောဆိုသည်။

အဆိုပါလမ်းပိုင်းသည် ဆီအုန်းတောနှင့် ရာဘာခြံများသာရှိပြီး လူနေအိမ်များမရှိပေ။

လုယက်၊ နှောက်ယှက်သူတို့သည် နံနက်ပိုင်းနှင့် နေလယ်ပိုင်း လူပြတ်ချိန်ကို စောင့်ဆိုင်း လှုပ်ရှားလေ့ ရှိကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းကဲ့သို့ လုယက်၊ နှောက်ယှက်ခြင်းသည်မှာ တစ်လကျော်ရှိနေပြီဖြစ်ပြီး သုံးရက်ခြားတစ်ကြိမ်၊ လေးရက်ခြားတစ်ကြိမ် ကြားရလေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။