မြိတ်တွင် လူငယ်နှစ်ဦး ဖမ်းဆီးခံရ

0
322
ဓါတ်ပုံ - အဖမ်းခံထားရသည့် ကိုစိုးသက်ထွန်း

မြိတ်မြို့၌ ဧပြီလ ၂၅ ရက်နှင့် ၂၈ ရက်နေ့တို့တွင် လူငယ်နှစ်ဦး ဖမ်းဆီးခံရကြောင်း မြိတ်ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၅ ရက်နေ့က တက္ကသိုလ်ကျောင်းသားလူငယ်တစ်ဦး အဖမ်းခံရပြီး ဧပြီလ ၂၈ ရက်နေ့တွင် နောက်ထပ် လူငယ်တစ်ဦး အဖမ်းခံရကြောင်း ဒေသခံများက ပြောသည်။

မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်တွင် နေထိုင်သူ ကိုစိုးသက်ထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီလ ၂၅ ရက်နေ့တွင် လာရောက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ဖမ်းဆီးပြီး သုံးရက်အကြာ ဧပြီလ ၂၈ ရက် နေ့လယ်တွင်လည်း မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ မြို့မ ၂ ရပ်ကွက်နေ မောင်ရဲမြတ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားနှစ်စီးဖြင့် လာရောက်ဖမ်းဆီးသွား ကြောင်း ဒေသခံများက ပြောသည်။

အဖမ်းခံရသည့် မောင်ရဲမြတ်သူသည် တက္ကသိုလ်ဝင်တန်း ကျောင်းသားဖြစ်ပြီး အာဏာသိမ်းပြီးနောက် ကျောင်းမတက်ဘဲ နေသူဖြစ်ကြောင်း ရပ်ကွက်သားများထံမှ သိရသည်။

ယင်းလူငယ်နှစ်ဦးအား မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ဖမ်းဆီးခဲ့သည်ကို မသိရှိရကြောင်း ဒေသခံများက ပြောဆိုသည်။

“ဖမ်းခံရတာမှန်တယ်။ ဘာကြောင့်ဆိုတာ အသေအချာမသိဘူး” ဟု မြို့မရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

မျက်မြင်ဒေသခံများ၏ ပြောဆိုချက်အရ မောင်ရဲမြတ်သူကို လာရောက်ဖမ်းဆီးချိန် ကားပေါ်တွင် နောက်ထပ် လူငယ် ၂ ဦး ကိုလည်း တင်ဆောင်လာသည်ကို တွေ့ရကြောင်း သိရသည်။

သို့သော် ကားပေါ်တွင် ပါလာသည့် ယင်းလူငယ်နှစ်ဦးနှင့် ပတ်သက်၍ အကြောင်းအရင်းကို မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။

မြိတ်မြို့တွင် ဧပြီလ ၂၃ ရက်နေက အောင်မင်္ဂလာရပ်ကွက် စာသင်ကျောင်းအနောက်ဖက်တွင် ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီအဖွဲ့မှ အစစ်အဆေးအဖမ်းအဆီးများ ပြန်လည်လုပ်ဆောင်လာကြောင်း မြို့ခံများထံမှသိရသည်။