မြိတ်-ထားဝယ် ကားလမ်းတွင် ကားများ မှန်ချမောင်းနှင်ရန် PRDF မေတ္တာရပ်ခံ

0
184

မြိတ်-ထားဝယ် အဝေးပြေးကားလမ်းတွင် ကားများ မှန်ချပြီးမှ မောင်းနှင်ကြရန် မေတ္တာရပ်ခံကြောင်း ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ယနေ့ (ဧပြီ ၂၈) ထုတ်ပြန်လိုက်သည်။

ထားဝယ်-ပုလော-မြိတ် ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်များကို PRDF က မိုင်းဆွဲတိုက်ခိုက်မှုများ၊ ခြုံခိုတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ တိုက်ခိုက်ရာတွင် ခရီးသွားလာသော မိဘပြည်သူများကို ထိခိုက်မှု မရှိစေရန် (ကွဲပြားခြားနားစေရန်) ခရီးသွားရာတွင် ရွာတွင်းဖြစ်စေ၊ လမ်းမကြီးပေါ်တွင်ဖြစ်စေ မှန်ချပြီးမှ မောင်းနှင်ကြရန် မေတ္တာရပ်ခံကြောင်း PRDF က ထုတ်ပြန်သည်။

ထို့အပြင် ကုန်ကားများ၊ ပြည်သူပိုင်ယာဉ်များပေါ်တွင်လည်း စစ်ကောင်စီတပ်များအား တင်ဆောင်မောင်းနှင်ခြင်း မပြုရန်နှင့် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်များ၊ ရိက္ခာများကိုလည်း လုံးဝသယ်ဆောင်ခြင်းမပြုပါရန်လည်း မေတ္တာရပ်ခံထားသည်။

ယင်းအချက်များကို လိုက်နာခြင်းမရှိဘဲ လုပ်ဆောင်လာ၍ မှားယွင်းစွာ မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းမျိုး ဖြစ်ပေါ်လာပါက ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် တာဝန်မယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအပေါ် နားလည်လက်ခံနိုင်သော်လည်း လက်တွေ့တွင် ပြည်သူများအနေဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း၊ စစ်ကောင်စီတပ်မှ လမ်းတွင်ကားတား၍ တက်လိုက်ခြင်း၊ လက်နက်ရိက္ခာများ တင်ဆောင်ခိုင်းခြင်းများ ပြုလုပ်လာလျှင် ငြင်းဆန်ရန် အခက်အခဲရှိကြောင်း ကားသမားများကပြောသည်။

ကားသမားများမှာ မိသားစု စားဝတ်နေရေးအတွက်သာ မဖြစ်မနေအလုပ်လုပ်နေရခြင်း ဖြစ်ပြီး ယခုဖြစ်စဉ်ကြောင့် အသက်နှင့်ရင်း၍ ပိုက်ဆံရှာနေရသလိုဖြစ်နေကြောင်း၊ နိုင်ငံရေး အခြေအနေကြောင့် အလုပ်အကိုင်ရှားပါးသဖြင့် တခြားအလုပ်ပြောင်းပြီး လုပ်ဖို့လည်းမလွယ်ကြောင်း ၎င်းတို့ကဆိုသည်။

“ (စစ်ကောင်စီတပ်က) သူတို့ကားကို သူတို့မသုံးပဲ အရပ်သားကားကို ကြားခံနယ်သုံးရင်တော့ ကားသမားအတွက် အခက်အခဲတွေ ပြဿနာတွေ ကြုံရနိုင်တယ်။ ကားသမားတွေကလည်း အဲဒါကိုပဲ ကြောက်ပြီး တချို့ နားကုန်ကြပြီ” ဟု ထားဝယ်မြိတ် ကော့သောင်းခရီးသည်တင်ယာဉ်မောင်း တဉီးကပြောသည်။

မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုလမ်းပေါ်တွင် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်တန်းများကို မကြာခဏ မိုင်းဆွဲခြင်းနှင့် ခြုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိနေသည်။