“အခုက အလုပ်အကိုင်လည်း အဆင်မပြေကြပဲကိုး။ အခက်အခဲကတော့ အမျိုးမျိုးပဲ။ငွေကြေးရော၊ လုပ်ငန်းရော၊ မီတာခတွေဈေးတက်လာတာရော အကုန်လုံးပဲ အခက်အခဲရှိတယ်”

0
681

တနင်္သာရီ ပုံရိပ်များ

မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသဖြစ်သည့် တနင်္သာရီတိုင်းမှာ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသတစ်ခုဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုလည်းဖြစ်သည်။ 

သို့သော်ယခုနှစ်များတွင် ကိုဗစ်ကပ်ဘေးနှင့် ဆိုးရွာသည့်နိုင်ငံရေး အခြေအနေများကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် ယိုယွင်းကျဆင်းမှုများ ကြုံတွေ့နေရသည်။

ယင်းကြောင့် တောင်ပိုင်းသားများ ကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများကို သိရှိနိုင်စေရန် Dawei Watch ကဒေသခံများကို မေးမြန်း၍ အပတ်စဉ် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။

တနင်္သာရီတိုင်းမှာ ပုဂ္ဂလိက လျှပ်စစ်မီတာကိုသာ အဓိကအားပြုနေရပြီး လျှပ်စစ်မီတာခဈေးနှုန်း မြင့်မားစွာ ပေး၍ဝယ်ယူသုံးစွဲနေကြရသည်။ ထားဝယ်တွင် မီတာခ တစ်ယူနစ် ၂၉၈ ကျပ်ဖြစ်နေချိန်တွင် မီးမရောက်သေးသည့် ကျေးလက်ဒေသများတွင် မီတာခမှာ တယူနစ်လျှင် ငွေကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ အထိပေးနေရသည်။

တိုင်းဒေသကြီးအစိုးရက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည့် ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ခေါ်ယူကာ တစ်ယူနစ် သတ်မှတ်ဈေးဖြင့် လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း မဟာဓာတ်အားလိုင်းမရောက်သေးသည့်အတွက် ပုဂ္ဂလိကမီးလင်းရေး ကုမ္ပဏီ များက ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး လျှပ်စစ် ဓာတ်အားခမှာ သက်ဆိုင်ရာ ကုမ္ပဏီအပေါ် မူတည်ကာ ဈေးနှုန်းမတူညီကြပေ။

ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် စီးပွားရေး အဆင်မပြေမှုများ ကြုံတွေ့နေရသည့် ဒေသခံများမှာ ယခုနှစ်အတွင်း မီတာခဈေးနှုန်းများ ပိုမိုမြင့်မားလာမှုကြောင့် ခက်ခဲကျပ်တည်းမှုများ ပိုမိုရင်ဆိုင်လာကြရသည်။

ယခုတစ်ပတ်တွင် တနင်္သာရီတိုင်းအတွင်းရှိ မီတာခဈေးနှုန်း အများဆုံးဒေသများထဲမှ တစ်ခုဖြစ်သော သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းကျေးရွာမှ ဒေသခံရွာသားနှစ်ဦးကို ဆက်သွယ်မေးမြန်း၍ ဖော်ပြအပ်ပါသည်။

DW  ကျွဲမင်းကုန်းရွာမှာ အခုလက်ရှိ မီတာခ တစ်ယူနစ်ကို ဘယ်လောက်ဖြစ်နေလဲ။

ဒေသခံ  အရင်လက တစ်ယူနစ် ကျပ် ၂၀၀၀ ၊ ဆယ်ယူနစ်ကို ၂၀၀၀၀ ပေးရတယ်။ တစ်အိမ်ကို ဆယ်ယူနစ်နှုန်း သတ်မှတ်ထားတယ်လေ။ ဆယ်ယူနစ် မပြည့်လည်း ဆယ်ယူနစ်ဖိုးပဲ ပေးရတယ်။ ဆယ်ယူနစ်ကျော်ရင်လည်း ကျော်တဲ့အလိုက်ပေးရတယ်။

DW  ဘယ်အချိန်လောက်က စပြီးတက်လာတာလဲ။

ဒေသခံ  အခု ၂ လဖြစ်ပြီ။ ၂၀၀၀ ဖြစ်လာတာ၊ အာဏာမသိမ်းခင်က တစ်ယူနစ်ကို တစ်ထောင်၊ ဆယ်ယူနစ်ကို တစ်သောင်းပေးရတယ်။ အာဏာသိမ်းပြီးမှ တစ်သောင်းကနေ တက်တက်လာတယ်။ တစ်သောင်းနှစ်ထောင် တစ်သောင်းသုံးထောင်ကနေ တက်တက်လာတာ။ ဆီဈေးတက်လာတဲ့ချိန်မှာ ပြေးတက်လာတာ။ တစ်သောင်းခွဲတစ်ခါဖြစ်သေးတယ်။ အခုကတော့ တစ်ယူနစ်ကို ၂၀၀၀ ဖြစ်တာ ၂ လရှိပြီ။

DW  မီးက ဘယ်အချိန်ကနေ ဘယ်အချိန်ထိရလဲ။

ဒေသခံ  ည ၆ နာရီကနေ ၁၀ နာရီထိပဲ။

DW  ဒီလို မီတာခတွေဈေးတက်လာတော့ ကိုယ့်မိသားစုနဲ့ အိမ်အတွက် ဘယ်လိုထိခိုက်မှုတွေ ရှိလာလဲ။

ဒေသခံ  ထိခိုက်မှု မရှိဘူးလားဆိုတော့ ရှိတာပေါ့။ အနည်းနဲ့ အများကတော့ ညည်းတော့ ညည်းနေကြတာပဲ။ အိမ်ကလည်း ညည်းနေတာပဲ။ ဒီမီးတစ်ခုပဲ ရှိတာဆိုတော့ ဒီမီးတစ်ခုပဲ သုံးနေရတာပေါ့။ မသုံးဘဲလည်း မရဘဲကိုး။ ဖြတ်ပစ်လိုက်ရင်လည်း ဖုန်းအားသွင်းဖို့ အခက်အခဲဖြစ်နေတာဆိုတော့၊ အရင်တုန်းကတော့ ကျွန်တော်တို့ အိမ်မှာ ဆိုလာပြားရှိတယ်။ ဖယောင်းတိုင်တို့ ဆိုလာတို့ ရေနံတို့လည်း သုံးတယ်။ ဖယောင်းတိုင်ကတော့ အဓိကပေါ့။

DW  ဒီလို မီတာခဈေးကြီးလာတော့ မီးမသုံးနိုင်တော့လို့ မီးဖြတ်လိုက်တဲ့ အိမ်တွေရောရှိလား။

ဒေသခံ  ဖြတ်တဲ့ အိမ်တွေရှိတယ်။ ဘယ်နှစ်အိမ်လောက်ရှိလဲဆိုတော့ သေချာတော့ ပြောမတတ်ဘူး။ ဖြတ်တဲ့ အိမ်တွေများများကြီးပဲ။ အိမ်ခြေ ၂၀ လောက်တော့ မီးဖြတ်လိုက်မယ်ဆို ထင်တယ်။ မီးသုံးနေတဲ့ အိမ်က အရင်က အိမ်ခြေ ၂၀၀ လောက်ရှိမယ်။ အခုတော့ တစ်ရာကျော်လောက်ပဲ ကျန်ပြီပေါ့။

(ကျွဲမင်းကုန်းကျေးရွာမှ အသက် ၂၉ နှစ်အရွယ် အခြားဒေသခံအမျိုးသားတစ်ဦး)

DW  အကိုတို့ရွာမှာ မီတာခ တစ်ယူနစ်ကို ၂၀၀၀ ကျပ်ပေးရတယ်လို့ ပြောတယ်။ ထားဝယ်နဲ့စာရင် တယူနစ် ၂၀၀၀ ကျပ်အထိပေးရတယ်ဆိုတော့ အဲဒီလို မီတာခဈေးတက်လာတာနဲ့ ပက်သက်ပြီး ကိုယ်အတွက် ဘာအခက်အခဲတွေ ဖြစ်သွားလဲ။

ဒေသခံ  အခက်အခဲတော့ ရှိတာပေါ့။ ရွာမှာ မီတာခဈေးတက်တယ်ဆိုတော့ လူတိုင်းလူတိုင်း ပြဿနာကြုံရတာပေါ့နော်။ အခုက အလုပ်အကိုင်လည်း အဆင်မပြေကြပဲကိုး။ အခက်အခဲကတော့ အမျိုးမျိုးပဲ။ ငွေကြေးရော၊ လုပ်ငန်းရော၊ မီတာခတွေဈေးတက်လာတာရော အကုန်လုံးပဲ အခက်အခဲရှိတယ်။

DW  အာဏာသိမ်းပြီးမှ ဆီဈေးတွေတက်လာတာဆိုတော့ အာဏာသိမ်းပြီးမှ (မီတာခတက်လာတာလား၊ အာဏာမသိမ်းခင်က တက်လာတာလား။

ဒေသခံ  အာဏာသိမ်းပြီးမှ တက်လာတာပဲ။ ဆီဈေးတက်လာတော့ မီတာခလည်း ဈေးလိုက်တက်လာတာပေါ့။ သူတို့လည်း ဆီဈေးတက်လို့ မီတာခထပ်တိုးမယ်ဆိုပြောတယ်။ ဈေးတက်လာကတော့ နိုင်ငံရေးကြောင့်ပေါ့လေ။

DW  အခုပေးရတဲ့ တစ်ယူနစ် ၂၀၀၀ ထက် ပိုပြီးတက်လာဦးမယ်ဆိုရင် မီးဆက်သုံးနိုင်ပါဦးမလား။

ဒေသခံ  ဒီထက်တိုးလာမယ်ဆိုလည်း လူတွေအကုန်လုံး မီးသုံးလျှော့မှရမှာပေါ့။ ဒီလိုပဲ ဖယောင်းတိုင်ရ ဖယောင်းတိုင်ခေတ် နောက်ပြန်သွားရမှာပေါ့နော်။ ကျွန်တော်တို့ရွာမှာက မီးက ၄ နာရီပဲ လာတာကိုး၊ ၆ နာရီကနေ ၁၀ နာရီထိပဲ။ တချို့ ရွာတွေမှာက ၂၄ နာရီမီးရှိတာကိုး။ ကျွန်တော်တို့ ရွာတွေကတော့ ဆင်းရဲတယ်ဆိုတော့ အဲဒီလို ၄ နာရီလာတဲ့ မီးတောင် နပ်မမှန်ဘူး။ တစ်ခါတစ်ခါ ပျက်ပျက်သွားရင်။

DW  အကိုတို့ရွာမှာ ဒီရွာကပေးတဲ့ လျှပ်စစ်မီးကိုပဲ အားကိုးနေရတာလား၊ တခြားရော ဘာတွေသုံးကြသေးလဲ။

ဒေသခံ  ဒီမီးကိုလည်း အားကိုးနေရတယ်။ ဆိုလာလည်း အများအားဖြင့် အသုံးများကြတာပဲ။

DW  ဒီအခြေအနေနဲ့ ပက်သက်ပြီးတခြားရော ဘာများမှတ်ချက်ပြုချင်သေးလဲ။

ဒေသခံ  နိုင်ငံရေးကောင်းအောင်ပဲ ဆုတောင်းပေးနေရတယ်။ နိုင်ငံရေးကောင်းလာမှပဲ အကုန်လုံး အစစအရာရာ အဆင်ပြေလာမှာပေါ့။ ဆီဈေးတွေရော၊ သူတို့လည်း လိုက်ပြီးအပြစ်တင်မရဘူး။ နိုင်ငံရေးကောင်းအောင်ပဲ မြန်မြန်ဆန်ဆန်ပဲ ဆုတောင်းရမှာပေါ့။ နိုင်ငံရေးနဲ့ စီးပွားရေးက အကုန်လုံးပတ်သက်နေတာကိုး။