လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ခလယ်-တံခွန်တိုင်ဒေသခံများ ထွက်ပြေးတိမ်းရှောင်

0
481
တံခွန်တိုင်ရွာလမ်းမတစ်နေရာကို ယနေ့နံနက်ပိုင်းက တွေ့ရစဉ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ဘက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ယနေ့ (ဧပြီ ၂၄) ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဧပြီလ ၂၃ ရက်နေ့ ည ၁၀ နာရီအချိန်က ခလယ်‌၊ တံခွန်တိုင်၊ နန်းသိုင်းထွန်း၊ ပုလိမ်အစရှိသည့် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ထိတ်လန့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“ညက လက်နက်ကြီးတွေနဲ့ ပစ်တာ တော်သေးလို့ ရွာထဲမကျဘဲ ရွာနားက ရော်ဘာခြံတွေမှာ ကျတယ်။ ဒီလိုပစ်နေတော့ ရွာမှာ မနေရဲကြတော့ဘူး။ အဓိက ခလေးတွေ လူကြီးတွေ ရှောင်ကုန်ကြတယ်” ဟု ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက မုဒုံမြို့ပေါ်သို့ တိမ်းရှောင်လာသည့် နန်းသိုင်းထွန်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ခလယ်-တံခွန်တိုင် ရဲစခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည် ရွာထဲကျကာ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည့် ခလယ်-တံခွန်တိုင် ရဲစခန်းသည် မုဒုံ-ခလယ်တံခွန်တိုင် လမ်းမကြီးတွင် တည်ရှိပြီး ရဲစခန်း ပစ်ခတ်မှုများ ပြုလုပ်သဖြင့် ဒေသခံများ သွားလာရန် အခက်အခဲ ကြုံရကြောင်း ဒေသခံတို့က ပြောဆိုသည်။

ခလယ်-တံခွန်တိုင်လမ်းမပိုင်းသည် မွန်ပြည်နယ် မုဒုံလမ်းပိုင်းကနေ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်သို့ သွားလို့ရသည့်လမ်းများအနက် အသုံးများသည့်လမ်းပိုင်းတစ်ခုဖြစ်သည်။

“ခလယ်-တံခွန်တိုင်လမ်းက ခရီးတိုလို့ အသုံးများကြတယ်။ အခု ပစ်ခတ်မှုဖြစ်နေတာက မသွားရဲကြဘူး။ နေ့လယ်ကလည်း သေနတ်သံတွေ ကြားနေရတယ်လို့ ပြောတယ်။ ချောင်းနှစ်ခွဘက်လည်း သွားဖို့ကလည်း တံတားမှာ ပစ်ခတ်မှုဖြစ်ထားတော့ မသွားရဲကြဘူးဖြစ်နေတယ်” ဟု မော်လမြိုင်တွင် ရောက်ရှိနေသည့် ခလယ်-တံခွန်တိုင်ဘက်မှ ဒေသခံတစ်ဦးက ပြောသည်။

ဧပြီလ ၂၂ ရက်နေ့ကလည်း ခလယ်-တံခွန်တိုင် ရဲစခန်းအနီးတွင် KNU ၊ PDF ပူးပေါင်းအဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။