ပုလောတွင် ကြံ့ခိုင်ရေး အမတ်ဟောင်း၏ နေအိမ်ရှေ့ဗုံးပေါက်

0
242

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှစိုး၏ ပုလောမြို့နယ် နေအိမ်ရှေ့၌ ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၄ ရက်ည ၉ နာရီဝန်းကျင်က ပုလောမြို့ဈေးအနီးရှိ ဦးလှစိုး၏ နေအိမ်ရှေ့တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အသံက တော်တော်ကျယ်တယ်။ ကျွန်တော်တို့က ထွက်ကြည့်မရဲကြဘူး” ဟု ပုလောဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ပေါက်ကွဲမှုကြောင့် ဦးလှစိုးနေအိမ် မျက်နှာချင်းဆိုင်ရှိ ဖိနပ်ရောင်းသည့်နေအိမ်မှ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကြောင်း၊ ပုလောဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

“ဦးလှစိုးအိမ်က တိုက်အမြင့်ကြီး။ သူကအိမ်ထဲက အပြင်မထွက်ဘဲ နေတာကြာပြီ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ဗုံးဖောက်ခွဲမှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF) ၏ ယနေ့ ညနေပိုင်းထုတ်ပြန်ချက်တွင်မူ ယခုပေါက်ကွဲမှုသည် ဒေသခံ PDF အဖွဲ့များနှင့် လုံးဝ ပတ်သက်မှု မရှိကြောင်း ထုတ်ပြန်ထားသည်။

PRDF အဖွဲ့သည် အပြစ်မဲ့ ပြည်သူများကို ထိခိုက်အောင် ယခုလည်း မလုပ်သကဲ့သို့ နောင်လည်း လုံးဝ လုပ်မည်မဟုတ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဉ်မှာ ပုလောမြို့မ ဈေးကြီးအနီး နေအိမ်တစ်အိမ် (ဦးလှစိုးအိမ်၏ မျက်နှာချင်းဆိုင်အိမ်) တွင် ပေါက်ကွဲခြင်းဖြစ်ပြီး ယင်းအိမ်က အိမ်ထောင်ဦးစီးနှင့် အိမ်သားအချို့ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း PRDF က ထုတ်ပြန်ထားသည်။

ယင်းအိမ်မှာ PRDF အတွက်သော်လည်းကောင်း၊ မဟာမိတ်များအတွက်သော်လည်းကောင်း လက်လုပ်မိုင်းများ လုပ်ပေးနေခြင်း လုံးဝ မဟုတ်ပါကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးလှစိုးသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၉) ၌ အနိုင်ရခဲ့သည်။ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့တွင်မူ ပုလောမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်ရာ နှစ်ကြိမ်ဆက် ရှုံးနိမ့်ခဲ့သည်။

ပုလောမြို့တွင် ဧပြီလ ၁၄ ရက်နေ့ကလည်း ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးအောင်နေဇာလင်း ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့သည်။

ဧပြီ ၂၃ ရက်နေ့ကလည်း ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးဇာနည်အောင် ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်သဖြင့် မြိတ်ဆေးရုံတွင် ကုသနေစဉ် သေဆုံးသွားပြီဟု ဒေသခံများက ပြောဆိုသော်လည်း Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။