မြိတ်တွင် တစ်နှစ်ကျော်ကာလအတွင်း လျှပ်စစ်တစ်ယူနစ် ကျပ်ငါးရာကျော်တိုးလာ

0
265

မြိတ်တွင် တစ်နှစ်ကျော်ကာလအတွင်း လျှပ်စစ်တစ်ယူနစ် သုံးစွဲခကျပ်ငါးရာကျော် ဈေးတက်လာကြောင်း မြို့ခံများထံမှ သိရသည်။

အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလအထိ လျှပ်စစ်တစ်ယူနစ်ကို ၂၃၅ ကျပ်နှုန်း ပေးဆောင် နေရာမှ တစ်ဆယ့်လေးလအတွင်း တစ်ယူနစ်ကို ကျပ်ငါးရာကျော် တိုးကာ ပေးဆောင် နေကြရကြောင်း မြိုခံလျှပ်စစ်သုံးစွဲသူများက ပြောသည်။

လက်ရှိ ၂၀၂၂ ခုနှစ် မတ်လအတွက် တစ်ယူနစ်ကို ၇၆၅ ကျပ်နှုန်း ကုမ္ပဏီမှ ကောက်ခံလိုက်သဖြင့် အာဏာသိမ်းမတိုင်မီကထက် တစ်ယူနစ်ကို ကျပ် ၅၃၀ ပိုလာခြင်းဖြစ်သည်။

“အာဏာမသိမ်းခင်ကဆို တစ်လကို မီးဖိုးတစ်သောင်းကျော်ပဲကျတယ်။ အခုက တစ်လငါးသောင်းနီးပါး လောက်ပေးနေရတယ်” ဟု တစ်လလျှင် လျှပ်စစ်ယူနစ် ခြောက်ဆယ် ဝန်းကျင် ပုံမှန်သုံးခဲ့သည့် အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။

အလားတူ ထမင်းပေါင်းအိုးတစ်လုံးနှင့် မီးတစ်ခုတည်းသာ အသုံးပြုသည့် နေအိမ်တစ်ဆောင် သည်လည်း ယခင်က တစ်လကျပ်တစ်သောင်းဝန်းကျင် ကျသင့်ခဲရာမှ လက်ရှိတွင် ကျပ်နှစ် သောင်းခွဲနီးပါး ပေးဆောင်နေရကြောင်း မီးသုံးစွဲသူ အမျိုးသားတစ်ဦးက ပြောသည်။

“မီး၊ ရေ စားသောက်ကုန် အကုန်လုံးဈေးတက်တယ်။ ဈေးမတက်တာက လုပ်အားခပဲ” ဟု ၎င်းကဆိုသည်။

မြိတ်မြို့ဈေးကွက်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ဇန်နဝါရီလက စက်သုံးဆီတစ်ပေပါ ကျပ်တစ်သိန်းဝန်း ကျင်ရှိခဲ့ရာမှ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်တွင် တစ်ပေပါ ကျပ်လေးသိန်းကျော် ပေါက်ဈေးရှိနေကြောင်း စက်သုံးဆီ ဝယ်ယူရောင်းချနေသူများ ထံမှသိရသည်။

မြိတ်မြို့အား ပုဂ္ဂလိကကုမ္ပဏီဖြစ်သည့် Petro & Trans ကုမ္ပဏီက လျှပ်စစ်ဓါတ်အားဖြန့်ဖြူး ပေးနေသည်။

ယင်းကုမ္ပဏီသည် ယခင်အစိုးရလက်ထက်က လျှပ်စစ်တစ်ယူနစ်လျှင် ၂၉၂ ကျပ်နှုန်း၊ HFO လောင်စာ ဖြင့် ဖြန့်ဖြူးရန် တင်ဒါအောင်ပြီး လက်ရှိ အချိန်အထိ ဒီဇယ်ဆီဖြင့် ဖြန့်ဖြူးနေကြောင်း ကုမ္ပဏီထံမှ သိရသည်။

အဆိုပါကုမ္ပဏီက လောင်စာဆီဈေးနှုန်းအပေါ်မူတည်ကာ လျှစ်စစ်မီတာနှုန်းထားခကို ပြောင်းလဲ ကောက်ခံမည်ဟု ပြောဆိုထားသည်။

 ယင်းသို့ ကောက်ယူရာတွင် ၂၀၂၁ ဇန်နဝါရီလတွင် တစ်ယူနစ် ၂၃၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၂၅၈ ကျပ်၊ မတ်လတွင် ၂၈၀ ကျပ် ကောက်ခံခဲ့သည်။

ယင်းနောက် ဧပြီလတွင် ၂၉၅ကျပ်ဖြင့် တင်ဒါအောင် နှုန်းထားကို စတင်ကျော်လွန်ကောက်ခံခဲ့ပြီး မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ၃၈၅ ကျပ်၊ ဩဂုတ်တွင် ၃၉၈၊ စက်တင်ဘာ ၄၂၀၊ အောက်တိုဘာတွင် ၄၇၀၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၂၂ ဇန်နဝါရီအထိ ၄၇၈ ကျပ်နှုန်းဖြင့် ကောက်ယူခဲ့သည်။

ယင်းနောက် ၂၀၂၂ ဖေဖော်ဝါရီတွင် ၅၆၅ ကျပ်နှင့် မတ်လတွင် ၇၆၅ ကျပ်သို့ တိုးမြင့် ကောက်ခံနေခြင်းဖြစ်ကြောင်း မီးသုံးစွဲသူများထံမှ သိရသည်။