ထားဝယ်ရိုးရာ ကလေးသင်္ကြန်ရက် ရေကစားသူမတွေ့

0
236

နှစ်စဉ် ဧပြီလ ၁၁ ရက်ကစပြီး ကလေးသင်္ကြန်နေ့အဖြစ်သတ်မှတ်၍ ရေပက် ကစားလေ့ရှိသော ထားဝယ်ခရိုင် မြို့နယ်များတွင် ယနေ့ ရေကစားသူ မ‌တွေ့ရကြောင်း ဒေသခံများက ပြောသည်။

ယခင်နှစ်များက ထားဝယ်မြို့အတွင်းရှိ အဓိကလမ်းမကြီးများတွင် သင်္ကြန်အကြိုနေ့ မတိုင်မီ နှစ်ရက်ကစပြီး မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူအရွယ်များ ရေပက်ကစားလေ့ ရှိသော်လည်း ယခုနှစ်မှာမူ တစ်မြို့လုံးနီးပါးတွင် ရေကစားသူ မတွေ့ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“လုံးဝ မရှိဘူး။ တစ်မြို့လုံးနီးပါး ပတ်သွားကြည့်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်မြို့အပါအဝင် လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း စသည့် မြို့နယ်များတွင် ရေပက်ကစားသူ မတွေ့ရကြောင်း ဒေသခံများက ပြောသည်။

ကိုဗစ်နှင့် အာဏာသိမ်းမှုဂယက်တို့ကြောင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ၂ နှစ် မကျင်းပခဲ့ပေ။ သို့သော် ယခုနှစ်တွင် စစ်ကောင်စီက ကျင်းပမည်ဟု ကြေညာထားပြီး ထားဝယ်မြို့တွင်လည်း မဏ္ဍပ်သုံးခုထက် မနည်းဆောက်ထားပြီဖြစ်သည်။

ထားဝယ်ခရိုင်သပိတ်ကော်မတီကမူ ယခုနှစ်သင်္ကြန်ပွဲတော်တွင် ပြည်သူများပါဝင်ခြင်း မပြုလုပ်ဘဲ သပိတ်မှောက်ကြရန် ထုတ်ပြန်တောင်းဆိုထားသည်။

ယခင်သင်္ကြန်ကာလများတွင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့မှာ နေအိမ်ရှေ့တွင် ကလေး သူငယ်များ အစုလိုက် စုဖွဲ့ရေကစားခြင်းနှင့် သုံးဘီးမော်တော်ယာဉ်များဖြင့် ရွာစဉ်လျှောက် ရေပက်ခံထွက်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ မတွေ့ရသေးကြောင်း ဒေသခံအချို့က ပြောသည်။

“နှစ်တိုင်းက ဒီနေ့ဆို အိမ်ကလေးတွေ တားလို့မရဘူး။ ဒီနှစ်ကတော့ သူတို့ကိုယ်တိုင်လည်း ရေမဆော့ကြဘူး။ ဆော့မယ်ဆိုလည်း ဦးတို့ ခွင့်ပြုမှာ မဟုတ်ဘူး” ဟု လောင်းလုံးမြို့နယ်ရှိ ကလေးမိဘတစ်ဦးက ပြောသည်။

ကလေးမိဘအချို့ကလည်း နိုင်ငံရေးအခြေအနေကြောင့် ကလေးငယ်များ တစ်စုံတစ်ရာ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောဆိုကြသည်။

သင်္ကြန်ကာလတွင် ကလေးများ ရေဆော့ကစားသည့် ပစ္စည်းများဖြစ်သည့် ရေသေနတ်၊ ရေပြွန် စသည်တို့မှာလည်း ထားဝယ်တွင် မရောင်းရသလောက်နည်းပါးနေကြောင်း ယင်းပစ္စည်း အရောင်းဆိုအချို့ထံမှ သိရသည်။