လောင်းလုံးတွင် မင်္ဂလာဆောင်ကျင်းပသည့် ကျေးရွာနှစ်ရွာ၌ ပေါက်ကွဲမူဖြစ်

0
294

လောင်းလုံးမြို့နယ်အတွင်း မင်္ဂလာဆောင်ကျင်းပခဲ့သော ကျေးရွာနှစ်ရွာတွင် ပေါက်ကွဲမူများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဧပြီလ ၁၀ ရက်က လောင်းလုံးမြို့ ‌မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ခမောင်းတောင်ကျေးရွာ ဘုန်ကြီးကျောင်းတွင် မင်္ဂလာဆောင်ကျင်းပခဲ့ကြောင်း၊ ပွဲအပြီး ညနေပိုင်းတွင် ဗုံးပေါက်ကွဲမူဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းမင်္ဂလာဆောင်ကို စစ်ကောင်စီတပ်က အရပ်ဝတ်ဖြင့် လုံခြုံရေးပေးခဲ့ပြီး၊ ပွဲပြီးချိန်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပေါက်ကွဲမှုမှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Dawei Defense Team၊ Nway Oo Guerrilla အဖွဲ့တို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ယင်းအဖွဲ့များက ယနေ့ထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၁၁) တွင်လည်း လောင်းလုံးမြို့ တောင်ဘက် ၉ မိုင်ခန့်အကွာ ကြက်ယက်တွင်းကျေးရွာ မင်္ဂလာဆောင်ကျင်းပနေစဉ်အတွင်း ယင်းအနီးပတ်ဝန်းကျင်က ပေါက်ကွဲသံနှင့် သေနတ်သံများ ထွက်လာကြောင်း ဒေသခံအချို့က ပြောသည်။

“ဒီနေ့ကျွန်မတို့ရွာမှာ မင်္ဂလာဆောင်နှစ်ပွဲရှိတယ်။ မင်္ဂလာဆောင်တစ်ခုကတော့ မနက်စောစောကတည်းက ဘိတ်သိတ်ခံလိုက်တယ်။ ပြီးမှ ဧည့်ခံတာပေါ့။ ဧည့်ခံနေချိန်မှာ ပေါက်ကွဲသံတွေ သေနတ်သံတွေကြားရလို့ အသံချဲ့စက်တွေ ပိတ်လိုက်ပြီး ရုတ်ရုတ်သဲသဲတွေဖြစ်သွားကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

လောင်းလုံးမြို့နယ်အတွင်း အလှူ၊ မင်္ဂလာဆောင်၊ ပျော်ပွဲရွှင်ပွဲကျင်းပနေခြင်းကို ဧပြီလ ၈ ရက်မှစပြီး မလုပ်ဆောင်ကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Dawei Defense Team၊ Nway Oo Guerrilla အဖွဲ့တို့က မေတ္တာရပ်ခံခဲ့သော်လည်း မင်္ဂလာဆောင် ဗုံးပေါက်ကွဲမှုမှာ ၎င်းတို့လုပ်ဆောင်ခြင်း မဟုတ်ဟု ယင်းအဖွဲ့များက ထုတ်ပြန်ရှင်လင်းထားသည်။