စာမေးပွဲဖြေခါနီး ကံပေါက်ဒေသ အထက်တန်းကျောင်းစာစစ်ဌာနအနီးတွင် မိုင်းပေါက်

0
261

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အထက်တန်းကျောင်းစာစစ်ဌာန ကျောင်းအနောက်ဘက် ကိုက် ၁၀၀ ခန့်တွင် ယနေ့ (ဧပြီ ၄) နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က မိုင်းပေါက်ကွဲကြောင်း ယင်းစာစစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူ၊ ကျောင်းသား ၇၈ ဦးရှိပြီး မိုင်းပေါက်ကွဲခဲ့သည့်အချိန်တွင် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းဝန်းထဲ ဝင်လာနေကြသည့် အချိန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လုံခြုံရေးကတော့ အရပ်လေးမျက်နှာလုံးရှိတယ်” ဟု တာဝန်ရှိသူက ပြောဆိုသည်။

စာစစ်ဌာနပတ်လည်တွင် ရဲ၊ စစ်တပ်၊ မီးသတ်တပ်ဖွဲ့တို့ လုံခြုံရေးတာဝန်ယူထားသဖြင့် စာစစ်ဌာန အနီးကပ်ကာ ဖောက်ခွဲ၍ မရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုသည့် မတ်လ ၃၁ ရက်နေ့ကလည်း ထားဝယ်မြို့နယ် ပညာရေးမှူးရုံး သေနတ်နှင့် ပစ်ခတ်ခံရပြီး ဧပြီလ ၁ ရက်နေ့ကလည်း ရေဖြူမြို့နယ် အထက်တန်းကျောင်း စာစစ်ဌာနတွင် ဗုံးပေါက်ကွဲခဲ့သည်။

စစ်ကောင်စီက ကျင်းပပြုသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်၊ ဖောက်ခွဲတိုက်ခိုက်မည်ဖြစ်သဖြင့် သားသမီးများကို ကျောင်းသို့ စေလွှတ်ခြင်း၊ စာမေးပွဲဖြေဆိုစေခြင်းတို့ မလုပ်ကြရန် Guerrilla Dawei အဖွဲ့က သတိပေး ပန်ကြားချက် ထုတ်ပြန်ထားသည်။

ရေဖြူအထက်တန်းကျောင်း ဗုံးဖောက်ခွဲမှုကို Guerrilla Dawei က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။

ယနေ့ ကံပေါက်ဒေသက ဖောက်ခွဲမှုကို kanbauk Defense Force က ယခုကျင်းပနေသည့် စာမေးပွဲနှင့် Non CDM ဆရာ၊ ဆရာမမျာကို ခြိမ်းခြောက် သတိပေးသည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့ ဧပြီလ ၄ ရက်နေ့သည် ဓာတုဗေဒဘာသာရပ်ဖြေဆိုသည့် စတုတ္ထမြောက်နေ့ဖြစ်ပြီး ကံပေါက်ဒေသ စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ၈၄ ဦးအနက် လက်ရှိဖြေဆိုသူ ၇၈ ဦးရှိကြောင်း အထက်ပါစာစစ်ဌာနထံမှ သိရသည်။