ကံပေါက်ရွာသား လူငယ်နှစ်ဦး ပစ်ခတ်ခံရ

0
484

ရေဖြူမြို့နယ် ကံပေါက်ရွာတွင် ဆိုင်ကယ်စီးလာသည့် အသက် ၂၀ အရွယ် လူငယ်နှစ်ဦး ယနေ့ (ဧပြီ ၄) နေ့လယ် ၁၂ နာရီကျော်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားပြီဟု သတင်းများထွက်ပေါ် နေကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ကံပေါက်ရွာ၊ လှည်းကူးရပ်ကွက်၊ ရတနာလမ်း၊ မေတ္တာမွန်စားသောက်ဆိုင်အနီးတွင် ဆိုင်ကယ်စီး လာသည့် အဆိုပါလူငယ်နှစ်ဦးမှာ စစ်ကောင်စီတပ်နှင့်တွေ့ရာ အစစ်ဆေးမခံဘဲ ဆိုင်ကယ် ပြန်မောင်း ထွက်သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ရတနာလမ်းရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က မူးယစ်ဆေးဝါး ဝင်ရောက်စစ်ဆေးနေသည်ဟု ကြားသိရပြီး ယင်းနေအိမ်ရှေ့သို့ အဆိုပါလူငယ်နှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ယင်းအနီးဝန်းကျင်တွင်ရှိနေခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နေအိမ်ရှေ့ ဆိုင်ကယ် ရပ်လိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးရန်ခေါ်ရာ ဆိုင်ကယ်ပြန်မောင်း ထွက်သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က မေတ္တာမွန်ဆိုင်ထဲ ထိုင်နေတာ။ သူတို့ဆိုင်ကယ် မောင်းပြေးသွားတာတော့ မြင်လိုက် တယ်။ (ပစ်လိုက်တာလည်း) မြင်လိုက်တယ်လို့ပဲ ပြောရမှာပေါ့။ ဦးဆုံး သုံးချက်ပစ်တယ်။ နောက်ထပ် လေးငါးချက်လောက် ပစ်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ နေအိမ်အနီးက ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်များကို သွားခွင့်ပြုထားသော်လည်း နေအိမ်ရှေ့ ဆိုင်ကယ်ရပ်လိုက်သည့် လူငယ်နှစ်ဦးကိုမူ စစ်ကောင်စီတပ်က စစ်ဆေးရန်ခေါ်ခြင်း ဖြစ်ကြောင်း ယင်းရပ်ကွက်က ဒေသခံအချို့နှင့် အခင်းဖြစ်အနီးဝန်းကျင်တွင် ရှိနေသူအချို့က ပြောသည်။

သေနတ်ဖြင့် ပစ်ခံရသည့် လူငယ်နှစ်ဦးစလုံး ကျည်ထိမှန်ပြီး တစ်ဦး လမ်းပေါ်တွင် လဲကျနေစဉ် စစ်ကောင်စီတပ်က ကားပေါ်တင်ကာ ခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောဆိုကြသလို နှစ်ဦးစလုံးကို တင်ဆောင်သွားသည်ဟုလည်း အချို့က ပြောဆိုကြသည်။

ယင်းနောက် လူငယ်တစ်ဦးမှာ သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

အဆိုပါနေအိမ်က လူအချို့ကို ဖမ်းခေါ်သွားသည်ကိုလည်း တွေ့ရကြောင်း ယင်းအနီးဝင်းကျင်တွင် ရှိနေခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရပ်ကွက်နေသူ အချို့ပြောဆိုချက်အရ ပစ်ခတ်ခံရသည့် လူငယ်နှစ်ဦးမှာ အဆိုပါနေအိမ်တွင် ရေတွင်းတူးနေသူများ ဖြစ်သည်ဟုလည်း သိရသည်။

ပစ်ခတ်ခံရသည့် လူငယ်နှစ်ဦးမှာ ကံပေါက်ရွာမှဖြစ်ပြီး အသက် ၁၉ နှစ်နှင့် အသက် ၂၂ အရွယ်တို့ ဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသည်ဟု သတင်းထွက်နေသူမှာ အသက် ၁၉ နှစ်အရွယ် လူငယ်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယနေ့ နံနက် ၈နာရီ ၄၅ မိနစ်ခန့်က ကံပေါက်ဒေသ အထက်တန်းကျောင်းစာစစ်ဌာန ကျောင်းအနောက်ဘက် ကိုက် ၁၀၀ ခန့်တွင် မိုင်းပေါက်ကွဲခဲ့သည်။

ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရပ်ကွက်များအတွင်း လိုက်လံစစ်ဆေးမှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

ပစ်ခတ်ခံရသည့် လူငယ်နှစ်ဦး စစ်ကောင်စီတပ် စစ်ဆေးနေသည့် နေအိမ်ရှေ့သို့ ရောက်ရှိလာသည့် အကြောင်းအရင်း၊ လူငယ်နှစ်ဦးအနက် တစ်ဦးသေဆုံးသွားပြီဆိုသည့် သတင်းတို့ကို Dawei Watch အနေဖြင့် အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။