တောင်ပျောက်တွင် ရွာသားတစ်ဦးအသတ်ခံရပြီး တစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံး၊ နေအိမ်ခုနစ်လုံး မီးရှို့ခံရ

0
310

တိုက်ပွဲဖြစ်ပွားနေသည့် တောင်ပျောက်တိုက်နယ် ကျောက်အိုင်ရွာသားတစ်ဦး လက်ထိပ်တန်းလန်းဖြင့် အသတ်ခံရပြီး နောက်တစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးကာ ကျေးရွာသုံးရွာက နေအိမ် ခုနစ်လုံးလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကျောက်အိုင်ရွာသား ကိုလင်းမောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် လက်ထိပ်တန်းလန်းဖြင့် အသတ်ခံထားရသည်ကို တွေ့ရပြီး ကိုအောင်သန်းဌေးမှာ လက်နက်ကြီးကျည် ထိမှန်သေဆုံးကြောင်း ၎င်းတို့က ပြောသည်။

“ကလေးရော လူကြီးရော ဖမ်းမိထားတာရှိတယ်။ သူတို့က လူသားဒိုင်းမျိုးလုပ်ပြီး ခေါ်ဆောင်နေတာ။ သူတို့ကို ပစ်မရဘဲ နေအောင်ပေါ့။ ပြီးရင် တစ်ယောက် သတ်ပစ်ခဲ့တယ်။ တစ်ယောက်က လက်နက်ကြီး ကျည် ထိပြီး သေတယ်။ (သတ်ခံရတဲ့သူက) လက်ထိပ်နဲ့ပဲ” ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ယင်းအပြင် ဝင်းကဖော်၊ ကျောက်အိုင်၊ မယ်ကဲကျေးရွာ သုံးရွာက ဒေသခံပြည်သူလူထု၏ နေအိမ် ခုနစ်လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်က မတ်လ ၃၀ ရက် နံနက် ၄ နာရီက စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး မတ်လ ၃၁ ရက်နေ့တွင် တောထဲတွင်တွေ့သည့် တိုက်ပွဲရှောင်သည့် ဒေသခံအမျိုးသား ၁၅ ဦးကို လမ်းတစ်လျှောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေါင်းမင်းစစ်ဆင်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့်ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံရွာသားအချို့က ပြောဆိုသည်။

ယနေ့ (ဧပြီ ၃) နံနက် ၇ နာရီခွဲမှ မွန်းလွဲ ၂ နာရီအထိ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ ဝင်းကဖော်ဘက်သို့ ထွက်သွားကြောင်း ဒေသခံအချို့က ဆိုသည်။

လတ်တလော ဒေသခံများကို အတည်ပြုချက်အရ ဒေသခံရွာသားနှစ်ဦး သေဆုံးသည်ကို အတည်ပြုထားနိုင်ပြီး မီးရှို့ခံရသည့် နေအိမ် ၇ လုံးရှိကြောင်း သိရသည်။

မြေပြင်အခြေအနေတွင် မီးရှို့ခံရသည့် နေအိမ် ပို၍ များပြားနိုင်ပြီး ဖမ်းဆီးခံရသူများ၏ အခြေအနေကိုလည်း သတင်းအတိအကျ ရရှိရန် ခက်ခဲနေကြောင်း ဒေသခံအချို့က ပြောသည်။

တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲဖြစ်လာမည်စိုးသဖြင့် ရွာလုံးကျွတ် တောတောင်တွေထဲကို ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။