ကလိန်အောင်မြို့က ဆယ်ကျော်သက်အမျိုးသမီးတစ်ဦး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

0
226

ကလိန်အောင်မြို့၊ အမှတ် (၁) ရက်ကွက်တွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူကို ထားဝယ်ခရိုင်တရားရုံးက မတ်လ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ထုတ်ပြန်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နှင့် ၅၂ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ပုဒ်မ နှစ်ခု စလုံးအတွက် ထောင်ဒဏ် ၁၀ နှစ် တစ်ပေါင်းတည်း ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

မဆောင်းနှင်းဖြူမှာ လေးဘက်နာရောဂါနှင့် နှလုံးရောဂါအခံရှိသူဖြစ်ပြီး လက်တစ်ဖက်လည်း ကျိုးထား ဖူးသဖြင့် ထောင်ထဲတွင် အလုပ်အနည်းငယ် ပင်ပင်ပန်းပန်းလုပ်လိုက်လျှင်ပင် နေမကောင်းဖြစ်ကြောင်း ၎င်းနှင့်အတူ အကျဉ်းကျဖူးသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

“တကယ်တော့ (ပြစ်ဒဏ်) မချသင့်ဘူးဆို ထင်တယ်။ ဘာသက်သေမှ ခိုင်လုံတာလည်း မဟုတ်ဘဲနဲ့၊ လက်နက်နဲ့ မိတာလည်း မဟုတ်ဘဲနဲ့ ဒီအတိုင်း ထောင်ဒဏ်အရှည်ကြီးချတာတော့ အရမ်း အဆင် မပြေဘူး။ ပြီးတော့ သူကလည်း ရောဂါအခြေအနေအရ ကျန်းမာရေးအခြေအနေကလည်း ထောင်ထဲမှာ ဆေးကုသခွင့် မရဘူးဆိုတော့ အဲဒီလို နှစ်ရှည်ချလိုက်တာ တော်တော်လေးဆိုးတယ်” ဟု ၎င်းက ပြောသည်။

မဆောင်းနှင်းဖြူကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့က ၎င်းနေထိုင်ရာ ကလိန်အောင်မြို့၊ အမှတ် (၁) ရက်ကွက်နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်ထံမှ သိရသည်။

၎င်းသည် တော်လှန်ရေးအင်အားစုများကို KBZ pay မှတစ်ဆင့် ငွေလှူဒါန်းသည် ဆိုသည့် စွပ်စွဲချက်ဖြင့် လာရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။

မဆောင်းနှင်းဝေမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားပြီး တက္ကသိုလ်တက်ရန် စောင့်ဆိုင်းနေသူ ဖြစ်ကြောင်းလည်း ၎င်းတို့ထံမှ သိရသည်။

စစ်တပ် အာဏာသိမ်းမှုအား ဆန့်ကျင်သူများကို ဖမ်းဆီးကာ စစ်ကောင်စီက နှစ်ရှည် ထောင်ဒဏ်များ ချမှတ်နေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းအချို့က ပြောဆိုသည်။