မွန်တွင် ဆားကြမ်းဈေး စံချိန်တင်မြင့်တက်

0
285

မွန်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ဆားကွင်းများပျက်စီးပြီး ဆားအထွက်လျော့နည်းသည့်အတွက် ဆားကြမ်းဈေး စံချိန်တင်မြင့်တက်နေကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်အချို့တို့ထံမှ သိရသည်။

ဆားထုတ်လုပ်သည့် ရာသီအစတွင် ဆားကြမ်းတစ်ပိဿာ ကျပ် ၈၀ ရှိရာမှ လက်ရှိတွင် ကျပ် ၃၀၀ ကျော်သို့ မြင့်တက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယခင်က ဆားကြမ်းဈေးနှုန်းအမြင့်ဆုံးအဖြစ် တစ်ပိဿာ ၂၀၀ နှင့် ၂၅၀ ကျပ် အထိသာ တက်ခဲ့ဖူးပြီး လက်ရှိဈေးမှာ စံချိန်တင်နှုန်းထားဖြစ်သွားကြောင်း ဆားလုပ်ငန်းရှင်တို့က ပြောသည်။

ဆားထုတ်လုပ်ရာသီအစဖြစ်သည့် ဇန်နဝါရီလကတစ်ကြိမ်၊ ဖေဖော်ဝါရီလက နှစ်ကြိမ်နှင့် ယခု မတ်လတွင် လေးကြိမ်ထက်မနည်း မိုးရွာသွန်းခဲ့သည့်အတွက် ဆားကွင်းများပျက်စီးပြီး ဆားအထွက်လျော့နည်း သွားကြောင်း ၎င်းတို့ထံမှ သည်။

ရာသီအစဖြစ်သည့် ဒီဇင်ဘာလ၊ ဇန်နဝါရီလခန့်က ဆားကြမ်းတစ်ပိဿာ ကျပ် ၈၀ ဝန်းကျင်ရှိခဲ့ရာမှ မတ်လကုန်ပိုင်းတွင် ဆားကြမ်းဈေး တစ်ပိဿာ ကျပ် ၃၀၀ ကျော်ထိ မြင့်တက်သွားကြောင်း ဆားလုပ်ငန်းရှင်များထံမှ သိရသည်။

“မိုးဖျက်လိုက်တော့ ဆားဈေး စတက်လာတယ်။ မိုးတစ်ခါဖျက် ဆားကွင်းတစ်ခါပျက် ဆားဈေးက တစ်ခါတက်လာတယ်။ အခုလက်ရှိကတော့ ၃၀၀ အထက်မှာ ရောင်းဝယ်နေကြတယ်” ဟု သံဖြူဇရပ်မြို့နယ် ပငဆားကွင်းက ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။

ယမန်နှစ်က ယခုလိုကာလတွင် ဆားကြမ်းတစ်ပိဿာ ၆၅ ကျပ်သာ ရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ဆားအထွက်နည်းပြီး လက်ကျန်ဆား နည်းပါးနေခြင်းနှင့် ရာသီဥတုကြောင့် ဆားဆက်လက် လုပ်ထုတ်လုပ်ရန်လည်း မသေချာနေသည့် အနေအထားတို့ကြောင့် ဆားဈေး ဆက်တက်ဖွယ် ရှိသေးကြောင်း ဆားလုပ်ငန်းရှင်တို့က ခန့်မှန်းထားသည်။

“ဈေးတက်နေပေမယ့် ဂိုထောင်မှာ ဆားမှ မရှိတာ။ မိုးဖျက်လိုက် မိုးကြားကနေ ရသလောက်လေးကို ရောင်းလိုက်နဲ့ အခု ဈေးကောင်းနေလည်း ကိုယ့်ဆီမှာ ဆားမှမရှိတာ” ဟု ရေးမြို့နယ်မှ ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်တွင် စတင်ပြင်ဆင် ကြပြီး နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ပြီး နေလှန်းခြင်းကို စတင်လုပ်ကိုင်ကြကာ ဒီဇင်ဘာ၊ ဇန်နဝါရီလတွင် ဆားကြမ်း စတင်ထုတ်လုပ်ကြကြောင်း ပငဆားတောင်သူတို့၏ ပြောပြချက်အရ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ ကျိုက်ခမီမြို့နှင့် စက်စဲ၊ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျွေရွာတို့တွင် နေလှန်းဆား တန်ချိန်သောင်းနှင့်ချီ ထုတ်လုပ်ရာဒေသဖြစ်သည်။

မွန်ပြည်နယ်မှ ထွက်သည့်ဆားများကို ပြည်နယ်အတွင်း အသုံးပြုသည့်အပြင် အထက်မြန်မာပြည် မန္တလေးဈေးကွက်၊ ကရင်ပြည်နယ်နှင့် တနသာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချနေကြောင်း ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။