တနင်္သာရီတိုင်းတွင် မတ်လကုန်အထိ မိုးထစ်ချုန်းရွာနိုင်

0
249

လက်ရှိအားကောင်းနေသည့် မုန်တိုင်းငယ်အရှိန်နှင့် နေ့အပူချိန်မြင့်တက်မှုကြောင့် တနင်္သာရီတိုင်းတွင် မတ်လကုန်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားသည်။

ယနေ့ (မတ် ၂၁) မှ လကုန်ရက်အထိ ၇ ရက်မှ ၁၀ ခန့်အထိ ရွာသွန်းမြဲခန့် ပိုကာ မိုးထစ်ချုန်းရွာနိုင် ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ အရှိန်နှင့် နေ့အပူချိန်များ မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသော‌ ဒေါင်လိုက်ဖြစ်ထွန်းသည့် တိမ်တိုက်များကြောင့်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပြောသည်။

“မုန်တိုင်းတစ်ခုဖြစ်ပြီးရင် တိမ်အကြွင်းအကျန်တွေ ရှိတာလည်းပါတယ်။ ပြီးတော့ နေ့အပူချိန်မြင့်တက် တော့ ဒီ Cloud တွေကနေပြီး ထစ်ချုန်းမိုးရွာတဲ့တိမ်တွေကနေပြီးလည်း မိုးကရွာနိုင်တယ်။ အဲဒီအချက်တွေကြောင့် ပြောတာပါ” ဟု ၎င်းက ဆိုသည်။

ယနေ့ နံနက် ၉ နာရီခွဲ တိုင်းထွာချက်များအရ မုန်တိုင်းငယ်မှာ အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၃၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၂၄၀ မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၂၉၅ မိုင်ခန့်နှင့် မြိတ်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၂၉၀ မိုင်ခန့်၊ မော်လမြိုင်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၃၅၀) မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက်တောင် ဘက် ရေမိုင် ၃၂၅ ခန့် ပင်လယ်ကို ဗဟိုပြုနေကြောင်းလည်း ဖော်ပြသည်။

ယင်းအပြင် နောက် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင် သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အားလုံးတို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် နေရာကွက်၍မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ကာ ၁၀ ပေမှ ၁၄ ပေခန့်အထိ လှိုင်းကြီးနိုင်ပြီး ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင် အထိ တိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တပြက်ရေကြီးခြင်း၊ ကုန်းမြင့် တောင်တန်းဒေသများတွင် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် အသိပေးထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သ‌င်္ဘောများ၊ ပြည်တွင်းလေကြောင်းပျံသန်းရေးများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးထားသည်။