မြိတ်တွင် ဗုံးပေါက်ပြီးနောက် စစ်ဆေးရေး တင်းကျပ်

0
277

မြိတ်-ကျွဲကူးကားလမ်းမပေါ်ရှိ အမှတ် ၁၀၁ ခြေလျင်တပ်ရင်းရှေ့တွင် မတ်လ ၂၀ ရက်နေ့ ညဦးပိုင်း အချိန်က ဗုံးပေါက်ပြီးနောက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း ကျွဲကူးကျေးရွာသားအချို့ထံမှ သိရသည်။

အဆိုပါ တပ်ရင်းရှေ့ကို ကျွဲကူးဘက်မှ မြိတ်ဘက်သို့ မောင်းနှင်သွားသည့် ဆိုင်ကယ်တစ်စီးက ဗုံးဖြင့် ပစ်ဖောက်ခဲ့သဖြင့် ကျေးရွာတွင်ညတွင်းချင်း ရုတ်တရက် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ကျွဲကူးရွာနေ အသက် ၅၀ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ၁၀၁ တပ်အနီးရှိ အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်း တပ်နယ်ကျောင်းရှေ့၊ မြိတ်-ကျွဲကူးတံတားနှင့် လမ်းဆုံလမ်းခွတို့တွင် ယနေ့ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်တို့အား ရပ်တန့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရွာသားအချို့က ပြောပြသည်။

“မနက်က ဖြတ်သွားတော့ ကျောင်းရှေ့မှာ စစ်သားတွေ ယူနီဖေါင်းလက်နက်အစုံနဲ့ စစ်နေတယ်” ဟု ကျွဲကူးရွာနေ အသက် ၃၀ နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးမှုများနေသဖြင့် လမ်းပေါ်တွင် သွားလာသူ နည်းပါးသွားကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဗုံးပစ်သည့်အကြောင်းအရင်းနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဗုံးပေါက်သည့်အချိန်တွင် မိုးချိန်းသံများနှင့် မိုးသက်လေးပြင်းများ ကျရောက်နေသည့် အချိန်ဖြစ်သည့် အတွက် ဗုံးပေါက်ကွဲသံအား သေသေချာချာ မကြားမိကြကြောင်း ကျွဲကူးရွာနေသူအချို့က ပြောပြသည်။