ထားဝယ်မြို့ စားသောက်ဆိုင်တစ်ခုတွင် အဖမ်းခံရသည့် လူငယ် ၉ ဦး ထောင်ဒဏ် ၉ နှစ်စီ အမိန့်ချခံရ

0
439

တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် အဖမ်းခံရသည့် လူငယ် ၉ ဦးကို ထောင်ဒဏ် ၉ နှစ်စီ အမိန့်ချလိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်လိုက်သည်။

လူငယ် ၉ ဦးတွင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများပါဝင်ပြီး အချို့မှာ ကျောင်းပြီးနှင့်သူများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့မှာ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်ရှိ Micky စားသောက်ဆိုင်တွင် မေလ ၂၉ ရက်က အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ ၉ ဦးကို ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၅၂ (က) ဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြဋ္ဌာန်းခဲ့သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ၊ နိုင်ငံသားတစ်စုကိုဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေလျှင် သို့မဟုတ် ထိတ်လန့်စေရန် မမှန်သတင်းဖြန့်ခြင်း၊ အစိုးရ ဝန်ထမ်းများကို ပြစ်မှု ကျူးလွန်စေရန် ပြုလုပ်/ ကြံရွယ်/ လှုံ့ဆော်ခြင်းဟု ဖော်ပြထားပြီး အထက်ပါအချက်များကို ဖောက်ဖျက်သည်ဟု သတ်မှတ်ပါက သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း ဆိုထားသည်။

ပုဒ်မ ၅၀၅ (ဂ) အရ လူအချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန်လာအောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့မဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဥပဒေ ပုဒ်မ (၅၂) မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မဖြစ်ပြီး ကျူးလွန်သည်ဟု သတ်မှတ်ခံရပါက အနည်းဆုံးထောက်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်။

အဖမ်းခံထားရသော လူငယ် ၉ ဦးကို ထားဝယ်အကျဉ်းထောင် အထူးတရားရုံးတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၉ နှစ်စီ အမိန့်ချခဲ့တာဖြစ်ကြောင်း အ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။

အမိန့်ချမှတ် ခံရသူများမှာ ကိုရဲမင်းကျော်၊ ကိုကျော်ဇေယျ၊ ကိုအောင်မျိုးဟိန်း၊ ကိုအေးစိုးပိုင်၊ ကိုအောင်မျိုးထွေး ၊ မစုလှိုင်နွေး၊ မစန်းမြတ်မြတ်ထူး၊ မထက်ထက်ဇော်နှင့် မအိသန္တာ တို့ဖြစ်သည်။

ယင်းတို့အနက် မစုလှိုင်နွေးမှာ သားအိမ်နှင့် ကျောက်ကပ်ရောဂါခံစားနေရသူဖြစ်ပြီး ဆေးကုသခွင့်ရရန် တောင်းဆိုထားသူလည်းဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။

“အမိန့်ချတော့မယ်ဆိုရင် မိသားစုဝင်တွေအားလုံးကို ခေါ်‌ တွေ့ပြီးမှ တရားရုံးမှာ အမိန့်ချတယ်ဆိုတာကို ကြားနာစေခိုင်းရတယ်” ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“အခုက (အမိန့်ချချိန်မှာ) မိသားစုဝင်တစ်ယောက်မှလည်း မရှိဘူး”

ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသော စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းတွင် ထောင်ဒဏ်ချမှတ်ခံရသူ စုစုပေါင်း ရာချီ ရှိပြီဖြစ်သည်။