လောင်းလုံးရှိ ကျေးရွာအချို့တွင် ဖျားနာသူများပြား

0
269

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ နှာစေခြင်း၊ အသံဝင်ခြင်း စသည့် လက္ခဏာများဖြင့် ဖျားနာသူများပြားလာနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါလက္ခဏာများပြပြီး ဖျားနာပါက နီးစပ်ရာ ဆေးကုသပေးနေသူများ၏ ဆေးဝါးများဖြင့် ကုသပျောက်ကင်းနေကြသဖြင့် ကျန်းမာရေးဌာနထံ ကိုဗစ်ရောဂါ သွားရောက်စစ်ဆေးခြင်း မလုပ်ဆောင်ကြတော့ကြောင်း ၎င်းဒေသခံတို့က ပြောသည်။

“တစ်အိမ်မှာ တစ်ယောက်ဖျားပြီဆို နောက်တစ်ယောက်ပါ ကူးတော့တာပဲ။ အဲဒီလိုဖြစ်နေကြတာ ရွာတိုင်းလိုလိုမှာ” ဟု လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဆေးကုသပေးနေသူတစ်ဦးက ဆိုသည်။

ဖျားနာသူအများစုမှာ ကျန်းမာရေးဌာနအပါအဝင် ပရဟိတအဖွဲ့များထံတွင်လည်း စစ်ဆေးခံခြင်းမရှိသဖြင့် ကိုဗစ်ရောဂါ ဟုတ်၊ မဟုတ် ပြောဆိုရန် အခက်အခဲရှိကြောင်း ကို‌ဗစ်စစ်ပေးနေသည့် ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုက အလှူပွဲတွေ၊ မင်္ဂလာဆောင်တွေကလည်း ရှိနေတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်မူတွေ ပိုများနေသလိုဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်အတွင်းရှိ အချို့ကျေးရွာများတွင်လည်း ဖျားနာသူများပြားလာနေကြသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောကြားသည်။

တနင်္သာရီတိုင်းအတွင်း လက္ခဏာမပြဘဲ ရောဂါကူးစက်သူများကို စစ်ဆေးတွေ့ရှိနေသဖြင့် မိမိတို့ ပတ်ဝန်းကျင်တွင် ကိုဗစ်ပိုးသယ်ဆောင်သူများရှိနေသည်မှာ သိသာထင်ရှားနေကြောင်း တနင်္သာရီတိုင်း ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းအတွက်ကြောင့် နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်းခြင်း စသည့် ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန် ကျန်းမာရေးဌာနက သတိပေးထားသည်။