ကျူပင် ယမန်နှစ်ထက် ဈေးပိုကောင်း

0
912

တံမြက်စည်းပြုလုပ်သည့် ကျူပင်များ ဈေးနှုန်း ယမန်နှစ်ကထက် ယခုနှစ် ဈေးပိုကောင်းလာကြောင်း ကျူပင်ခုတ်ယူရောင်းချကြသည့် တောင်သူများထံမှ သိရသည်။

ယမန်နှစ်က ကျူအပင်ရေတစ်ထောင်ကို ၂၃၀၀ ကျပ် ဒေသပေါက်ဈေးရှိရာမှ ယခုနှစ် ကျူထွက်ချိန်တွင် ၂၈၀၀ ကျပ်အထိ ဈေးရကြောင်း တောင်သူများက ပြောသည်။

“ကျူဈေးကောင်းတော့ တောထဲမှာ ကျူရှာနေတဲ့ သူတွေချည်းပဲ” ဟု မြိတ်မြို့နယ်၊ သစ်ယာဝ ကျေးရွာအုပ်စုနေ ကျူခုတ် တောင်သူတစ်ဦးက ပြောသည်။

ကျူပင်များအား အမျိုးသားတစ်ဦး တစ်နေ့ခုတ်လျှင် အပင်ရေ ရှစ်ထောင်မှ ၁ သောင်း ခန့်ရရှိပြီး ငွေအားဖြင့် ကျပ်နှစ်သောင်းဝန်းကျင်ခန့် ရရှိကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်က တံမြက်စည်းတစ်စီး ကျပ်ခြောက်ရာပေါက်ဈေးရှိပြီး ယခုနှစ်တွင် ကျပ်ရှစ်ရာအထိ ဈေးမြင့်တက်သွားကြောင်း ဈေးကွက်အတွင်းထံမှ သိရသည်။

ကျူပင်များသည် တောတောင်အတွင်း အလေ့ကျပေါက်နေပြီး ဒေသခံများ ခုတ်ယူထားသည့် ကျူပင်များကို မြိတ်မြို့ပေါ်ရှိ တံမြက်စည်းလုပ်ငန်းစက်ရုံများမှ လာရောက်ဝယ်ယူနေကြောင်း တောင်သူများထံမှ သိရသည်။

ယင်းအပင်များသည် နွေရာသီတွင်သာ ပေါက်လေ့ရှိပြီး မိုးရာသီတွင် သဘာဝအလျှောက် သေဆုံးသွားကြ ကြောင်း ၎င်းတို့ထံမှ သိရသည်။

မြိတ်မြို့ပေါ်ရှိ စက်ရုံများမှ ထွက်ရှိသည့် တံမြက်စည်းများကို ဒေသတွင်း ပြန်လည်ရောင်းချခြင်းကို အဓိက အားထားနေရကြောင်း တံမြက်စည်းလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။

ကိုဗစ်ကပ်ရောဂါ မဖြစ်မီအချိန်က အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် ရပ်နားထားရကြောင်း ၎င်းတို့ထံမှ သိရသည်။

မြိတ်မြို့တစ်ဖက်ကမ်းရှိ ပထော်ကျေးရွာတွင်လည်း တစ်နိုင်တစ်ပိုင် အိမ်တွင်းတံမြက်စည်းလုပ်ငန်းငယ်များ
ရှိနေသည်။

ကျူပင်များကို မြိတ်မြို့ရှိ တံမြက်စည်းလုပ်ငန်းစက်ရုံကြီးများမှ တစ်ဆင့် ပြန်လည်ဝယ်ယူကြပြီး တံမြက်စည်းများ ထုတ်လုပ်ရောင်းချလျှက်ရှိကြကြောင်း ၎င်းတို့ထံမှ သိရသည်။