လောင်းလုံးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံး

0
301

လောင်းလုံးမြို့နယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၃) မွန်းလွဲပိုင်းက အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ်ရွာ ဆီဆိုင်အနီးတွင် လူသုံးဦး ဆိုင်ကယ်ဖြင့် လာရောက်ပြီး ဆိုင်ကယ်ပေါ်မှ ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်သံက ငါးချက်လောက်ကြားတယ်။ ထွက်ကြည့်တော့ လူက လဲကျနေပြီ” ဟု ယင်းဒေသခံက ပြောဆိုသည်။

သေဆုံးသူမှာ သဘော့ဆိပ်ရွာတွင် နေထိုင်သော ဦးနေမင်းထွန်း (ခေါ်) ဘခင် ဆိုသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးနေမင်းထွန်း၏ ညာဘက် ရင်ဘက်တွင် ဒဏ်ရာရရှိပြီး ထားဝယ် တပ်နယ်ဆေးရုံသို့ တင်ပို့စဉ် သေဆုံးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်သည်ကို Dawei Watch အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဦးနေမင်းထွန်းသည် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတွင် ထားဝယ်မြို့ရှိ နေရာအချို့တွင် ဗုံးထောင်သည်ဟု ဆိုကာ ဖမ်းဆီးခံခဲ့ရသူ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

၎င်းကို တရားစွဲတင်ရန် ခရိုင်တရားရုံးက ခွင့်ပြုခဲ့ပြီး သမ္မတရုံးသို့ ခွင့်ပြုချက် တောင်းခံထားကြောင်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။