တိုက်ပွဲဖြစ်မည် စိုးရိမ်သဖြင့် တကူရွာသားအချို့ တိမ်းရှောင်

0
211

တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် တနင်္သာရီမြို့နယ်၊ တကူရွာသားအချို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

တကူကျေးရွာရှိ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF များ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးပြီး နှစ်ရက် အကြာ ဇန်နဝါရီလ ၅ ရက်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးသည် တကူကျေးရွာအနီးအနားရှိ တောင်များပေါ်တွင် တစ်နေ့လုံး ပျံဝဲနေခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းလေယာဉ်နှစ်စီးသည် PDF များကို လိုက်လံရှာဖွေ ကင်းထောက်နေခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းနောက် ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သား တစ်ရာခန့် မြေပြင်တွင် လိုက်လံရှာဖွေကြပြီး ယနေ့ (ဇန်နဝါရီ ၇) ညနေအထိ ပစ်ခတ်သံများ မကြားရသေးကြောင်း ၎င်းတို့က ဆိုသည်။

“စစ်ကြောင်းတွေ ခွဲပြီးတော့ ရှာနေကြတယ်။ လမ်းပြအဖြစ် ရွာက လူတချို့ကိုလည်း ခေါ်သွားတယ်” ဟု တကူဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သို့သော်လည်း တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် တကူကျေးရွာရှိ အနည်းဆုံး ရပ်ကွက် ၅ ခုက ရွာသားအချို့ မြိတ်မြို့၊ တနင်္သာရီမြို့နှင့် အခြားနီးစပ်ရာ နေရာများသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများက ဆိုသည်။ တကူကျေးရွာတွင် ရပ်ကွက် ၁၀ ခု ဝန်းကျင်ရှိသည်။

“စစ်တပ် အဝင်အထွက်များတဲ့နေရာတွေက တချို့ပြောင်းကြတာပေါ့။ သက်ကြီးရွယ်အိုတွေကိုပဲ ဦးစားပေးပြီး နေရာရွှေ့နေကြတာ” ဟု ယင်းကျေးရွာဒေသခံက ပြောသည်။

တကူကျေးရွာတွင် ဇန်နဝါရီလ ၃ ရက်နေ့က ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က တကူရဲစခန်း အပါအဝင် စစ်ကောင်စီတပ် အသုံးပြုသည့် စက်လှေတစ်စီးကို ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ် ငါးစီးကိုလည်း သိမ်းပိုက်ခဲ့သည်။

သိမ်းပိုက်ခဲ့သည့် ဆိုင်ကယ်ငါးစီးအနက် ပိုင်ရှင်ပေါ်သည့် ပြည်သူ့ဆိုင်ကယ်နှစ်စီးကိုတော့ ပြန်လည် ပေးအပ်ခဲ့ကြောင်း ဘက်မလိုက်ပျောက်ကြားအဖွဲ့က ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ယင်းအနီးဝန်းကျင်က သရဘွင်ရွာနှင့် ဝမ်းနာရွာရှိ မိုင်တဲတာဝါတိုင်ကိုလည်း မီးရှို့ဖေါက်ခွဲခဲ့ သည်။

တကူကျေးရွာသည် အိမ်ခြေ တစ်ထောင်ကျော်ရှိသည့် ရွာကြီးဖြစ်သည်။