ပုလောတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်

0
181

ပုလောမြို့နယ်၊ ဒူးရင်းပင်ရှောင်ကျေးရွာအုပ်စု၊ ဆားခဲကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် (Palaw-PDF) တို့ ယနေ့ ညနေပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၆ ရက်မှ စတင်ကာ ပဝတ်ကုန်း၊ ပုလောကုန်း၊ ဇရပ်ဆိပ်၊ ကျောင်းနိမ့်ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်း သုံးကြောင်းခွဲကာ စစ်ကြောင်းထိုးလာကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၇) ညနေပိုင်းတွင် ကျောင်းနိမ့်ရွာမှတစ်ဆင့် KNU တပ်မဟာ ၄ တပ်ရင်း (၇) တပ်ခွဲ (၂) ၏ ထိန်းချုပ်နယ်မြေဖြစ်သော ဆားခဲကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် Palaw-PDF တို့ ညနေ ၃ နာရီ ၃၅ မိနစ်မှ စတင်ကာ မိနစ် ၂၀ ခန့်ကြာ ပထမအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ပုလောကုန်းကျေးရွာဘက်တွင် စစ်ကောင်စီစစ်ကြောင်းတစ်ခု၊ ဇရပ်ဆိပ်ကျေးရွာဘက်တွင် စစ်ကြောင်းတစ်ခု၊ ဆားခဲကျေးရွာတွင် စစ်ကြောင်းတစ်ခု စုစုပေါင်း စစ်ကြောင်း သုံးခုဖြင့် ဖြန့်ကျက် ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။

“အခုဖြစ်တာက အလယ်စစ်ကြောင်းနဲ့ဖြစ်တာ။ တိုက်ပွဲအခြေအနေကတော့ ခဏနားနေတယ်။ လက်နက်ကြီးကတော့ ဆယ်ချက်ကျော်နေပြီ။ အခုနည်းနည်း ပြန်ငြိမ်နေတယ်” ဟု ဒေသခံအမျိုးသားက ယနေ့ ညနေ ၄နာရီကျော်တွင် ပြောသည်။

ယခုဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှု အခြေအနေကို မသိရသေးပါ။