ဂေါ့အင်းကျေးရွာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ‌သေဆုံးမှု နောက်ဆက်တွဲ

0
902

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဂေါ့အင်းကျေးရွာက အသက် ၁၈ နှစ်အရွယ် အမျိုးသမီး သေဆုံးမှုသည် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်နိုင်ကြောင်း ပစ်ခတ်မှုအား မျက်မြင်တွေ့သူနှင့် နာရေးအိမ်ရောက်ခဲ့သူအချို့က ပြောသည်။

Dawei Watch ၏ ကနဦးမေးမြန်းစုံစမ်းမှုအရ အဆိုပါ အမျိုးသမီးငယ်သေဆုံးမှုမှာ ဗုံးပေါက်မှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံတို့က ပြောဆိုခဲ့ကြသည်။ သို့သော် ထပ်မံမေးမြန်းစုံစမ်းမှုများအရ ဗုံးပေါက်သည့် ပုံစံ မရှိကြောင်း မျက်မြင်တွေ့ရသူတို့က ပြောဆိုကြသည်။

သေဆုံးသူမှာ ဂေါ့အင်းကျေးရွာ တံတားကြီးအနီး လျှပ်စစ်မီတာဝန်ဆောင်ခ ကောက်ခံသူ ဦးကျော်သူ၏ သမီး မမီးအိဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အခင်းဖြစ်သည့်အချိန်က မမီးအိသည် အနီရောင်ဝမ်းဆက် ဝတ်စုံကိုဝတ်ဆင်ထားပြီး အိမ်ရှေ့‌မြေကွက်လပ်ရှိ စာပွဲတစ်လုံးပေါ်တွင် လျှပ်စစ်မီတာခကောက်ခံမည့် ဘောင်ချာစာရွက်များဖြင့် အလုပ်ရှုပ်နေဟန်တူကြောင်း လုံခြုံရေးအရ အမည်မဖော်လို့သည့် မျက်မြင်တစ်ဦးက ပြောသည်။

ယင်းအချိန်တွင် နှာခေါင်စည်းတပ်ထားသည့် လူငယ်နှစ်ဦး မမီးအိနေအိမ်အတွင်း ဝင်သွားပြီး ချက်ချင်းပြန်ထွက်လာကာ ဆိုင်ကယ်မောင်းထွက်သွားသည်ကို တွေ့ရသည်ဟုဆိုသည်။

ယင်းနောက် မမီးအိမှာ ‌သွေးအိုင်ထဲလဲကျနေသည်ကို တွေ့ခဲ့ရသည်ဟုဆိုသည်။

“ယူကြုံးမရအော်နေတာ” ဟု ယင်းအဖြစ်အပျက်အား ကားပေါ်မှ အမှတ်မထင်တွေ့လိုက်သူ ၎င်းက ဆိုသည်။

မမီးအိနာရေးသတင်းသွားမေးပြီးပြန်လာသည့် ဒေသခံတစ်ဦးကလည်း မမီးအိ၏ လည်ပင်းနှင့် လက်ဖဝါးတွင် သေနတ်ဒဏ်ရာဟု ယူဆရသည့် အပေါက်နှစ်ပေါက်ကိုတွေ့ခဲ့သည်ဟုဆိုသည်။ လက်ဖဝါးရှိ အပေါက်မှာ ထုတ်ချင်းပေါက်နေပြီး လက်ချောင်းအချို့လည်း ပြတ်ရှဒဏ်ရာရှိထားသည်ဟုဆိုသည်။

နေအိမ်မှာ ဗုံးပေါက်ထားသည့် အသွင်အပြင်မျိုး လုံးဝမရှိဟုလည်း ၎င်းက ပြောသည်။

“သေနတ်နဲ့ပစ်လိုက်တာကို လက်နဲ့ကာလိုက်တာထင်တယ်” ဟု ၎င်းက ခန့်မှန်းပြောဆိုသည်။

အနီးနားရှိ ဒေသခံအချို့ကလည်း အခင်းဖြစ်ပွားချိန်က သေနတ်အသံဟုယူဆရသည့် ပေါက်ကွဲသံကို ကြားခဲ့ရကြောင်း ပြောဆိုကြသည်။

မီးအိအား ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ခဲ့သေးသော်လည်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

မည်သူတို့က လာရောက်ပစ်ခတ်ခဲ့သည်ကိုမူ မသိရပေ။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LPDF ကမူ ယင်းဖြစ်စဉ်သည် သူတို့နဲ့လုံးဝသက်ဆိုင်ခြင်းမရှိဟု ထုတ်ပြန်ထားသည်။