GGS ကုမ္ပဏီအကြွေးကျန်ကိစ္စ ပြည်ထောင်စုဝန်ကြီးဟောင်းနှင့် ဒုဝန်ကြီးဟောင်းနှစ်ဦးကို အဂတိဖြင့်အမှုဖွင့်

0
1756

ထားဝယ်ခရိုင်အား လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် GGS ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ဖိုး အကြွေးကျန် ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်းနှင့် ဒုဝန်ကြီးဟောင်းနှစ်ဦးတို့ကို အဂတိမှုဖြင့် စစ်ကောင်စီက အမှုဖွင့်လိုက်သည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်းများဖြစ်သည့် ဒေါက်တာထွန်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် နေပြည်တော်ရှိ ရဲစခန်း၌ အမှုဖွင့်လိုက်ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) က ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ဦးဝင်းခိုင်နှင့် ဒေါက်တာထွန်းနိုင်တို့သည် Global Grand Service (GGS) ကုမ္ပဏီအတွက် သဘာဝ ဓာတ် ငွေ့ဖိုး ငွေကျပ် ခြောက်ဘီလီယံကျော်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မယူဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းဌာန ဘတ်ဂျက်မှ ကြိုတင်စိုက်ထုတ်ပေးချေရန် ခွင့်ပြုခဲ့ကြောင်း ဖော်ပြသည်။

ထိုကြောင့် ဦးဝင်းခိုင်နှင့် ဒေါက်တာထွန်းနိုင်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှုဖွင့်ခဲ့ကြောင်း ဖော်ပြထားသည်။

GGS ကိစ္စအပြင် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၏ ရေသွယ်ဥမင် ဖောက်လုပ်သည့် လုပ်ငန်းလုပ်ကိုင်သည့်ကိစ္စနှင့် ပတ်သက်၍ အထက်ပါအမှုကိုဖွင့်ထားခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်းသည်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့စဉ်က သဘာဝဓာတ်ငွေ့ဖိုး ငွေကျပ် ၆ ဘီလီယံကျော်ကို နိုင်ငံတော်ဘဏ္ဍာမှ ဘတ်ဂျက်တင်ပြတောင်းခံပြီး ပေးချေခဲ့ကြောင်း ACC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် သဘာဝဓာတ်ငွေ့ဖိုးငွေ ပြန်လည်ရရှိရေးအတွက် ခိုင်မာသည့်သဘောတူညီမှု စာချုပ် မချုပ်ခြင်း၊ ဓာတ်ငွေ့ဖိုး ကြွေးကျန်ဖြစ်နေခြင်းအား ဝန်ကြီးဌာန အမှုဆောင် ကော်မတီအစည်းအဝေးသို့ မတင်ပြခြင်းနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းကို လိုက်နာခြင်းမရှိကြောင်း ACC က ထုတ်ပြန်ထားသည်။

ထိုကြောင့် နိုင်ငံဘဏ္ဍာ ငွေကျပ် ၆ ဘီလီယံကျော် ထိခိုက်နစ်နာစေခဲ့သဖြင့် ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ / ၆၃ ဖြင့် အမှုဖွင့်ကြောင်း ထုတ်ပြန် ထားသည်။

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ဒေါက်တာလဲ့လဲ့မော် တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့စဉ်က GGS ကုမ္ပဏီအား စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်ခွင့်ပေးခဲ့သည်။

GGS ကုမ္ပဏီက လျှပ်စစ်ထုတ်လုပ်မည့် သဘာဝဓာတ်ငွေ့ကို MOGE ထံတွင် ဝယ်ယူခဲ့သည်။

ထို့နောက် နှစ်အနည်းငယ်အကြာတွင် သဘာဝဓာတ်ငွေ့ဖိုး အကြွေးကျန်များရှိသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ၂၀၁၉ ခုနှစ် မတ်လတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။

တရားစွဲဆိုချိန်တွင် GGS ကုမ္ပဏီက သဘာဝဓာတ်ငွေ့ဖိုး အကြွေးကျန် ငွေကျပ် ၉ ဘီလီယံနီးပါး ပေးချေရန် ပျက်ကွက်ခဲ့သည့်အတွက် စွဲဆိုခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ GGS ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းထွေးနှင့် ဒါရိုက်တာ ဦးအောင်မြတ် တို့ကို စွဲဆိုခဲ့ခြင်းဖြစ်သည်။ ယင်းအမှုတွင် ဦးခင်မောင်ဝင်းက တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သေးသည်။

အဆိုပါအမှုကို ၂၀၂၀ ခုနှစ် မေလတွင် တနင်္သာရီတိုင်းတရားလွှတ်တော်က အပြီးသတ် အမိန့်ချခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်၊ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်တို့ သုံးဦးကို သဘာဝဓာတ်ငွေ့ဖိုး အကြွေးကျန်သည့်အမှုနှင့် အခြားအမှုတစ်ခုအတွက်အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချထားသည်။