ဆံပင်ကျွတ် ကိုယ်အလေးချိန်တက်-ကိုဗစ် ရောဂန္တရကပ်တွင်းက ပြောင်းသွားသော ကိုယ်ခန္ဓာ

0
874

အေမီ ဖလီးမင်း

| ဆံပင်ကျွတ်၊ မျက်လုံး၊ သွား၊ နှလုံး၊ ဗိုက်၊ အရေပြား၊ ခြေထောက်၊ အစားအသောက်ပုံစံနဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု စတဲ့ ကိုဗစ် ကပ်ဘေးထိပြီး ကိုယ်ခန္ဓာ အပြောင်းအလဲ ဖြစ်တာတွေ အကြောင်းကို ရှင်းပြထားပါတယ်။ အလွတ်တန်း စာရေး ဆရာမ အေမီဖလီးမင်း၏ The Guardian ပါ ဆောင်းပါး ဘာသာပြန်ဆိုထားပါသည်|

ဒဏ်ရာအနာတရတွေ၊ မျက်စေ့မှုန်လာပြီ၊ သွားတွေဆွေးမြေ့လာပြီ ခြေထောက်တွေလည်း မသန်တော့ဘူးလေ။ ပုံမှန်မဟုတ်တဲ့ ခက်ခဲလှတဲ့ ကိုဗစ်ကပ်ထဲကနှစ်တွေ ကျွန်မတို့ရဲ့ အထွေထွေကျန်းမာရေးကို မမျှော်လင့်ဘဲ အကျိုးသက်ရောက်ခဲ့ပေါ့။

ဒီနှစ် အပြင်တွေ သိပ်မထွက်ရဘဲနဲ့များ ကျွန်မရဲ့ ဘယ်ဖနှောင့်ဟာ စပြီး နာလာတယ်။ ဒါဟာ အချို့အရာတွေ ယိုယွင်းလာတဲ့ အစကနဦး အခြေအနေပေါ့။ ဇရာရဲ့ ပုံမှန်သဘော တစ်ခုလား။ ဒါမှမဟုတ် ရောဂါကပ်ဘေးထဲက ရိုးစင်းတဲ့ ဘဝပဲလား လို့များ ကျွန်မဖြင့်အံ့ဩနေမိတယ်။ တကယ်တော့လည်း ဒီကာလကြီးကို ဖြတ်သန်းခဲ့ရတာက ကိုဗစ်မဖြစ်တဲ့သူတွေအတွက်တောင် ထင်မထားတဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာခဲ့တာပ။ ဥပမာ ကိုဗစ်ကာလကြီးထဲ စိတ်ဖိစီးမှုတွေ ရှိကြတဲ့ ရှင်းလင်းတဲ့ အမှတ်အသားအဖြစ် တစ်ကမ္ဘာလုံးမှာ ဆံပင်ကျွတ်ကြတဲ့ဖြစ်ရပ်ကြီးဖြစ်လာခဲ့သလိုပ။ ဒါ့အပြင် ဒီလိုမျိုး ထင်မထားတဲ့ အချိန်ကြီးက ကျွန်မတို့ကိုယ်ခန္ဓာတွေပေါ် ဘာအရေးအကြောင်းတွေများ ရေးသွားခဲ့ပါလိမ့်။

ဗြိတိန်နိုင်ငံက ဆံကေသာနဲ့ ဦးရေပြားပညာရှင်များအသင်းက အသင်းဝင်တွေကို ဒီနွေမှာ စစ်တမ်းကောက်ပါသတဲ့။ ဖြေတဲ့သူ ၇၉ ရာခိုင်နှုန်းက ကိုဗစ်အလွန်ကာလမှာ ဆံပင်တွေကျွတ်တာကြုံရတယ်လို့ ဆိုသတဲ့။ ဆံကေသာ နဲ့ ဦးရေပြားဆိုင်ရာ အတိုင်ပင်ခံပညာရှင်လည်းဖြစ် ဗြိတိန်နိုင်ငံက ဆံကေသာနဲ့ဦးရေပြားပညာရှင်များအသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ အီဗာကတော့ ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ဗိုင်းရပ်စ်ကြောင့် ကိုယ်အပူချိန်မြင့်တာ၊ ခံတွင်းမတွေ့အရသာပျက် စားမဝင်တာလည်း ပါတယ်လို့ဆိုတယ်။ အဲဒီနှစ်ခု (ကိုယ်ပူ၊ အစားအသောက်ပျက်) အဆင်မပြေတာက ဆံပင်မှာလာထိတာပေါ့။ အများအားဖြင့်တော့ ဗိုင်းရပ်စ်စဝင်ပြီးလို့ လေးပတ်ကနေ ခြောက်ပတ်အတွင်းပေါ့။ ပြီးရင်တော့ ဆံပင်တွေ တအားကျွတ်လာလိမ့်မယ် လို့ဆိုလေရဲ့။

ဒါပေသိ စိတ်ဖိစီးမှု တစ်ခုတည်းကလည်း ဆံပင်တွေကျွတ်စေနိုင်တယ်။ လန်ဒန်မြို့လယ်မှာ အလုပ်လုပ်နေတဲ့ ဆံကေသာနဲ့ ဦးရေပြားပညာရှင်တစ်ယောက်ဖြစ်တဲ့ ရစ်ချက် စပန်ဆာ ကတော့ ဆံပင်တွေ ကျွတ်ခြင်းရဲ့ အခြား အကြောင်းအရင်းတွေက ဗိုင်းရပ်စ်အကူးခံရမှာ စိုးရိမ်တာကြောင့်လည်းဖြစ်နိုင်တယ်၊ အဲဒါမျိုးက တယောက်ယောက်က ဘယ်လောက်ထိ ဆိုးဆိုးဝါးဝါး အရမ်းကြီး စိတ်ပူနေတာမျိုး ခံစားရလဲ မသိဘူးလေ။ ပြီးတော့ ဒီအသွားအလာ ကန့်သတ်တဲ့ လော့ခ်ဒေါင်းကြောင့် စိတ်ဖိစီးမှုဖြစ်တာကြောင့်လည်းပါတာပေါ့။ လို့ဆိုပါတယ်။

ကပ်ရောဂါကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်တာကတော့ ဆံပင်တွေရဲ့ ပုံမှန် ပြန်ရှည်လာတာ နဲ့ ကျွတ်ထွက်တဲ့ ကာလ သဘာဝဖြစ်စဉ်ကို ထိခိုက်သွားလို့ပဲဖြစ်ပါတယ် လို့အီဗာ ကဆိုတယ်။ အဲဒါက ဆံပင်တွေ ပြန်ပေါက်ပြီး ရှည်လာရမယ့် အပိုင်းကျတော့ နည်းသွားပြီးတော့ ဆံပင်တွေ ကျွတ်တဲ့ နေရာတွေကျတော့ များလာတာ လို့လည်း ထပ်ဖြည့်ပါတယ်။ စပန်ဆာကတော့ ရုပ်ခန္ဓာကြောင့်ဖြစ်ဖြစ် စိတ်ခံစားမှုဖိအားတွေကြောင့်ဖြစ်ဖြစ် ဆံပင်တွေ ဆုံးရှုံးသွားရင် ဆံပင် အများစု ဒါမှမဟုတ် အာလုံးကို ပြန်ကုစားနိုင်ပါတယ်လို့ သတင်းကောင်း တစ်ခု ပါးပါတယ်။ အီဗာ ကတော့ တချို့တွေမှာဆို ခန္ဓာကိုယ်က သူ့ဘာသာသူ ကုစားသွားနိုင်တယ်၊ တချို့ကျတော့ အစားအသောက် ဆင်ခြင်ပြောင်းလဲတာမျိုး၊ ဆံပင်အတွက် သီးသန့် အားဖြည့်တာတွေ ဒါမှမဟုတ် ကုသတာတွေ လုပ်ပေးရတယ်လို့ ဖြည့်ပြောပါတယ်။

မျက်လုံး

ကပ်အတွင်းက မျက်လုံးတွေဟာ ခြောက်ခြောက်သွေ့သွေ့၊ ဖုန်း ကွန်ပျူတာ ရုပ်မြင်သံကြားစက်တွေရဲ့ ဖန်သားပြင်တွေနဲ့ အချိန်အများကြီးကြည့်နေရတယ်။ ဒီလိုတွေကြောင့် မျက်လုံးတွေ ယားတာ၊ နာတာ၊ ဝါးတာတွေ ဖြစ်ကရော။ အပြစ်တင်ရရင်တော့လည်း ဖန်သားပြင်တွေကထွက်တဲ့ အလင်းတွေ ဥပမာ အပြာရောင် အလင်းတန်းလိုဟာမျိုး ကိုတင်ရမပေါ့။ လေ့လာမှုတွေကလည်း ဖန်သားပြင်အနီးတွေကြည့်ရင် ပြီးတော့ အဝေးကြည့်တာ နည်းရင် ငယ်ငယ်ကတည်းက အဝေးမှုန်ဖြစ်တတ်ဆိုပဲ။ လော့ခ်ဒေါင်းကာလမှာလည်း သည်လိုပဲ အပြင်သိပ်မထွက်တော့ အဝေးကြည့်နည်း၊ စခရင်တွေ ကြည့်လွန်းတော့ မျက်စိဟာ အဝေးမှုန်ဖို့ များတယ်။ ဒီလိုလေ့လာတွေ့ရှိမှုတွေက တစ်ကမ္ဘာလုံးကို သတိပေးသလိုပဲ နိုင်ငံများက မိဘတွေအတွက် စိတ်ပူပန်စရာပါပဲ၊ ကလေးတွေကိုတားဖို့ အတော်ခက်လှတဲ့ အနေအထားမျိုးဖြစ်နေတယ်၊ ဆိုလိုတာက ရုပ်မြင်သံကြားစက်တွေရဲ့ မျက်နှာပြင် စခရင်နဲ့ ဝေးဝေးနေစေဖို့က ကပ်ကာလထဲမှာ သိပ်ခက်တယ်မဟုတ်လား။

ဒါပေသိ စခရင်တွေကထွက်တတ်တဲ့ အပြာရောင်အလင်းတန်းကို ကာနိုင်တဲ့ အလင်းပြာကာမျက်မှန် များဟာ ဖြေရှင်းနည်း များဖြစ်လေမလားပါပဲ။ စခရင်တွေက စက္ခုကို အတပ် ပျက်စီးနေစေတယ်ရယ် လို့တော့ဖြင့် အထောက်အထားမရှိပါဘူး။ အဝေးမှုန်တာက အနီးတွေကို ဆက်တိုက် အာရုံစိုက် ကြည့်လွန်းလို့ ဖြစ်တာရယ် (ကလေးတွေဆို ရင်တော့ စာအုပ်ထက် စခရင်တွေကို ပိုနီးနီးကပ်ကပ်ကြည့်တတ်ကြတာလေ)

ပြီးတော့ မျက်စိကို ခြောက်သွေ့စေတာက တောက်ပတဲ့အလင်းတွေမဟုတ်ပြန်ဘူး။ တကယ်က လူ့ပင်ကိုယ်အရကို မျက်တောင် ခတ်တတ်တဲ့အလေ့၊ အဲဒါမျိုးက စခရင်တွေကို အနီးကပ် အာရုံစိုက်ကြည့်လွန်းတာ (အာရုံစိုက်စာဖတ်လွန်းရင်လည်း ထိုနည်းလည်းကောင်းပဲ)မျိုးကြောင့် စခရင်ကြည့် အလုပ်လုပ်နေချိန်တွေမှာ မျက်တောင်ခတ်နည်းတော့ မျက်စေ့ခြောက်တာမျိုးပဲ။

သွား

ပုံမှန် သွားဆရာဝန်နဲ့ သွားစစ်ဆေးမှုလုပ်တာတွေကို ဖျက်လိုက်ရတာ ကိုဗစ် ပြဿနာတွေဖြစ်နေတဲ့အချိန်ပေါ့။ ကျွန်မမိသားစုဟာ သွားဆရာဝန်နဲ့ မပြဖြစ်တာ နှစ်နှစ်လောက် ကြာသွားခဲ့တယ်။ ဗြိတိသျှ ဒန္တီ အသင်းကြီးရဲ့ အဆိုအရတော့ ကိုဗစ်စဖြစ်ကတည်းက ကိုဗစ်ဘေးကင်းရေး အစီအမံတွေကြောင့် အင်္ဂလန်တစ်ဝန်း သွားဆရာဝန်နဲ့ သွားစစ်ဆေးဖို့ ရက်ချိန်းတွေ ၃၅သန်းလောက် ဖျက်လိုက်ရတယ်လို့ ဆိုပါတယ်။ ကလေးတွေ ဆေးရုံပြရတဲ့ အကြောင်းတွေထဲက တွေ့ရများတာကတော့ သွားတွေဆွေးတာပါ။ ကလေးတွေဆိုတာ သွား ကိုက်တဲ့ဟာကို ထုံဆေးမပါဘဲကုဖို့ကို ကြည်ကြည်ဖြူဖြူ အနာခံကုနိုင်ဖို့ သိပ်ငယ်သေးတယ်လေ။

မခ်အာမ်းစထရောန်းဟာ ဗြိတိသျှ ဒန္တီအသင်းကြီးရဲ့ ကျန်းမာရေးနဲ့သိပ္ပံကော်မီတီရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး ယော့ခ်ရှိုင်းယားဒေသ မှာ စုပုံနေတဲ့ သွားပြဿနာတွေကို ကူပေးဖို့ အငြိမ်းစားယူနေရာကနေ ထွက်လာခဲ့သူပါ။

“တနေ့က ကျုပ် သွားမြစ်မှာ ကုသမှုလိုနေတဲ့ သွားတချောင်း ကို ကုပေးလိုက်တယ်၊ ကျုပ်သာ အဲလို သွားနာနေတာမျိုးကို ခြောက်လလောက်စောသိလို့ကတော့ အဲဒါအခုလောက်ဆိုးမှာမဟုတ်ဘူး၊ လုပ်လို့ပါသေးတယ်၊ အခုတော့ အချိန်နှောင်းသွားတာပေါ့”ဟုသူကဆိုပါတယ်။

“အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန ရဲ့ သွား ခံတွင်း စောင့်ရှောက်ကုသမှု လက်လှမ်းမမီတဲ့ ပြဿနာကရှိနေပြီးသား။ ဒီ ယော့ခ်ရှိုင်းယား ကလည်း အခြားနေရာတွေလိုမျိုးပဲ ကျန်းမာရေးစောင့်ရှောက်မှု မမျှတတဲ့နေရာဖြစ်နေတာ ပြီးတော့ အခု ကိုဗစ်ကြောင့် ဒီလို မညီမျှမှုတွေ ပိုတိုးလာတယ်” လို့ သူက ဆက်ပြီး မှတ်ချက်ပြုလေရဲ့။

ဒါပေသိ ကုလို့မရတော့လောက်အောင် သွားတွေ သိပ်မဆွေးသွားသေးတဲ့ သူတွေကျတော့လည်း မထင်မှတ်ဘဲနဲ့ သွားတွေ ပဲ့ထွက်တာ ကျိုးတာမျိုးကြုံကြပါတယ်။ အမေရိကန် ဒန္တီအသင်းကြီးကလည်း သူ့ရဲ့ အဖွဲ့ဝင်တွေကို ဖေဖော်ဝါရီလတုန်းက စစ်တမ်းကောက်ခဲ့တဲ့အခါမှာ ဖြေဆိုသူတွေရဲ့ ၇၄ ရာနှုန်းနီးပါးဖြစ်တဲ့ နိုင်ငံတဝန်းကသွားဆရာဝန် ၂၃၀၀ နီးပါးကတော့ ဒီကပ်ကာလကြီးထဲ သူတို့ရဲ့ လူနာတွေထဲမှာ အံကြိတ်တဲ့အဖြစ်အပျက်တွေ တွေ့ရများလာတယ်လို့ဆိုပါတယ်။ အဲဒီလို အံကြိတ်တဲ့ အကျင့်ဟာ မေးရိုးနာမျိုးလို ကျန်းမာရေး ပြဿနာဆီ ဦးတည်သွားနိုင်ပါတယ်။ ဒီလိုဖြစ်နေတာမျိုးရဲ့ လက္ခဏာတွေဖြစ်တဲ့ မေးရိုး မြည်တာ၊ နာတာ၊ နားထင်တဝိုက် ခေါင်းကိုက်တာကို ၆၀ ရာခိုင်နှုန်းသော သွားဆရာဝန်တွေက ပိုတွေ့လာခဲ့ပါတယ်။ အံကြိတ်တဲ့ အကျင့်ကြောင့် သွားတွေ ပဲ့တာ ကျိုးတာမျိုး ပုံပျက်တာတွေလည်း ပိုဖြစ်လာတယ်လို့ဆိုပါတယ်။

နှလုံး

နှလုံး အထူးကု ပညာရှင်တွေကတော့ နာတာရှည် နှလုံးအခြအနေမျိုးတွေကို ကပ်ကာလထဲမှာ များလာတာကို တွေ့ကြရတယ်လို့ ဗြိတိန် နှလုံးသားဖောင်ဒေးရှင်းရဲ့ ဆေးပညာဆိုင်ရာ တွဲဖက် ညွှန်မှူး ဆိုညာက ဆိုပါတယ်။ ဆေးဝါးအကူအညီရဖို့ ပိုပြီး ခက်လာတဲ့အခြေအနေမျိုးမှာပဲ တချို့တွေကတော့ အစားအသောက်ပုံစံ စနစ်ကျတာ၊ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်တာမျိုးတွေ ထိခိုက်လာခဲ့ပါတယ်။ ဒီလို နှောင့်နှေးမှုတွေတိုင်းက တဖြည်းဖြည်းစုလာပြီး ထိလာတာပေါ့။ အဲဒါမျိုးက နောက်ဆုံးမှာ အသက်အန္တရာယ်တွေ ဖြစ်လာစေတယ်လို့ ဆိုညာက ပြောပါတယ်၊ ဖျက်ပစ်လိုက်ရတဲ့ ပုံမှန်ဆေးစစ်တာ၊ လွဲသွားတဲ့ ရက်ချိန်းတွေ နဲ့ စောင့်ဆိုင်းရတဲ့ ကာလကြာတွေတာက ဒီကပ်ကာလကြီးထဲ နှလုံးထိခိုက်တာ လေဖြတ်တာမျိုးကြောင့် အသက်ဆုံးပါရတဲ့သူတွေ မထင်မှတ်ဘဲနဲ့ ထောင်ဂဏန်းထိ တိုးလာစေခဲ့တယ် လို့လည်း သူမက ဆက်ပြောပါတယ်။

ဗိုက်

တော်ဝင်လီဗာပူး ဆေးရုံက အစာအိမ်ပါရဂူလည်းဖြစ်၊ အစာခြေစနစ်အကြောင်း သုတေသနပြုတဲ့ Gut UK ရဲ့ ဂေါပကအဖွဲ့ဝင်လည်းဖြစ်တဲ့ ဖီးလစ်စမစ်သ်ကတော့ နာတာရှည် အူလမ်းကြောင်းပြဿနာ မျိုးတွေ ပိုတွေ့လာရတာကို သတိပြုမိလာခဲ့သူပါ။ ဒီ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန် သောကတွေနဲ့ဆက်စပ်လို့ ဖြစ်တဲ့ အူလမ်းကြောင်း ပြဿနာလို အစာခြေစနစ်နဲ့ပတ်သက်တဲ့ ဝေဒနာတွေ များလာတာ တွေ့ရပါတယ် လို့သူက ပြောပါတယ်။ ဦးနှောက်နဲ့ အူလမ်းကြောင်းဟာ တော်တော်လေးကို နီးနီးစပ်စပ် အပြန်အလှန် ဆက်သွယ်နေကြတယ် လို့ သူကဆိုပါတယ်။

“ကျွန်တော့ အလုပ်ကတော့ ရှက်စရာ ခန္ဓာကိုယ်နဲ့ ပတ်သက်တာပဲ၊ လူတွေက လေလည်တာ၊ ဝမ်းလျှောတာလိုမျိုးဆို မပြောချင်ကြဘူး ပြီးတော့ ကျွန်တော် ကုသစောင့်ရှောက်ပေးနေရတဲ့ ထူးခြားတဲ့အနေအထားတွေ အများကြီးရှိပါတယ်”လို့သူကဆိုတယ်။

အသွားအလာကန့်သတ်တဲ့ လော့ခ်ဒေါင်းကြောင့်ပဲ ခရွန်းရောဂါလို့ခေါ်တဲ့ အူယောင်တာ၊ နာတာမျိုး၊ အူမကြီး ယောင်တာမျိုးလို အနေအထားမျိုးတွေအတွက် အကူအညီတွေ ပိုတောင်းခံလာတာမျိုးတွေဖြစ်စေတယ်။ ပြီးတော့ လူတွေကတကယ် ရောဂါလက္ခဏာပြလာ၊ ကုသမှုခံယူတဲ့အချိန်မှာတောင် သူတို့ရဲ့ ဝေဒနာက ပုံမှန် အခြေအနေမျိုးထက်ကို ပိုပြီး ပြင်းထန်နေတယ်။ ရောဂါ ပြင်းထန်တဲ့အချိန်ထက် သိပ်မဆိုးသေးတဲ့ အနေအထားမှာ ကုကြသင့်တယ် လို့ စမစ်သ်က မှတ်ချက်ပြုပါတယ်။

အသည်း အရက်ကြောင့်ဖြစ်တဲ့ ဆေးရုံတက်ကုသရမှုတွေ ဒီရှေ့နှစ်တွေမှာ ကျလာပေမယ့် ကိုဗစ်စဖြစ် ကတည်းက ဒီလိုအရက်ကြောင့်ဖြစ်တဲ့ဖြစ်တဲ့ဆေးရုံတက်ရမှုတွေ အလွန်ပဲ ထိုးတက်လာပါတယ်။ သူတို့တွေဟာ အရက်ကြောင့်ဖြစ်တဲ့ အသည်းယောင် အသားဝါ၊ ကိုယ်အလေးချိန်ကျတာ၊ အရက်နားလိုက်လို့ တုန်ချိနေတာ၊ ယိုင်နဲ့တာ၊ ချွေးတွေထွက်တာ နဲ့ စိတ်မငြိမ်တာတွေ ဖြစ်ကြပါတယ်။

သူတို့တွေဟာအစာအိမ်အူလမ်းကြောင်းသွေးယိုစိမ့်တာမျိုးလည်းဖြစ်ကြပါတယ်။ ဘာလို့ဆို အသည်းခြောက်လာတဲ့အခါ သွေးကြောတွေက အူလမ်းကြောင်းကို ဖောင်းလာစေတတ်လို့ပါပဲ။ လူတိုင်းက အရက်ပိုသောက်လာနေကြလို့တော့မဟုတ်ပါဘူး၊ တကယ်က ၂၀၂၀ခုနှစ်တုန်းက The charity Alcohol Change UK က လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရပြောရရင် သုံးပုံ တစ်ပုံလောက်က အရက်ဖြတ်လိုက်တာ၊ အရက်လျှော့သောက်ကြတယ်လို့ဖြေခဲ့ကြတာပါ။ ဒါပေသိ ၈.၆ သန်းလောက်ရှိတဲ့ အရွယ်ရောက်ပြီးသူတွေရဲ့ ငါးယောက်မှာ တစ်ယောက် လောက်က အရက်ပိုသောက်လာနေကြတာပါ။

အရေပြား

လန်ဒန်မြို့က ဂိုင်းစ်အန်စိန့်သောမတ်စ် ဆေးရုံမှာ အတိုင်ပင်ခံ အရေပြား ဆရာဝန်အဖြစ် အလုပ်လုပ်နေတဲ့ အမ္မာ ကတော့ ရှင်တို့မျှော်လင့်ထားမိသလိုပဲ အရေပြားယောင်တဲ့ အနေအထားတွေ ဥပမာ ရိုစီယာလို့ခေါ်တဲ့ မျက်နှာနီမြန်းလာတာ၊ နှင်းခူစွဲတာ နဲ့ ဆိုရီရေးစစ် အရေပြားလေးဘက်နာ လိုမျိုးဟာတွေက အခုလို စိတ်ဖိစီးစရာ အချိန်မှာ ပိုဆိုးလာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုရဲ့ ဒဏ်ပေါ့။ ပြီးတော့လည်း ခဏခဏ လက်ဆေးနေရတာကလည်း အရေပြားတွေကို ထိခိုက်တာပေါ့။ အမ္မာတို့ ဌာနက ဆေးရုံဝန်ထမ်းတွေအတွက် ဆေးခန်းလေးတစ်ခု လုပ်ထားခဲ့ရတယ်။ ဘာလို့ဆို ဆရာဝန်တွေက တစ်ရက်ကို အကြိမ် ၁၀၀ လောက်လက်ဆေးနေရတယ်လေ။ လက်ကို ချက်ချင်း ဆေးလိုက်တာနဲ့ အပြင်ဖက်အလွှာက ရေဓာတ်ဆုံးရှုံးသွားရော ဘာလို့ဆို လက်ရဲ့ အရေပြားက သဘာဝအကွယ်အကာ စနစ်ကို နှောင့်သလိုဖြစ်သွားတာကိုး။ လက်ဆေးပြီးရင် လက်ကို အစိုဓာတ် မပေးရင် ဒါမှမဟုတ် ဂလိုင်စရင်း (Glycerin) လို အစိုဓာတ်ရစေတဲ့ ဟာတွေ ထည့်ထားတဲ့ ရေမလိုလက်သန့်ဆေးနဲ့ဆေးပြီး ချက်ချင်းပြန်ခြောက်သွားတဲ့အခါ အရေပြားမှာ အက်ကြောင်းတွေ ဖြစ်စေပါတယ်။ အဲဒီအခါမှာ အက်ကြောင်းတွေထဲ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေဝင်နိုင်ပြီး ယောင်ရမ်းတာတွေဖြစ်စေတတ်ပါတယ်။

Maskne ဆိုတဲ့ စကားက ဒီ ကပ်ကာလထဲမှာ ထွက်လာတာ၊ မျက်နှာဖုံး နှာခေါင်းစည်းတပ်လို့ဖြစ်တဲ့ အရေပြား ပြဿနာတွေကို ခေါ်တာပါ။ ဒါပေသိ အမ္မာကတော့ ဒါမျိုးကို ပြဿနာကြီးလို့တော့ မမြင်ပါဘူး။ တချို့တွေတော့ နှုတ်ခမ်းဘေးလိုဟာမှာ အရေပြားယောင်ရမ်းနာ လိုမျိုးဖြစ်လာတတ်တယ် အရေအပြားရဲ့ အကာအကွယ်အပိုင်းက သိပ် ကောင်းကောင်း အလုပ်မလုပ်တော့တဲ့ အနေအထားမျိုးပေါ့ ပြီးတော့ နှုတ်ခမ်းဘေးက အဖုအပိန့်ပိစိလေးတွေက ယားလာနိုင်တယ်။ တော်တော်များများက အဲဒါကို ဝက်ခြံနဲ့ မကြာခဏ မှားကြတာ။ တကယ်တော့ ဝက်ခြံ မဟုတ်ဘူး။ နှာခေါင်းစည်းဝတ်လိုက်တော့ အဲဒီနားတဝိုက်က အရေပြားတွေကို ပြောင်းလဲစေတယ်လေ လို့ အမ္မာကပြောပါတယ်။ ဒါပေမဲ့ အရေပြားပြဿနာတွေဖြစ်စေတဲ့ စကင်ကဲ (အရေပြားကို ပြုစုခြင်း) အက်ဆစ်တွေကို သူမက ပိုလို့ သံသယရှိပြီး အပြစ်တင်ချင်ပုံပါ။

ခြေ

ခြေထောက်ပိုင်းဆိုင်ရာ ဆေးပညာပို့ချတဲ့ တော်ဝင် ကောလိပ်က ပြောခွင့်ရအမျိုးသမီး မက်ကောနစ်ချ်ကတော့ ကျွန်မ ဖနှောင့်တွေဟာဖြင့် ဒီကပ်ရောဂါနဲ့ ကောင်းကောင်းကြီးဆိုင်နေမှာလို့ပြောပါတယ်။ ခြေဖနှောင့် နာတာမျိုး ဖနှောင့်ဝေဒနာတွေ ကျွန်မတို့ပိုတွေ့လာရတယ်။ ဖြစ်နိုင်တာကတော့လေ ကျွန်မတို့ အိမ်ကနေအလုပ်လုပ်ကြရတဲ့အခါမှာ ခြေထောက်တွေက ပုံမှန် ဝတ်နေကျ အဆင်ပြေတဲ့ ဖိနပ်တွေနဲ့ ကင်းကွာနေတာလေ။ ခြေဖဝါးတွေအကုန်လုံးကတော့ ခြေဗလာနဲ့နေလို့ အဆင်မပြေဘူးလေ၊ ဒါမှမဟုတ် တချို့က ဒီ နူးညံ့တဲ့ ဖိနပ်ပျော့တွေနဲ့ အဆင်ပြေမနေဘူး။ တချို့ကို ပြောလာတယ် သူတို့ဖဝါးတွေ ကျယ်လာတယ်တဲ့ ဖိနပ်တွေနဲ့ မတော်တော့ဘူးလို့ ကောနစ်ချ်က ဆိုတယ်။

ဒါပေမဲ့လည်း သည်လို ဖိနပ်တွေနဲ့ မတော်တော့တာတော့ဖြင့် အစကတည်းကကို ဖိနပ်က ခြေထောက်တွေနဲ့ မတော်လို့ဖြစ်နိုင်တယ်။ အချိန်တစ်ခုကြာတဲ့အခါမှာမှ ဖိနပ်နဲ့ ခြေဟာ မတော်ပါလား ဆိုတာ ပိုပြီး သတိပြုမိလာတတ်တာမျိုးပါ။ ဥပမာ ဂျင်းဘောင်းဘီ စဝတ်တုန်းကတော့ ဟုတ်နေတာပဲ။ တကယ်လည်း ပြေးဝတ်ကြည့်ရော ကျပ်ပြီး မတော်တာမျိုးခံစားရသလိုပေါ့။ ခြေထောက်ကုတဲ့ ပညာရှင်တွေ က ကျောရိုးတဝိုက်၊ ခြေထောက်တွေရဲ့ အရိုးအဆစ်တွေ ကွေးတဲ့အခါနာတာတွေလိုမျိုးဝေဒနာတွေ တိုးလာနေတာကို တွေ့နေရတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်လာနေရတာနဲ့ပတ်သက်လို့ သူမ ယူဆတာကတော့ ဒီတော်တော်များများ နာကျင်တာမျိုးက အလုပ်လုပ်တဲ့ပုံစံ ပြောင်းများရင်လည်းဖြစ်တတ်တယ် ဒါမှမဟုတ် အလုပ်အသစ်တွေ အများကြီးလုပ်ရင်လည်း ဥပမာ ပြေးတာမျိုး များများလုပ်ရင်လည်းဖြစ်တတ်တယ်။ တကယ်လို့ ခြေထောက်နာတာက နှစ်ပတ်ထက်ကျော်လာတယ် မသက်သာလာဘူးဆိုရင်တော့ ခြေထောက်နဲ့ပတ်သက်တဲ့ ကျွမ်းကျင် ပညာရှင်ရှာပြီး ဘာကြောင့်ဒီလိုဝေဒနာဖြစ်ရသလဲ စစ်ဆေးမှုယူ ပြီး ကုသ သင့်တယ်လို့ သူမက အကြံပြုပါတယ်။

အစားအသောက်ပုံစံနဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု

လန်ဒန် ဘုရင့်ကောလိပ်က ထင်စပက်ထာ ရဲ့ ဇိုး အမည်ရ ကိုဗစ်လက္ခဏာ လေ့လာရေး ဆော့ဝဲလ် အက်ပ် ကလေးကတော့ ကပ်ကာလကြီးတလျှောက် ကပ်ရောဂါနဲ့ဆိုင်တဲ့ အချက်အလက်တွေကို စုဆောင်းလေ့လာနေပါတယ်။

“ဒီဆော့ဝဲလ် အက်ပ်ကတဆင့် လူတွေရဲ့ အစားအသောက်အလေ့နဲ့ ကိုယ်ကာယလေ့ကျင့်ခန်း အခြေအနေကို စစ်တမ်းကောက်လိုက်တော့ ခြုံပြောရရင် နိုင်ငံတဝန်းလုံးက ပြည်သူတွေရဲ့ ကိုယ်အလေးချိန်နဲ့ ကြံ့ခိုင်ကျန်းမာမှုတွေ နည်းနည်းပြောင်းသွားတယ်လို့ ပြပါတယ်။ ဒါပေမဲ့လည်း ဒီပျမ်းမျှ ကိန်းဂဏန်းတွေရဲ့ နောက်ကွယ်မှာ လူတွေအတော်များများက သူတို့တွေရဲ့ အပြုအမူတွေ အတော်လေးပြောင်းသွားတာမျိုးပဲ၊ ပြီးတော့လည်း သိပ်ပြီး သူတို့ ပိုပြီး ကျန်းမာလာသလိုလည်း မဟုတ်သလို ကျန်းမာရေး အတော်အားနည်းသွားတာမျိုးလည်းမဟုတ်ဘူး၊ ဒါပေသိ သူတို့က ညီနေသလို ဖြစ်တာပေါ့” လို့ စပက်ထာ ကဆိုပါတယ်။ ဒီအချက်အလက်တွေကို ဒီနှစ်ထဲမှာပဲ သဘာဝအစာဆိုတဲ့ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

သူ့ရဲ့ စစ်တမ်းအရတော့ လူတွေရဲ့ ကိုယ်အလေးချိန်တိုးလာတာက ပျမ်းမျှ ဝ.၈ ကီလိုဂရမ်လောက်ပဲရှိပါတယ်။ ဒီနှစ်ထဲမှာ နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုဌာနက ကောက်တဲ့ စစ်တမ်းအရတော့ ကိုယ်အလေးချိန်ကျတာနဲ့ပတ်သက်လို့ အကူအညီရှာနေတဲ့လူတွေဟာ ပြီးခဲ့တဲ့ သုံးနှစ်လောက်က လူတွေထက် ပျမ်းမျှ ၂.၃ ကီလိုဂရမ်လောက် ပိုလေးနေတယ်လို့ ပြနေပါတယ်။

တချိန်တည်းမှာပဲ ရိုး ရဲ့ စစ်တမ်းက ပြနေတာကတော့ လူတွေရဲ့ လေးပုံတစ်ပုံလောက်က ဒီကပ်ကြီးထဲမှာ
ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်တာ နည်းသွားပြီး အချို့တွေကျတော့ ပိုပြီး တက်တက်ကြွကြွဖြစ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြီးတော့ အစားသောက်ပုံစံနဲ့ပတ်သက်လာရင် သုံးပုံတစ်ပုံလောက်က ချက်ပြုတ်စားတာ၊ ပိုပြီး ကျန်းမာရေး ဂရုထားပြီး စားတာမျိုးတွေရှိလာသလို ကျန်တဲ့တစ်ပုံက သူတွေကတော့ ဆန့်ကျင်ဖက်ဖြစ်နေတယ်။ နောက်ဆုံးတစ်ပုံကတော့ အပြောင်းအလဲမရှိဘူးလို့ စပက်ထာကဆိုပါတဘ်။ သူတို့ဘယ်လို ပြန်ပြောင်းလဲသွားမယ်ထင်လဲလို့။ သူတို့ KFC ကြက်ကြော် ဒါမှမဟုတ် ခီနွာ အသုပ်ကိုများ လွမ်းနေကြမယ်ထင်လားလို့ စပက်ထာကမေးပါတယ်။

https://www.theguardian.com/society/2021/dec/02/the-pandemic-body-how-the-covid-era-changed-us-from-hair-loss-to-weight-gain