ကမြောကင်းတံတားဂိတ်တွင် ကိုဗစ်ဆေးလက်မှတ်စစ်၊ ဆေးမထိုးဖူးသူများကို မဖြစ်မနေထိုးခိုင်း

0
403
ထားဝယ်မြို့အဝင် ကမြောကင်းတံတားအားတွေ့ရစဉ်

လောင်းလုံးမြို့နယ် ကမြောကင်းတံတားမြို့ဝင် စစ်‌ဆေးရေးဂိတ်တွင် ယနေ့နံနက်မှ စတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပါမပါ စစ်ဆေးနေပြီး ဆေးမထိုးဖူးသူများကို ယင်းဂိတ်တွင် ဆေးထိုးခိုင်းကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူအချို့ကို မေးမြန်းချက်အရ သိရသည်။

ဆေးထိုးပြီးကြောင်း လက်မှတ် ပါမပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးပြီး လက်မှတ်ပါရှိသူများကိုသာ ဖြတ်သန်းခွင့်ပြုကာ လက်မှတ် မပါသူများကို ဂိတ်ဘေးတွင် ဖွင့်လှစ်ထားသည့် ယာယီဆေးခန်းတွင် ဆေးထိုးခိုင်းကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဆေးထိုးပြီးကြောင်း လက်မှတ် စစ်တယ်။ လက်မှတ် မပါရင် မထိုးမနေရ ထိုးရတယ်” ဟု လောင်းလုံး မြို့နယ်က ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဆေးထိုးပြီးသူများ လက်မှတ် မပါလာဟုဆိုလျှင် နေအိမ်သို့ ပြန်စေပြီး လက်မှတ်ပြန်ယူခိုင်းကြောင်း ၎င်းက ဆိုသည်။

ကာကွယ်ဆေး လုံးဝ မထိုးရသေးသူများနှင့် ပထမအကြိမ်ထိုးပြီး ဒုတိယအကြိမ် မထိုးရသေးသူများကို ဆေးထိုးပေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူအချို့ထံမှ သိရသည်။

လောက်လုံးမြို့နယ်က ခရီးသွားပြည်သူ အမျိုးသမီး နောက်တစ်ဦးကလည်း “ကျွန်မက တစ်ခါပဲ ထိုးရသေးတယ်။ အခု သူတို့စစ်လို့ လက်မှတ် မပါလို့ ဆေးထိုးလိုက်ရတယ်” ဟု ၎င်းပြောသည်။

၎င်းသည် NLD အစိုးရလက်ထက်တွင် ထိုးပေးခဲ့သည့် အိန္ဒိယထုတ် Covid shield တစ်ကြိမ်ထိုးပြီး နောက်တစ်ကြိမ် မထိုးရသေးသူ ဖြစ်သည်။

ကမြောကင်းတံတားအနီးကျေးရွာများနေ ပြည်သူများလည်း ကာကွယ်ဆေး လာထိုးနေသည်ကို တွေ့ရကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။

လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ကမြောကင်း တံတားအနီးရှိ ဘုရားသုံးဆူ ဘုရားသိမ်ကုန်း‌တော်ပေါ်တွင် ယာယီစခန်းဖွင့်၍ ကာကွယ်ဆေးထိုးပေးနေခြင်း ဖြစ်သည်။

လောင်းလုံးမြို့ ရဲစခန်းအနီးတွင်လည်း ယနေ့ လမ်းသွား၊ လမ်းလာများကို စစ်ဆေးမှုများရှိနေကြောင်း အနီးဝန်းကျင်က ဒေသခံများထံမှ သိရသည်။

ကိုဗစ် ကာကွယ်ဆေးထိုးပြီးသူ သို့မဟုတ် ဆေးထိုးရန် သွားသူများဖြစ်လျှင် မေးမြန်းပြီး သွားခွင့်ပြုနေကြောင်း ၎င်းတို့ထံမှ သိရသည်။

ကာကွယ်ဆေး မထိုးထားသူဆိုလျှင် ဆိုင်ကယ်လိုင်စင်၊ အုပ်ချုပ်ရေးမှူးထောက်ခံစာ ပါမပါ စစ်ဆေးပြီး အပြည်အစုံ မပါလျှင် ငွေကျပ်သုံးသောင်း ဒဏ်တပ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောဆိုသည်။

ရန်ကုန်-ထားဝယ် ပြည်ထောင်စု ကားလမ်းမပေါရှိ အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်တွင်မူ ကိုဗစ်ကာကွယ် ဆေးထိုးပြီးကြောင်း လက်မှတ် စစ်ဆေးခြင်း မရှိသေးကြောင်း အိမ်ရှေ့ပြင် ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ပုံမှန်အတိုင်းစစ်ဆေးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ စစ်ဆေးခြင်း၊ ခရီးသွားပြည်သူများကို လမ်းဆင်း‌လျှောက်စေခြင်းတို့ကိုသာ လုပ်ဆောင်သည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

“ဒီနေ့အထိတော့ ကိုဗစ်ဆေးထိုးပြီးတဲ့ လက်မှတ်စစ်တာတော့ မရှိသေးဘူး။ ဒါပေမယ့်လည်း ဘယ်နေ့ ထစစ်မယ်ဆိုတာ မပြောနိုင်ဘူးပေါ့။ ဒီနေ့အထိတော့ ကိုဗစ်နဲ့ပတ်သတ်ပြီး စစ်ဆေးတာ မရှိသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

အခြားထားဝယ်မြို့၏အဓိကမြို့ဝင် ဂိတ်များဖြစ်သော ဗျောတောဝဂိတ်၊ ပေါက်တိုင်းတံတားဂိတ်တွင်မူ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ် ပါမပါ ယနေ့ စစ်ဆေးသည်ကို မတွေ့ရသေးကြောင်း ဒေသခံခရီးသွား ပြည်သူများထံမှ သိရသည်။