ထားဝယ်တွင် နိုင်ငံ့ဝန်ထမ်းဟောင်းတစ်ဦးအပါအဝင် လူငယ် ၅ ဦး အဖမ်းခံရ

0
199

ထားဝယ်မြို့နေ စိုက်ပျိုးရေးဌာန နိုင်ငံ့ဝန်ထမ်းဟောင်းတစ်ဦးအပါအဝင် လူငယ် ၅ ဦးကို အာဏာသိမ်းစစ်ကောင်စီမှ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အဖမ်းခံရသူများ၏ မိတ်ဆွေများ ထံမှ သိရသည်။

ထိုလူငယ် ၅ ဦးသည် ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်ရှိ ၎င်းတို့၏သူငယ်ချင်းနေအိမ်သို့ အလည်ရောက်ရှိနေစဉ် အဖမ်းခံရခြင်းဖြစ်ပြီး မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးသေးကြောင်း ၎င်းတို့၏ မိတ်ဆွေများထံမှ သိရသည်။

နိုဝင်ဘာလ၂၈ မနက် ၅ နာရီ ခန့်တွင် ထားဝယ် ညောင်ရမ်းတောင်ရပ်ကွက်ရှိ ကိုဘိုဘိုမင်း၏ နေအိမ်သို့ အထက်ပါသူငယ်ချင်းများ ရောက်ရှိနေစဉ် ရဲယူနီဖောင်းဝတ်နှင့် အရပ်ဝတ်လူ ၅ ဦးတို့ ရောက်ရှိလာကာ အထက်ပါလူငယ် ၅ ဦး အပါအဝင် အိမ်ရှင် ကိုဘိုဘိုမင်း၏မိခင်၊ အမျိုးသမီးငယ် ၃ ဦး၊ ကလေးငယ် တစ်ဦ၊ စုစုပေါင်း ၉ ဦးအား ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဖမ်းဆီးသွားပြီးနောက် ကိုဘိုဘိုမင်း၏မိခင်၊ အမျိုးသမီးငယ် ၃ ဦး၊ ကလေးငယ်တစ်ဦးတို့ကို ပြန်လွှတ်ပေးခဲ့သည်။

ကိုဘိုဘိုမင်း၊ စိုက်ပျိုးရေးဌာန ဝန်ထမ်းဟောင်းအပါအဝင် လူငယ် ၅ ဦးကိုမူ ဆက်လက်ဖမ်းဆီးထားပြီး မည်သည့်အတွက်ကြောင့် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို ယခုထိ မသိရှိရသေးကြောင်း ဖမ်းဆီးခံလူငယ်တို့၏ မိတ်ဆွေတစ်ဦးက ပြောသည်။

“ဘာကြောင့်ခေါ်သွားတယ်၊ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရတော့ စိတ်ပူနေကြတယ်။ တချို့လူတွေ ဖမ်းသွားပြီး သေသွားသူတွေရှိတော့ ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ အသက်အန္တရာယ်ကို စိုးရိန်နေကြရတယ်” ဟု ၎င်းက ပြောသည်။

အဖမ်းဆီးခံလူငယ်တို့သည် တက္ကသိုသ် ကျောင်းသားများ ဖြစ်ကြပြီး မိသားစုနှင့် ဆက်သွယ်ခွင့် ရရှိသင့်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ပါဝင်ခြင်း ရှိသူများမဟုတ်ဟု ၎င်းတို့၏ မိတ်ဆွေများကပြောကြသည်။