ငတ်ပြီး သေရမှာကို ပိုကြောက်တယ်

0
676

(အာဏာသိမ်းအပူပေါ် ကိုဗစ်က ထပ်ဆင့်လိုက်သော အခါ- လူထုအသံ)

ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းကြောင့် ယိုင်နဲ့နေသည့် မြန်မာနိုင်ငံ၏ စီးပွားရေးကို နောက်ထပ်အကြောင်းတရားတစ်ခုက ထပ်မံထိုးနှက်ခဲ့ပြန်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြား စီးပွားရေးလုပ်ငန်းအချို့ ပြန်ထွက်သွားခြင်း၊ ဘဏ်မှ ငွေလိုသလောက် မထုတ်နိုင်ခြင်း ၊ ငွေကြေးဖောင်းပွခြင်း အပါအဝင် အခြားအကြောင်းအရာများကြောင့် စီးပွားရေးကျဆင်းလာနေသည်။

ထိုသို့သော အခြေအနေတွင် တစ်ကျော့ပြန် ကိုဗစ်ကူးစက်မှုကလည်း အဆမတန်များပြားလာပြီး စီးပွားရေးကျဆင်းမှုအပေါ် အဆင်းဘီးတပ်ပေးသကဲ့သို့ ဖြစ်စေခဲ့သည်။

လက်ရှိတွင် ပြည်သူများအနေဖြင့် စီးပွားရေး အဆင်မပြေမှုနှင့် ရောဂါကပ်ဘေးကြား ဗျာများနေရကြောင်း ငြီးတွားကြသည်။

ထိုကြောင့် ပြည်သူအချို့၏ ခံစားချက်ကို ပဲ့တင်နိုင်ရန် တနင်္သာရီတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်၊ ပရဟိတသမားနှင့် အခြေခံလူတန်းစားအချို့ကို မေးမြန်းထားပါသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုင်ငံရေးအခြေအနေအရ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဈေးကွက်ပျောက်တာပေါ့နော်။ အရင်တုန်းက ဂေဟ က ရောင်းသူဝယ်သူက သူ့ဟာသူ မှန်နေတာ။ အခုက နိုင်ငံရေးရဲ့ ရိုက်ခတ်မှုကြောင့် ဝယ်သူဘက်ကလည်းစိုးရိမ်စိတ်ရှိတဲ့အခါမှာ လက်ရှိမြန်မာပြည်ထုတ်ကုန်တွေကို ဝယ်တဲ့အဖွဲ့တွေ ဈေးကွက်ထဲက ပျောက်သွားတယ်ခင်ဗျား၊ တချို့က မဝယ်တော့ဘူး။ ဝယ်ဖို့ ကျန်ခဲ့တဲ့သူတွေကျတော့ ပြည်တွင်းလုပ်ငန်းရှင်တစ်ချို့ရှိမယ်။ နောက်တစ်ခါ အဓိကကတော့ တရုတ်ပေါ့။

ဆိုလိုတဲ့သဘောကတော့ ဈေးကွက်ထဲမှာ အပြိုင်အဆိုင်အားနည်းသွားပြီးတော့ လူနည်းစုတစ်စုပဲ ကျန်ခဲ့တဲ့အတွက်ကြောင့် သူတို့အတွက် ဘာဖြစ်လာနိုင်လဲဆိုတော့ မိုနိုပိုလီပေါ့။ စီးပွားရေးအရ သူတို့ဝယ်မှဖြစ်တယ်ဆိုတဲ့ စီးပွားရေးအရ လက်ဝါးကြီး အုပ်တာဖြစ်လာနိုင်တယ်။

ကျွန်တော်တို့က ရွေးချယ်စရာမရှိဘူးဖြစ်တယ်။အရင်တုန်းက မောင်ဖြူကိုရောင်းမယ် မကြိုက်လို့ရှိရင် မောင်မဲကို ရောင်းမယ်။ အရင်တုန်းက အတိုင်းအတာတစ်ခုအထိ ရွေးချယ်ပိုင်ခွင့်ရှိတယ် ဝယ်သူတွေကိုလေ ။ အခုဆိုရင် ဝယ်သူက ပြိုင်ဆိုင်မှုမရှိတော့ဘဲနဲ့ လူနည်းစုပဲ ကျန်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ထုတ်ကုန်တွေကို ရွေးချယ်စရာ နည်းသွားတယ်။

လက်ရှိရော အနာဂတ်မှာရောက လုပ်ငန်းအကုန်လုံးကတော်တော့ကို ဂယက်ရိုက်သွားတာပေါ့နော်။ လက်ရှိလုပ်ငန်းတွေဆိုရင် သရေပေါ့။ လုပ်ငန်းကို ဘယ်လိုနောက်ဆုတ်မလဲ။ ဘယ်လိုမျိုး ခံနိုင်ရည်ရှိအောင်သွားမလဲ။ ကုန်ကျစရိတ်တွေကို အလျော့ဆုံးဘယ်လိုသွားမလဲ။ ဝန်ထမ်းတွေ အနည်းဆုံးနဲ့ဘယ်လိုသွားမလဲဆိုတဲ့ ပုံစံမျိုးဖြစ်သွားတယ်။

ဒီဟာက ရေရှည်ဖြစ်မယ်ဆိုရင် စီးပွားရေးကျဆင်းမှုလို့ သုံးသပ်တာပေါ့။ ဒါက စီးပွားရေးနဲ့ နိုင်ငံရေးဆက်စပ်မှုရဲ့ အဓိကကျတဲ့ ကွင်းဆက်လို့ မြင်တယ်။ ဒါက လက်ရှိဖြစ်နေတဲ့အခြေအနေပါ။

ကိုဗစ်ကတော့ တစ်ကမ္ဘာလုံးဖြစ်တာဗျ။ ကိုဗစ်ကြောင့်ဖြစ်လာတဲ့ သက်ရောက်မှုတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြီးအသေး လောက်ပဲကွာတယ်။ အားလုံးခံစားရတဲ့ဟာဖြစ်တယ်။ ကိုဗစ်ကြောင့် ရိုက်ခတ်မှုက အတိုင်းအတာတစ်ခုအထိ ယိုင်နဲ့တယ်။ ဒါပေမယ့် ဟန်ချက်က တစ်ကမ္ဘာလုံးဖြစ်တဲ့အတွက်ကြောင့် သူလည်းဖြစ်တယ် ကိုယ်လည်းဖြစ်တယ်။

လုပ်ငန်းကိုဧရိယာ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတဲ့လူက ကျဉ်းသွားတယ်။ ကွာရန်တင်းတို့ Home Stay တို့ ဆိုတဲ့ကိစ္စတွေကြောင့် ကျဉ်းသွားတာမှန်ပေမယ့် ဈေးကွက်ပျောက်မသွားဘူး။ ဈေးကွက်က ကိုဗစ်နဲ့ မဆိုင်ဘူးဖြစ်တယ်။ နိုင်ငံရေးကျတော့ ဈေးကွက် ကြီးနဲ့လာဆိုင်တယ်။

ကိုဗစ်ကြောင့် ဈေးကွက်မပျောက်ဘူး။ နိုင်ငံရေးကြောင့် ဈေးကွက်ပျောက်သွားတယ်ခင်ဗျား။
ဈေးကွက်ပျောက်သွားရင် ကျွန်တော်တို့မှာ ရွေးချယ်စရာအများကြီးမရှိဘူးဗျ။ နဂိုကတည်းက (အကန့်အသတ်ရှိတဲ့) Limited ဈေးကွက်တစ်ခုထဲမှာ သွားနေရတာ။

ကျွန်တော်တို့ အတွေ့အကြုံအရ ရိုးရိုးသားသားပြောရင် မလုပ်တတ်တော့ဘူးဖြစ်နေပြီ။ မလုပ်တတ်ရင် လုပ်ရမယ့်အလုပ်က သေချာတယ်။ လုပ်ငန်းရှင်တိုင်းက လုပ်ငန်းကို လျော့ချရမယ်၊ နောက်ဆုတ်ရမယ်။ ပြီးရင် ရပ်ဖို့အတွက်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ အသက် ၆၀ နှစ်၊ထားဝယ်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(လက်ရှိနိုင်ငံရေးနဲ့ ကိုဗစ်ကပ်ဘေးအပေါ်) စိုးရိမ်စိတ်ကရှိတာပေါ့။ နိုင်ငံရေးအပြောင်းအလဲကြောင့် အဖက်ဖက်က အခက်အခဲ ဒုက္ခတွေ ဖြစ်နေတဲ့အချိန်မှာ ကိုဗစ်တတိယလှိုင်းထဖြစ်တော့ အလုပ်အကိုင်တွေ နည်းလာတယ်။ အလုပ်က ပုံမှန်မရှိတော့ စားဝတ်နေရေးအတွက် အတော်ဒုက္ခရောက်ကြမယ်လေ။ ဒါက ပထမအချက်ပေါ့။
ဒုတိယအချက်က တွေးရသလောက်ပေါ့ မြိတ်မြို့အနေအထားနဲ့ ပြောရမယ်ဆိုရင် တစ်ခုခုကို ကြောက်နေရတယ်၊ ဆန္ဒထ မပြဘဲ ငြိမ်နေတာ ကိုဗစ်အတွက် နည်းနည်းကောင်းမယ်လို့ မျှော်လင့်တယ်၊ ရောဂါပိုးဖြစ်များတာ ငြိမ်နေမလားပေါ့၊ ဆန္ဒထပြမှ ပိုဆိုးလာမလားပေါ့၊ ဒါက ပိုပြီး စိုးရိမ်တယ်။ ဆန္ဒတွေ ထပြမယ် တစ်ခုခုထလုပ်လိုက်မယ်ဆိုရင် ရောဂါပိုးက အော်တိုမစ်တစ် (automatic) များလာလိမ့်မယ်။

ရေထွက်ကုန် ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦး
အသက် ၃၉ နှစ်၊ မြိတ်မြို့၊

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အခုက ကိုဗစ်ကလည်းဖြစ်နေတယ်၊ နိုင်ငံရေးကလည်း မကောင်းဘူးပေါ့။ အဲဒီအချိန်မှာ ကျွန်တော်တို့က စေတနာ့ဝန်ထမ်း လုပ်နေကြတယ်။ အဲဒီတော့ အလုပ်လုပ်ရတာတွေက သိပ်ပြီးတော့ အဆင်မပြေဘူးပေါ့။ ဘယ်လို့လဲဆိုတော့ ကိုယ့်ကို ကိုဗစ်ကူးမှာလည်း စိုးရိမ်နေသလို အခန့်မသင့်ရင် အဖမ်းခံရမှာလည်း ကြောက်နေရတယ်လေ။

လူတွေကလည်း နိုင်ငံရေးဘက်ကိုပဲ ပိုပြီးအာရုံများနေကြတော့ ကိုဗစ်နဲ့ပတ်သတ်ပြီး တိုက်တွန်းပေးတယ် နှိုးဆော်ပေးတယ်။ ဒါပေမယ့်လူတွေက အာရုံမထားကြဘူး။ လူတွေက နိုင်ငံရေးကိုပဲ ဦးစားပေးနေကြတယ်ပေါ့။

တစ်ဖက်ကိုလည်း စိုးရိမ်တယ်။ တစ်ဖက်ကိုလည်း ကူညီချင်တဲ့စိတ်နဲ့ ကြောက်ပြီးပဲလုပ်နေရတာပေါ့။ ကိုယ်တိုင်ကလည်း စေတနာ့ဝန်ထမ်းလုပ်ရတာကိုလည်း ဝါသနာပါလို့လုပ်နေတာ။ အခက်အခဲတွေကြားထဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ လုပ်နေရတယ်။

အခုချိန်မှာ စေတနာ့ဝန်ထမ်းလုပ်နေတာက ပြောရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းရောက အပြည့်အဝလုံခြုံတယ်လို့ မခံစားရဘူးလေ။ ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် ဖေးမပြီးတော့ သွားမှပဲအဆင်ပြေမှာ။
အခက်အခဲတွေကတော့ အများကြီးပါပဲ။ ပတ်ဝန်းကျင်က ကိုယ်တွေစေတနာ့ဝန်ထမ်းတွေကို ကဲ့ရဲ့တာတွေလည်းရှိတယ်။ အချိန်ပိုလို့ လုပ်နေတာလား။

တစ်ခါတလေကျတော့လည်း ဟန်ပြလုပ်နေတာလား ဆိုတဲ့ပုံစံနဲ့ ပြောတာတွေခံရတယ်။ ဒါပေမယ့် အကောင်းမြင်တဲ့သူတွေလည်း ရှိတာပေါ့။ အဆိုးမြင်တဲ့သူနဲ့ အကောင်းမြင်တဲ့သူကြားမှာ အကောင်းဆုံး ရင်ဆိုင်ဖြတ်သန်းနေရ တာပေါ့။ အေးအေးဆေးဆေးနဲ့ စိတ်ချလက်ချ စေတနာ့ဝန်ထမ်းလုပ်ချင်တယ်။ အရင်တုန်းက အချိန်တွေတုန်းကလိုပေါ့လေ။

ကိုဗစ်ရောဂါကာကွယ်ရေး စေတနာ့ဝန်ထမ်း အမျိုးသားတစ်ဦး၊ အသက် ၂၆ နှစ်၊ ရေဖြူမြို့

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အာဏာမသိမ်းခင်က တစ်နေ့ဆိုင်ကယ်မောင်းတာ တစ်သောင်းကျော်ရနေရာက အခုဆိုရင် အဲလောက်မရတော့ဘူး။ သုံးပုံမှာ နှစ်ပုံလောက်ကျသွားတယ်။ ရွာက တက်လာတဲ့လူတွေကို အဓိကအားကိုးပြီးမောင်းနေရတယ်ဆိုတော။ဆီဈေးကလည်း အရင်ထက်ပိုများလာတယ်။ ဒီကြားထဲ ဟိုနားစစ်ဆေးလိုက် ဒီနားစစ်ဆေးလိုက်ဆိုတော့ ကွေ့ပတ်ပြီးမောင်းနေရတာကလည်း တော်တော် ဒုက္ခရောက် တယ်။ ခရီးသည်တွေက ပိုမပေးဘူး။ သူတို့ပေးနေကျ နှုန်းထားအတိုင်းပဲပေးကြတယ်။အားလုံးက ဒီအချိန်ကြပ်တည်းနေကြတယ်ဆိုတော့ ကိုယ်လည်း နားလည်ပေးပါတယ်။

လုံခြုံရေးတပ်တွေကိုတော့ သိပ်မစိုးရိမ်ဘူး ကိုယ်ကဘာလည်း လုပ်မထားဘူးဆိုတော့ မစိုးရိမ်ဘူး။ အနယ်နယ်အရပ်ရပ်က ခရီးသည်ပေါင်းစုံကို တင်ပြီး လိုရာလိုက်ပို့နေတယ်ဆိုတော့။ အဓိကစိုးရိမ်ရတာက ကိုဗစ်ပဲ။ အခုတလော တွေ့နှုန်းကလည်းများ သေနှုန်းကလည်းများဆိုတော့။ အတတ်နိုင်ဆုံး ကိုယ့်အတွက်ကို လုံခြုံအောင်တော့ လုပ်ထားရတာပေါ့။ စီးပွါးရေး တိုင်းရေးပြည်ရေး ဘယ်ဖက်ပဲကြည့်ကြည့် အဘက်ဘက်က စိုးရိမ်စရာဖြစ်လာသလို အဓိကအစိုးရိမ်ရဆုံးက ကိုဗစ်ဖြစ်နေတယ်။

တက္ကစီဆိုင်ကယ်မောင်းသူ၊ အသက် ၆၀နှစ်၊ မြိတ်မြို့

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကိုဗစ်ပိုးကူးပြီးသေမှာထက် လက်ရှိ ကလေးငါးယောက်နဲ့ ငတ်ပြီး သေရမှာကို ပိုကြောက်တယ်။ ဈေးမှာဟင်းရွက်သစ်သီးလေး ဝယ်ပြီး အိမ်လမ်းမှာ ပြန်ရောင်းဖို့အတွက် နေ့တိုင်းဈေးထွက်ရတယ်။ ပိုးကူးလာမှာ ကြောက်တော့ကြောက်တာပေါ့။ ဒါပေမဲ့ ဒါလုပ်မှ ထမင်းစားရတယ်ဆိုတော့ ပြောရရင် ငတ်ပြီးသေရမှာကိုကြောက်တယ်။

ဒီကာလကြီးထဲမှာ ကျွန်မကတော့ တိုင်းပြည်ကြီး ဘယ်အချိန်ဘာဖြစ်လာမလည်း ဘာတွေဆက်ဖြစ်လာမလည်း စဉ်းစားလို့လည်း မရဲဘူး။ ငါတို့မိသားစု ဘယ်တော့ငတ်ပြီး သေမလဲဆိုတာကို။

ဈေးသည်အမျိုးသမီးတစ်ဦး၊ အသက် ၃၅ နှစ်၊ မြိတ်မြို့

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကိုဗစ်ရောဂါကို ကြောက်တော့ ကြောက်နေတာပေါ့နော်၊ ကြောက်ကြောက်နဲ့ပဲ လာနေရတယ်။ ဟင်းသီးဟင်းရွက်က အခုမှ ကိုယ်တိုင်ထွက်ရောင်းတာ၊ အရင်ကတည်းက ခြံစိုက်စားတယ်၊ ကိုဗစ်ဖြစ်ကတည်းက နားနေတာ ကြာပြီ။ ကိုယ်တိုင် ထွက်ရောင်းတာ နှစ်ရက် သုံးရက်ပဲ ရှိသေးတယ်။

အခုက ကျန်းမာရေးကောင်းနေဖို့ပဲလိုတယ်၊ ကျန်းမာရေး ထိခိုက်မှာပဲကြောက်တယ်။ မိသားစုအတွက်ရော အားလုံးအတွက် စိတ်ပူနေရတာပဲ။ ကိုယ့်မှာလည်း စားဖို့သောက်ဖို့လည်း လိုတယ်ဆိုတော့ အဲလိုပဲ မိသားစုစားဝတ်နေရေးအတွက် လုပ်နေရတာပဲလေ။

ဈေးရောင်းနေတာကတော့ ၂ နှစ် ၃ နှစ်လောက်ရှိပြီ။ သူများဆီက ဝယ်ရောင်းတာလည်း ရှိတယ်၊ ကိုယ့်ခြံထဲက ထွက်တာလည်း ရှိတယ်။ အရင်ကတော့ တစ်ရက် တစ်သိန်းကျော်လောက် (ရောင်း) ရတယ်။ အခုက နှစ်သောင်း သုံးသောင်းလောက်ပဲ ရတယ်။ ကိုဗစ်ရောဂါကလည်း ဆိုးနေတာဆိုတော့ ကျန်းမာရေးအတွက်ပဲ စိုးရိမ်နေရတယ်။

တောင်သူ အမျိုးသမီးတစ်ဦး၊ ၃၆ နှစ်၊ လောင်းလုံး

——- ။—————– ။———————။ ———–