ရေဖြူမြို့နယ်က ငွေစု ငွေချေး လေလံ ပြဿနာ

0
313

အတိုးရလိုဇောနဲ့ စုဆောင်းထားတဲ့ ချွေးနဲစာ ငွေကြေးတွေ ဆုံးရှုံးရတော့မယ်ဆိုတဲ့ စိတ်နဲ့ ကျောင်းဆရာမ ‌ဒေါ်စန္ဒာ(အမည်လွှဲ) တစ်ယောက် အိမ်မပျော် စားမဝင်ဖြစ်နေတာ တစ်ပတ်ကျော်လောက် ရှိနေပါပြီ။

ဇူလိုင်လကုန်ဆိုရင် သူစုဆောင်းထားတဲ့ ငွေကျပ် ၅၅ သိန်းကို ထုတ်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ်းနားရောက်မှ လှေမှောက်ဆိုသလို သူမ ရမယ့်အလှည့်ကျမှ ပြဿနာက ရုတ်တရက် ထဖြစ်ပါတော့တယ်။

ပြဿနာရဲ့အစက ငွေစုဒိုင်ကိုင်တဲ့ ကျောင်းဆရာမဖြစ်သူ ဒေါ်အောင်မြိုင်ဟာ ဇူလိုင်လ ပထမအပတ်မှာ ရုတ်တရက် ဆုံးပါးသွားရာကနေ စပါတယ်။

အဲဒီအပြင်မှာ ဒေါ်အောင်မြိုင်နဲ့အတူတူ ငွေစုတာဝန်ယူထားတဲ့ နောက်ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်မြကြေးမှုံဟာလည်း ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်မြိုင်နဲ့ ဒေါ်မြကြေးမှုံဟာ ထားဝယ်ခရိုင် ရေဖြူမြို့နယ် တလိုင်းယာရွာ အခြေခံပညာကျောင်းက ကျောင်းဆရာမတွေဖြစ်ပါတယ်။

ဒေါ်မြကြေးမှုံက အဲဒီကျောင်းရဲ့ ကျောင်းအုပ်ဆရာမတစ်ယောက်လို့ ဆိုပါတယ်။
သူတို့နှစ်ယောက်ဟာ ရေဖြူမြို့အနီး ဆင်းသေရွာက ဒေါ်အောင်မြိုင်အိမ်မှာ အတူတူနေကြပါတယ်။

အဲဒီအိမ်ကနေပြီးပဲ ငွေစု၊ ငွေချေးလေလံကို ဒိုင်ကိုင်ကြပါတယ်။ အဓိကကတော့ ဒေါ်အောင်မြိုင်က ဦးဆောင်ပါတယ်။ ဒေါ်မြကြေးမှုံရဲ့ ဇာတိကတော့ မိတ္ထိလာဘက်ကလို့ ဆိုကြပါတယ်။

အဲဒီငွေစု၊ ငွေချေးလေလံဟာ အခုမှစလုပ်တဲ့အရာတော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက် ကတည်းက လုပ်လာကြတာလို့ ဆိုကြပါတယ်။

အဲဒီငွေစု၊ ငွေချေး လေလံဟာ နှစ်ပေါက်နေပြီဖြစ်တဲ့အတွက် ငွေစုဝင်ထားသူလည်း အတော်များသလို ငွေကြေးလည်ပတ်မှု ကလည်း သိန်းပေါင်းသောင်းနဲ့ချီရှိတယ်လို့ ငွေစုထည့်ဝင်ထားသူ အချို့က ဆိုပါတယ်။

“ရေဖြူ တစ်မြို့နယ်လုံးက ဝန်ထမ်း သုံးချိုးမှာ နှစ်ချိုးလောက်ကို ရှိတယ်။ အများစုကတော့ ကျောင်းဆရာမတွေပါတယ်။ ဝန်ထမ်းမဟုတ်တဲ့ အပြင်လူတွေက အများကြီးကျန်သေးတယ်။ တစ်ချို့ဆရာမတွေဆို သိန်းသုံးလေးရာ ဆုံးတဲ့သူတွေလည်း ရှိတယ်” လို့ ဒေါ်စန္ဒာ ကဆိုပါတယ်။

ရေဖြူမြို့ပေါ်က လူတွေအပါအဝင် အနီးအနားရွာတွေဖြစ်တဲ့ ဆင်းသေ၊ ကလုံးထာ၊ ညင်းထွေး စတဲ့ရွာတွေအပြင် ရေဖြူမြို့နဲ့ အလှမ်းဝေးတဲ့ ဒူးတောင်၊ ရငဲ၊ ကျောက်ကညာ၊ မောင်မယ်ရှောင် စတဲ့ရွာက လူတွေလည်း အဲဒီငွေစုထဲမှာ ထည့်ဝင်ထားကြတယ်လို့ ဆိုပါတယ်။

အဲဒီငွေစုမှု ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမား မိသားစုဝင်တွေ၊ အစိုးရဝန်ထမ်း၊ သာမန်လက်လုပ်လက်စား စသဖြင့် အလွှာပေါင်းစုံက လူတွေပါဝင်ကြတယ်လို့ဆိုပါတယ်။

“ငွေစုထဲမှာ ပါတဲ့သူတွေကလဲ မနည်းမနောပဲ အံဩစရာ။ အခုပြဿနာဖြစ်မှ လူဒီလောက်များတာသိလာကြတာ။ အစက လူဒီလောက်များမယ်လို့ မထင်မိဘူး” လို့ ငွေဆယ်သိန်းကျပ် ထည့်ဝင်ထားတဲ့ ကျောင်းဆရာတစ်ဦးက ဆိုပါတယ်။

သူတို့စုတဲ့ ငွေစု ငွေချေးကပုံစံက ရှင်းပြရခက်ပါတယ်။
ဥပမာအနေနဲ့ အတိုချုပ်ရှင်းပြရမယ်ဆိုရင်တော့ လူနှစ်ဆယ်လောက်ပါတဲ့ ငွေစုငယ်တစ်ခုဖွဲ့၊ ငွေစုအနေနဲ့ တစ်ယောက်ကို တစ်လ တစ်သိန်းကျပ် အဖွဲ့ဝင်တိုင်းက ထည့်ဝင်ကြ။ အဲဒီထည့်ဝင်ထားတဲ့သူတွေအနေနဲ့ အတိုးရပါတယ်။ နောက်ကျမှထုတ်လေ အတိုးရများလေ။
အဲဒီငွေကို ဒိုင်လုပ်တဲ့သူက စာရင်းဇယားနဲ့တကွ ထိန်းသိမ်းပေးထားရပါတယ်။ ငွေကြေးကိုင်တွယ်ထိန်းသိမ်းပေးခ သဘောအနေနဲ့ ဒိုင်လုပ်တဲ့သူက ရာခိုင်နှုန်းနဲ့ရတယ်လို့ဆိုပါတယ်။

လူတစ်ယောက်ဟာ ဒီအဖွဲ့မှာလည်း ငွေစုပါလို့ရသလို အခြားအဖွဲ့မှာလည်း ထပ်ပါလို့ရပါတယ်။ အကန့်သတ်မရှိဘူးလို့ဆိုပါတယ်။

ဒိုင်ဖြစ်တဲ့သူက ငွေစုစာအုပ်လေးတွေ တစ်စုကို တစ်အုပ်နှုန်းနဲ့ ထုတ်ပေးထားတယ်။ လကုန်ရင် ဒိုင်ဖြစ်တဲ့သူက ငွေစုထားသူတွေဆီမှာ ပိုက်ဆံလိုက်သိမ်းပေးတယ်။ ငွေစုထည့်ဝင်တဲ့သူများလေ ဒိုင်က ရာခိုင်နှုန်းများများရလေပါ။ ဒါက အတိုချုပ်ရှင်းပြတာပါ။

ဆုံးပါးသွားတဲ့ ကျောင်းဆရာမဒေါ်အောင်မြိုင်ဟာ လူပေါင်းရာနဲ့ချီ စုထားတဲ့ သိန်းပေါင်းများစွာသော ငွေတွေကို တစ်ယောက်တည်းက ဒိုင်ကိုင်ထားတယ်လို့ ပြောဆိုကြပါတယ်။ ဒေါ်မြကြေးမှုံကတော့ အဲဒီငွေစုမှာ ဒုတိယအရေးပါတဲ့သူလို့ ဆိုကြပါတယ်။

ဒိုင်ဖြစ်တဲ့ ဒေါ်အောင်မြိုင်ဆုံးပါးလို့ ရက်လည်ဆွမ်းကျွေးပြီးတဲ့နောက်တစ်နေ့မှာ ဒေါ်မြကြေးမှုံ ပျောက်သွားပြီးတော့ သူ့ဖုန်းကိုလည်း ဆက်သွယ်လို့မရတော့ဘူးလို့ ငွေစုထည့်ဝင်ထားသူတွေက ဆိုကြပါတယ်။

ဒေါ်မြကြေးမှုံဟာ ကျပ်သိန်းထောင်နဲ့ချီတဲ့ ငွေတွေယူပြီး ထွက်ပြေးသွားပြီလို့ ငွေစုထည့်ဝင်ထားသူတွေက ယူဆနေကြပါတယ်။

သုံးနှစ်လောက်ကတည်းက ငွေစုထည့်ဝင်ထားတဲ့ ကျောင်းဆရာမတစ်ဦးကတော့ ဒိုင်ဖြစ်တဲ့ ဒေါ်အောင်မြိုင်ဟာ ငွေကြေး ကြွယ်ဝသူတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်ကားနဲ့ သွားလာနေထိုင်သူ တစ်ဦးလို့ ဆိုပါတယ်။

စုငွေတွေကိုလည်း စာရင်းဇယားနဲ့ သေချာလုပ်လေ့ရှိပြီးတော့ ငွေကြေးကိုလည်း မီးခံသေတ္တာနဲ့ သေချာထိန်သိမ်းတဲ့သူလို့ ဆိုပါတယ်။

“ဒီငွေစုလုပ်နေတာ လေးငါးခြောက်နှစ်လောက်တောင်ရှိနေပြီ။ ဒီလိုမျိုးပြဿနာတစ်ခါမှ မဖြစ်ဖူးဘူး” လို့ သူကဆိုပါတယ်။

စုငွေတွေကို ဒေါ်အောင်မြိုင်နဲ့ မောင်နှမတော်စပ်တဲ့ ဆင်းသေရွာက ကျောင်းထိုင်ဆရာတော်တစ်ပါးဆီမှာ အပ်နှံထားတယ်လို့ ငွေစု ထည့်ထားသူတွေက ယုံကြည်နေကြပါတယ်။ ဆရာတော်ကလည်း အဲဒီငွေကြေးကိစ္စကို ဇူလိုင်လ ၂၀ ရက်မှာ ရှင်းပေးမယ်ဆိုပြီး ပြောဆိုထားတယ်လို့ ငွေစုထည့်ဝင်ထားသူတွေက ပြောဆိုကြပါတယ်။

ဒါပေမယ့် ငွေစုထည့်ဝင်ထားသူ အများစုကတော့ ဆရာမ ဒေါ်စန္ဒာလိုပဲ စိုးရိမ်စိတ်တွေနဲ့ပါ။ ဒေါ်အောင်မြိုင်ကွယ်လွန်တဲ့ နေ့ကဆိုရင် ဆရာမဒေါ်စန္ဒအပါအဝင် ရာနဲ့ချီတဲ့ ငွေစုထည့်ဝင်သူတွေဟာ သူတို့ငွေတွေအတွက် စိုးရိမ်ပြီး အသုဘအိမ်ကို ရောက်လာကြတယ်လို့ ဆိုပါတယ်။

စိုးရိမ်တဲ့အကြောင်းအရင်းကတော့ ဆရာတော်ဆီမှာ အပ်ထားတယ်ဆိုတဲ့ငွေနဲ့ ပေးထုတ်ရမယ့်ငွေ လောက်ငှမှုမရှိရင် အတိုးလဲမရ၊ အရင်းလည်ပြန်မရဘဲ ချွေးနဲစာလေးတွေ ‘ဖွတ်မရ ဓားမဆုံး’ ဖြစ်မှာကို စိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။

“ဇူလိုင် ရက် ၂၀ ဆို သူ့ငွေစုစာအုပ် သူကိုင်၊ ကိုယ့်စာအုပ် ကိုယ်ကိုင်ပြီး သွားကြမယ့်သူတွေချည်းပဲ အားလုံးက။ လောက်ရင်တော့ ပြောစရာမရှိပေမယ့် မလောက်ရင် အခြေအနေပိုဆိုးသွားမှာ စိုးရတယ်” လို့ ကျောင်းဆရာမတစ်ဦးက ဆိုပါတယ်။