ထားဝယ်တွင် ငါးခြောက်တစ်ပိဿာ ကျပ်သုံးထောင်ခန့် ဈေးတက်

0
413

ထားဝယ်ဈေးကွက်အတွင်း ငါးခြောက်တစ်ပိဿာလျှင် ကျပ်သုံးထောင်ခန့် ဈေးတက်သွားကြောင်း ငါးခြောက်ရောင်းသူ အချို့ထံမှ သိရသည်။

ဒေသတွင်း စားသုံးမှုများပြားသည့် ငါးရောင် (ဒလုံးခြောက်) ၊ ငါးလက်ဝါး (ငါးစာဗျန့်ခြောက်) စသည့် ငါးခြောက်တစ်ပိဿာလျှင် ယခင်က ကျပ်တစ်သောင်းဝန်းကျင် ပေါက်ဈေးရှိရာမှ ဇူလိုင်လဆန်းတွင် တစ်သောင်းသုံးထောင်ကျပ်အထိ ပေးဝယ်ရကြောင်း ကမြောကြီးကျေးရွာနေ ငါးခြောက် ရောင်းဝယ်သူ ဒေါ်နှင်းရီက ပြောသည်။

“အခုက လှေတွေနားထားတော့ ငါးစိုကဈေးကောင်း‌နေတယ် ငါးခြောက် သိပ်မလုပ်တော့ဘူး”ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

သာမန်အားဖြင့် ပွင့်လင်းရာသီ အလှူအတန်းများပြားချိန်မှသာ ငါးခြောက်ဈေးတက်လေ့ရှိကြောင်း ထားဝယ် စည်ပင်သာယာဈေးတွင် ငါးခြောက်ရောင်းနေသည့် ဒေါ်အေးနွဲ့က ပြောသည်။

“သီတင်းကျွတ် တန်ဆောင်မုန်းပေါ့ ကထိန်ရာသီတွေမှပဲ ဈေး‌တက်လေ့ရှိတယ်”ဟု ၎င်းက ဆိုသည်။
ငါးခြောက်ပြုလုပ်ရာတွင် မီးလှန်းခြောက်နှင့် နေလှန်ခြောက်ဟူ၍ နှစ်မျိုးရှိပြီး နေလှန်းငါးခြောက်က ဈေးပိုများကြောင်း ဒေါ်အေးနွဲ့က ရှင်းပြသည်။

ငါးကွန်းရှပ်ခြောက်၊ ငါးအူမျှင်း (ဒေသအခေါ် အူကြီးခြောက်) တစ်ပိဿာလျှင် ကျပ်နှစ်သောင်းဝန်းကျင်ရှိပြီး ဈေးတက်ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

ငါးခြောက်အား ထားဝယ်မြို့ပေါ်တွင် ကမ်းနားဈေးနှင့် စည်ပင်သာယာဈေးကြီးတို့၌ အဓိကရောင်းချနေသည်။